လှည်းကူးမြို့နယ်စိုင်ဒီကုန်း(ကျောင်းစု) အခြေခံပညာမူလတန်း ကျောင်းဆောင် သစ်ဖွင့်ပွဲ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်
လှည်းကူးမြို့နယ်စိုင်ဒီကုန်း(ကျောင်းစု) အခြေခံပညာမူလတန်း ကျောင်းဆောင် သစ်ဖွင့်ပွဲ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်
Ministry of Information/ လှည်းကူး / December 26, 2018
လှည်းကူး ဒီဇင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် စိုင်ဒီကုန်းကျေးရွာအုပ်စု ကျောင်းစုကျေးရွာ အမှတ်(၂)လမ်းရှိ စိုင်ဒီကုန်း (ကျောင်းစု) အခြေခံပညာ မူလတန်းကျောင်းတွင် ဂျပန်နိုင်ငံ လွှတ်တော် ကိုယ်စားလှယ်များက လှူဒါန်း သည့် ကျောင်း ဆောင်သစ် လွှဲပြောင်းပေးအပ် ပွဲကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်းရှေ့၌ ကျင်းပခဲ့ သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ichiro Maruyama၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းတန်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြတ်မာလာထွန်း၊ တာဝန်ခံ Mr. Endo Toshiaki၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ တို့က ကျောင်းဆောင် သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြ သည်။
ထို့နောက် တာဝန်ခံ Mr. Endo Toshiaki က နှုတ်ခွန်းဆက်စကား ပြောရာတွင် မိမိတို့ အဖွဲ့သည် ဂျပန်နိုင်ငံရှိ လွှတ်တော် ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ယခုကျောင်းဆောင်အား ဂျပန်နိုင်ငံ အစိုးရ၏ ထောက်ပံ့မှုဖြင့် ဆောက်လုပ်ခြင်း မဟုတ်ဘဲ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ၏ လစဉ်စုဆောင်းထားရှိ ငွေဖြင့် ဆောက်လုပ် လှူဒါန်းခြင်း ဖြစ်ကြောင်း၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ဖိလစ်ပိုင်နိုင်ငံ အပါအဝင် အာရှ နိုင်ငံများ တွင် ကျောင်းဆောင် စုစုပေါင်း ၁၂ ကျောင်းကို ထောက်ပံ့ဆောက်လုပ် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း၊ ယခု ဆောက်လုပ် လှူဒါန်းသော စိုင်ဒီကုန်း (ကျောင်းစု) အခြေခံပညာ မူလတန်း ကျောင်းဆောင်အား ရေရှည်တည်တံ့ စေရန် ဒေသခံပြည်သူများမှ ဝိုင်းဝန်း ကူညီ စောင့်ရှောက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မိမိ၏ မဲဆန္ဒနယ်မြေတွင် ယခုကဲ့သို့ ဂျပန်နိုင်ငံ မှ လွှတ်တော် ကိုယ်စားလှယ်များ လှူဒါန်းမှုဖြင့် ကျောင်းဆောက်လုပ် နိုင်ခဲ့ခြင်း အတွက် လွန်စွာဝမ်းမြောက် မိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းဆောင်သစ် နှင့် ပတ်သက်သော စာရွက်စာတမ်း များအား တာဝန်ခံ Mr. Endo Toshiaki နှင့်အဖွဲ့မှ လွှဲပြောင်းပေး အပ်ခဲ့ရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက လက်ခံ ရယူကာ ကျေးဇူး တင်စကား ပြောကြား ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်သင်းသင်းနွယ်က Mr. Endo Toshiaki နှင့် အဖွဲ့အား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ် ခဲ့သည်။
အဆိုပါ ကျောင်းဆောင်သစ်တွင် အလျား ပေ ၁ဝဝ၊ အနံ ပေ ၃ဝ ရှိ (L)ပုံသဏ္ဌာန်၊ တစ်ထပ်ကျောင်းဆောင်နှင့် လေးခန်း တွဲ အိမ်သာ တစ်လုံးတို့ ပါဝင်ပြီး ၂ဝ၁၇ ခုနှစ် အောက်တိုဘာလမှစ၍ စုစုပေါင်း ငွေကျပ် ၅၂၅ သိန်း အကုန် အကျခံ၍ ဆောက်လုပ်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း၊ စာသင်ကျောင်းတွင် ဆရာ ဆရာမ ငါးဦး၊ ကျောင်း သား ကျောင်းသူ ၇၁ ဦးတို့ တက်ရောက်ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)