ဘူးသီးတောင်မြို့၌ သက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုးအင်ဂျင်စက်ပြင် သင်တန်းဆင်း
ဘူးသီးတောင်မြို့၌ သက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုးအင်ဂျင်စက်ပြင် သင်တန်းဆင်း
Ministry of Information/ rakhine / December 24, 2018
ဘူးသီးတောင် ဒီဇင်ဘာ ၂၃
ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်း အထောက် အကူပြုတစ်လုံးထိုး အင်ဂျင်စက်ပြင် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ဦးစီးမှူး ဦးအောင်ခိုင်ဇော်က သင်တန်းဆင်း အဖွင့်အမှာ စကားပြောကြားရာတွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ပြီး မိမိဘဝကို မိမိရပ်တည် လာနိုင်မည်ဖြစ်ကြောင်းနှင့် မိသားစု တစ်ပိုင်တစ်နိုင် ဝင်ငွေများ ရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသား မောင်နိုင်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး သင်တန်းနည်းပြဆရာများ အား မြို့နယ်ဦးစီးမှူးက လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် မြို့နယ်ဦးစီးမှူးနှင့် ဦးစီးအရာရှိ ဦးဝင်းမင်းဦးတို့က သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များနှင့် အထောက်အကူပြု ပစ္စည်းများ ပေးအပ်ရာ သင်တန်းသား တစ်ဦးက လက်ခံသည်။
အဆိုပါ သင်တန်းအား ဘူးသီးတောင်မြို့နယ် အတွင်းရှိ ကျေးရွာများမှ သင်တန်းသား ၂၅ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် နှစ်ပတ်ကြာမြင့်ခဲ့ကြောင်း၊ သင်တန်းနည်းပြဆရာသုံးဦးက စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
မိမိတို့ဒေသတွင် ယခုလို အသက်မွေးဝမ်းကျောင်း အထောက်အကူပြုတစ်လုံးထိုးအင်ဂျင် စက်ပြင် သင်တန်းဖွင့်လှစ်ပေးခဲ့သည့်အတွက် ဝမ်းသာပါကြောင်း၊ ကြိုးစားလေ့လာ သင်ယူကြ၍ ရရှိလာသည့် နည်းပညာများကို နည်းစနစ်မှန်ကန်စွာ ဖြင့် လက်တွေ့ အသုံးချသွားမည်ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာမှ ကိုမောင်ဦးကျော်က ပြောသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)