(၁၀၁) ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာအောင်ဆုနှင်းသဘင်ပွဲတွင် စာအောင်သံဃာတော် (၁၂) ပါး ပေါ်ထွန်းလာ
(၁၀၁) ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာအောင်ဆုနှင်းသဘင်ပွဲတွင် စာအောင်သံဃာတော် (၁၂) ပါး ပေါ်ထွန်းလာ
Ministry of Information/ နေပြည်တော် / January 03, 2019

ရန်ကုန် ဇန်နဝါရီ ၃
ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော (၁၀၁) ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာအောင်ဆုနှင်းသဘင် အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရွှေတိဂုံစေတီတော် ရင်ပြင်တော်၊ ရာဟုထောင့်ရှိ ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ စေတိယင်္ဂဏ နာယက ဆရာတော်ကြီးများ၊ စေတိယင်္ဂဏ စာလျှောက်မေးပွဲအောင်မြင်တော် မူခဲ့ကြသော ဝဋံသကာဆရာတော်ကြီးများ၊ စာအောင်သံဃာတော်များ ကြွရောက်တော် မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။
ရှေးဦးစွာ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်ဩဝါဒါ စရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ရန်ကင်းမြို့နယ် မဟာဓမ္မိကာရုံ ပရိယတ္တိစာသင်တိုက် ကျိုက်ပိကျောင်း ဆရာတော် ဘဒ္ဒန္တဂုဏေသနထံမှ ပြည်ထောင်စု ဝန်ကြီးနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာများ လျှောက်ထား ရာတွင် မြန်မာနိုင်ငံတွင် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီး နှစ်စဉ် အလေးထားကျင်းပလျက်ရှိရာ (၇၁) ကြိမ်တိုင်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးအပါအဝင် နိုင်ငံတော်အစိုးရက ကျင်းပသည့် ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲ၊ နိကာယ်စာမေးပွဲနှင့် စေတိယင်္ဂဏ၊ သကျသီဟ စာမေးပွဲတို့ကဲ့သို့သော ပရိယတ္တိစာမေးပွဲများ တည်ရှိနေသမျှကာလပတ်လုံး ပရိယတ္တိသာသနာ တော် ထွန်းလင်းနေမည်ဖြစ်ကြောင်းကိုလည်း အလေးအနက်ခံယူပါကြောင်း၊ ပရိယတ္တိသာသနာ တော်ထွန်းလင်းနေသမျှ ပဋိပတ္တိသာသနာတော်နှင့် ပဋိဝေဒ သာသနာတော်တို့သည်လည်း ဆိတ်သုဉ်းနိုင်မည်မဟုတ်ဟု ယုံကြည်ပါကြောင်း။
ယနေ့ကျင်းပသည့် စေတိယင်္ဂဏ စာလျှောက်မေးပွဲကြီးတွင် အောင်မြင်တော်မူခဲ့သည့် သံဃာတော် ၁၂ ပါး အပါအဝင် ၁၀၁ ကြိမ်မြောက်သည်အထိ အောင်မြင်မှု မှတ်တမ်းဝင်ခဲ့သော ဆရာတော်များနှင့် စေတိယင်္ဂဏပွဲကြီးကို စဉ်ဆက်မပြတ် ကြီးကြပ်ပေးတော်မူခဲ့ကြသော ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ စေတိယင်္ဂဏ ဩဝါဒါစရိယ၊ နာယက ဆရာတော်ကြီးများအား ပူဇော်သည့် အာမိသစက်ကို ဟန်ချက်ညီညီ လည်ပတ်အောင် ဆောင်ရွက်လျက်ရှိကြောင်း တွေ့မြင်ကြည်ညို သဒ္ဓါပွားရပါကြောင်း။
စုပေါင်းအားဖြင့် သဒ္ဓါထက်သန်စွာ အားထုတ်ကုသိုလ်ယူခဲ့ကြသဖြင့် ယခင်နှစ်က ဤ စေတိယင်္ဂဏ နှစ်ရာပြည့် အခမ်းအနားသည် သမိုင်းမှတ်တိုင် မော်ကွန်းတစ်ရပ်တွင် ကျန်ရစ်ခဲ့ သကဲ့သို့ ယခုနှစ်(၁၀၁)ကြိမ်မြောက် စေတိယင်္ဂဏ ဓမ္မာနုဂ္ဂဟစာလျှောက် မေးပွဲကြီးသည်လည်း သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါကြောင်း လျှောက်ထားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အောင်စဉ် (၁) သီးခြားစာချတန်းအောင် ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် မဟာဝိသုဒ္ဓါရုံကျောင်း ဆရာတော် အရှင်ရာဇ ဓမ္မာလင်္ကာရာဘိဝံသ အား လည်းကောင်း၊ ဂေါပကအဖွဲ့ဝင်များက သီးခြားစာချတန်းအောင် သံဃာတော်များနှင့် သီးခြားစာသင်တန်းအောင် သံဃာတော်တို့အားလည်းကောင်း ဘွဲ့တံဆိပ်နှင့် အောင်လက်မှတ် များ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဂေါပကအဖွဲ့ဝင်များသည် ဩဝါဒါစရိယ ဆရာတော်များ၊ ပင့်သံဃာတော်များ၊ စာအောင်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး ပြည်ထောင်စုဝန်ကြီးက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာအောင်ဆုနှင်းပွဲအတွက် အလှူငွေကျပ် သိန်း (၃၀) ကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူက လက်ခံရယူသည်။
ယင်းနောက် ပထမကျော်၊ အဂ္ဂမဟာအကျော်၊ အဋ္ဌကထာပြန်အကျော်၊ သ.စ.အ ဓမ္မစရိယ ဝဋံသကာ၊ ပါဠိပါရဂူ၊ တိပိဋက ဩဝါဒါစရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ စေတယင်္ဂဏ ပဝရသိရီ မဟာဓမ္မဂုရု ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာ)ထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြားပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။
ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့သည် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကို ၁၃၄၅ ခုနှစ် (၆၇) ကြိမ်မြောက် ကာလမှစ၍ တာဝန်ယူကျင်းပခဲ့ရာ ယခု (၁၀၁) ကြိမ်မြောက်ရှိပြီဖြစ်သည်။ ယခင်နှစ်က စာအောင် သံဃာတော် (၇) ပါးရှိခဲ့ရာမှ ယခု (၁၀၁) ကြိမ်မြောက်တွင် သီးခြားစာချတန်းမှ သံဃာတော် (၄) ပါး၊ သီးခြား စာသင်တန်းမှ သံဃာတော် (၈) ပါး စုစုပေါင်း (၁၂) ပါး အောင်မြင်တော်မူခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)