ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးတရား အလှူတော် ဓမ္မသဘင် ရွှေတိဂုံ စေတီတော်မြတ်ကြီး ခြေတော်ရင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပ


Ministry of Information/ ရန်ကုန် / January 02, 2019
image_latest


ရန်ကုန် ဇန်နဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးတရား အလှူတော် ‘ဓမ္မသဘင် အခမ်းအနားကို ယနေ့ည ၇ နာရီခွဲက ရန်ကုန်မြို့ ပြည်သှူဥယျာဉ်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ဥက္ကဋ္ဌဆရာတော်က “ဘာကိုပေးလှူရမလဲ” အမည်ရှိ တရားတော်အား ဟောကြားရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တရားနာပရိသတ် တစ်သိန်းနှစ်သောင်းခန့်က ရိုသေစွာ နာယူကြည်ညိုကြသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နှစ်သစ်ကူး အလှူတော် ဓမ္မသဘင်အခမ်းအနားကို ၂၀၁၆ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ရာ ယခုအကြိမ်သည် တတိယအကြိမ်မြောက်ဖြစ်ပြီး တရားနာပရိသတ်များ အဆင်ပြေ စေရန်အတွက် ဖိတ်ကြားရေး၊ ကြိုတင်နေရာချထားရေး၊ သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေး၊ ကျန်းမာရေး အစရှိသည့် ဆပ်ကော်မတီ ၁၁ ခုကို ဖွဲ့စည်းထား ကြောင်း သိရသည်။
နှစ်ဦး ဓမ္မသဘင်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက “ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ အစိုးရသစ် တက်လာတဲ့ အချိန်ကစပြီး နှစ်သစ်မှာ တရားပွဲတွေ ကျင်းပဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ နှစ်ဦး အချိန်အခါမှာ နိုင်ငံသူ နိုင်ငံသားတွေအားလုံး ဆရာတော်ကြီးတွေရဲ့ ဆုံးမဩဝါဒနဲ့အညီ တစ်နှစ် တာ ကာလပတ်လုံးနေနိုင်ဖို့အတွက်၊ ကောင်းကျိုးလိုအင်ဆန္ဒ တွေ ပြည့်ဝဖို့အတွက် ရည်ရွယ်ပြီး ကျင်းပတာ ဖြစ်ပါတယ်။ ဒီလိုကျင်းပနိုင်ဖို့အတွက်လည်း ဆပ်ကော်မတီတွေခွဲပြီး လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ရပါတယ်။ ဒီတရားပွဲကြီးက အကြီးမားဆုံး တရားပွဲကြီး ဖြစ်ပါတယ်။ မနှစ်ကဆို တစ်ရက်တည်း တစ်သိန်းခြောက်သောင်းလောက်အထိ လာတာကို တွေ့ရပါတယ်။ ဒီနှစ်လည်း လာရောက် တရား နာယူသူ အခုဆို တစ်သိန်းကျော်နေပါပြီ။ လာရောက်တရားနာယူတဲ့ ပုဂ္ဂိုလ်တွေ အဆင်ပြေစေဖို့ အတွက် အလှူရှင်တွေက စတုဒိသာကိုလည်း သိန်းပေါင်း ၁၅၀၀ လောက် အကုန်အကျခံပြီး လှူဒါန်းကျွေးမွေးပါတယ်”ဟု ပြောသည်။
နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ကို ဇန်နဝါရီ ၃ ရက်အထိ ည ၇ နာရီခွဲမှစ၍ သုံးရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး ဇန်နဝါရီ ၂ ရက် ညတွင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ က လည်းကောင်း၊ ဇန်နဝါရီ ၃ ရက် ညတွင် သီတဂူက္ဘာ့ ဗုဒ္ဓ တက္ကသိုလ် အဓိပတိ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရက လည်းကောင်း တရားတော်များကို ဟောကြားချီးမြှင့်ပေးသွားမည် ဖြစ်သည်။
