ပန်းမြို့တော်ပြင်ဦးလွင်သို့ ခရီးသွားပြည်သူများ လာရောက်လည်ပတ်
ပန်းမြို့တော်ပြင်ဦးလွင်သို့ ခရီးသွားပြည်သူများ လာရောက်လည်ပတ်
Ministry of Information/ Pyin Oo Lwin / January 02, 2019
ပြင်ဦးလွင် ဒီဇင်ဘာ ၃ဝ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး၊ အမျိုးသား ကန်တော်ကြီးဥယျာဉ်၏ (၁၃)ကြိမ်မြောက် ပန်းပွဲတော်၊ ပိတ်ချင်းမြောင်လိုဏ်ဂူတော်၊ ပွဲကောက် ရေတံခွန်၊ တရုတ်ဘုံကျောင်း၊ နှီးဘုရား၊ ဓာတ်တော် ချိုင့်ရေတံခွန်များသို့ ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများနှင့် ဝန်ထမ်းများသည် နိုင်ငံတကာနှစ်သစ်ကူးအကြိုနေ့ အားလပ်ရက် အတွင်း လာရောက်လည်ပတ်လျက် ရှိကြသည်။
ခရီးသွားပြည်သူများသည် ပြင်ဦးလွင်မြို့ရှိ တန်ခိုးကြီး ဘုရားဖြစ်သည့် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီးအား ဦးစွာဖူးမြော်ကာ နှစ်သစ်အတွက် မိမိတို့၏ ကောင်းမွန် သော အလှူဒါနနှင့် အတူ လိုရာဆုတောင်းပြီး သမိုင်းဝင် ပိတ်ချင်းမြောင်လိုဏ်ဂူတော်အတွင်းရှိဘုရားအား ဖူးမြော်ပြီး ရှားပါးဆေးဝါးများ ဝယ်ယူကြသည်။ ထို့ပြင် သဘာဝရေစီးဆင်း လျက်ရှိသော ပွဲကောက်ရေတံခွန်သို့ ရေကစားအပန်းဖြေခြင်း၊ အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)၏ (၁၃)ကြိမ်မြောက် ပန်းပွဲတော်ကို ယခင်နှစ်များနှင့် မတူအောင် ပန်းအလှဆင် နည်းပညာများ၊ ပန်းစိုက်ပျိုးနည်းပညာများ၊ ပန်းမျိုးများ အကြောင်းကို လေ့လာရင်း မိသားစုနှင့်အတူ လက်ဆုံထမင်း စားပြီး တစ်နှစ်တာ၏ ပင်ပန်းနွမ်းနယ်မှုများကို အပန်းဖြေလျက် နှစ်သစ်ကို ကြိုဆိုကြသည်။
ယခုလို နိုင်ငံတကာ နှစ်သစ်ကူးအကြိုနေ့အပါအဝင် ရုံးပိတ် ရက်များတွင် မိသားစုနှင့်အတူ မြန်မာနိုင်ငံ၏ ပန်းမြို့တော်ဖြစ် သည့် ပြင်ဦးလွင်မြို့ရှိ တန်ခိုးကြီးဘုရားနှင့် အပန်းဖြေဥယျာဉ် အတွင်းသို့ လာရောက်လည်ပတ်ရသည့်အတွက် လည်ပတ် သူတို့စိတ်ကို လန်းဆန်းစေခြင်း၊ နှစ်သစ်အတွက် အားမာန် အပြည့်ရှိခြင်း၊ ဒေသထွက်ပစ္စည်းများကို ဝယ်ယူရရှိခြင်း၊ ရှားပါးဆေးဝါးများကို အလွယ်တကူရရှိသဖြင့် အလွန်ပင် ဝမ်းသာ ပီတိဖြစ်ရပါကြောင်း ခရီးသွားပြည်သူတစ်ဦးဖြစ်သည့် ဦးကျော်မင်း က ပြောကြားခဲ့သည်။
ဇော်မျိုးထိုက်(ပြင်ဦးလွင်)