နှစ်သစ်ကူးတရား အလှူတော် ဓမ္မသဘင်သို့ လာရောက် တရားနာသူများအဆင်ပြေစေရန် စီစဉ်ထားရှိမှုနှင့် ပတ်သက်၍ သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီမှ ဦးမောင်မောင်ကျော်က “သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ခရိုင်အလိုက် အရှေ့ပိုင်း၊ တောင်ပိုင်း၊ အနောက်ပိုင်း၊ မြောက်ပိုင်း ခရိုင်တွေအပြင် တရားနာမယ့် ရဟန်းရှင်လူတွေအတွက် အခမဲ့ Taxi တွေကော၊ ပရဟိတ အဖွဲ့ ဖြစ်တဲ့ MCU က ကိုဇော်ဝင်းအောင်တို့ ကူညီတာရော၊ နောက်သယ်ယူပို့ဆောင်ရေးနဲ့ ချိတ်ဆက်ပြီး YBS တွေကိုလည်း တရားနာပရိသတ်တွေအတွက် အဆင်ပြေအောင် စီစဉ်ပေးရပါတယ်။ YBS က အစီးရေ ၁၂၀ ရှိပြီး ပရဟိတ Taxi တွေနဲ့ကူညီတာက အစီးရေ ၆၀ ရှိပါတယ်။ အပြန်ကို ကူညီမယ့် Taxi အဖွဲ့တွေက အစီးရေ ၄၀၀ ရှိပါတယ်။ မီနီဘတ်စ်အနေနဲ့ အခမဲ့ကူညီတာ အစီးရေ ၂၀ ရှိပါတယ်”ဟု ပြောသည်။
နှစ်သစ်ကူးတရား အလှူတော် ‘ဓမ္မသဘင်သို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများနှင့် ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် အနယ်နယ် အရပ်ရပ်မှ ပြည်သူများလည်း လာရောက် တရားနာယူကြသည်ကို တွေ့ရသည်။
မှော်ဘီမြို့နယ် မြောင်းတကာ၊ နှင်းဆီမြိုင်ရပ်ကွက် တွင် နေထိုင်သူ ဒေါ်မျိုးကြည်က “အခုလို တရားပွဲကျင်းပ ပေးတဲ့အတွက် ကျေးဇူးတင်တယ်။ တရားနာရတဲ့အတွက် လည်း ကြည်နူးမိတယ်။ အရင်နှစ်ကလည်း သုံးရက်လုံး တရားလာနာတယ်။ တရားနာရတဲ့အတွက် အခုရော သံသရာအတွက်ပါ အကျိုးကျေးဇူးရှိပါတယ်။ ကားငှား လာတာပါ။ ကားကိုလည်း အလှူရှင်က လှူတာပါ။ လူ ၂၀ လောက်ပါတယ်”ဟု ပြောသည်။
တရားလာရောက် နာယူသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် မြို့နယ်အလိုက် လာရောက် တရားနာယူကြသူများနှင့်အတူ အကြို၊ အပို့ယာဉ်များပေါ် တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ် ပေးလျက်ရှိသည့်အပြင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် လည်း ပြည်သူများစိတ်အေးချမ်းသာစွာဖြင့် တရားနာယူ နိုင်ရန်အတွက် လုံခြုံရေးကို တာဝန်ယူပေးလျက်ရှိသည်။
“ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က “ပြည်သူ တွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ဖို့ ကျွန်တော်တို့ တိုင်းဒေသကြီးကျန်းမာရေးက ဦးဆောင်ပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်တွေနဲ့ ပုဂ္ဂလိကဆေးရုံတွေကလည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပါတယ်။ ကျွန်တော်တို့ ဦးစီးဌာနအနေနဲ့ ဆရာဝန်၊ သူနာပြုတွေအပြင် လိုအပ်တဲ့ဆေးဝါးတွေနဲ့ တရားနာပြည်သူတွေကို ဆေးဝါး စောင့်ရှောက်မှုပေးနိုင်အောင် စီစဉ်ဆောင်ရွက်ထားပါ တယ်”ဟု ပြောသည်။
ဒဂုံမြို့နယ်မှ ဦးအောင်စိုးက “သတင်းစာထဲမှာဖတ်ရလို့ တရားပွဲကျင်းပမယ်ဆိုတာ သိရတယ်။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်တစ်ယောက်တည်း လာခဲ့တာပါ။ တရားပွဲကျင်းပတဲ့ သုံးရက်လုံးလာမှာပါ။ အခုလို နှစ်ဦးမှာ ဓမ္မသဘင်ပွဲကြီး ကျင်းပတာဟာ ကျွန်တော်တို့တိုင်းပြည်ကြီး ငြိမ်းချမ်းမှုတွေ ရရှိပြီး နိုင်ငံသူ နိုင်ငံသားတွေ အေးအေးချမ်းချမ်းနဲ့ နှစ်သစ်ကို ကျော်ဖြတ်ကြရလိမ့်မယ်လို့ မြင်ပါတယ်”ဟု ပြောသည်။
ရဲခေါင်၊ ဇော်ကြီး၊ ဓာတ်ပုံ-ဇော်မင်းလတ်