ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဖျာပုံမြို့နယ် ချောင်းဝကျေးရွာရှိ မီးဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေး၍ ပြန်လည်ထူထောင်ရေး ကိစ္စများ စီစဉ်ဆောင်ရွက်ပေး


Ministry of Information/ ဖျာပုံ / January 07, 2019
image_latest


ဖျာပုံ ဇန်နဝါရီ ၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ နံနက်ပိုင်းတွင် ဖျာပုံမြို့နယ် ဒေးဒလူ ကျေးရွာအုပ်စု ချောင်းဝကျေးရွာရှိ မီးဘေးသင့်ပြည်သူများထံ သွားရောက်တွေ့ဆုံ အားပေး၍ လိုအပ်သော ထောက်ပံ့မှုများ ဆောင်ရွက်ပေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဖျာပုံမြို့နယ် ဒေးဒလူကျေးရွာအုပ်စု ချောင်းဝကျေးရွာတွင် ဇန်နဝါရီ ၃ ရက်က မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၁၇၈ လုံး ပျက်စီးဆုံးရှုံးခဲ့သည့် အခြေအနေ များကို သွားရောက်ကြည့်ရှုပြီး မီးဘေး သင့်ခဲ့ရသည့် အိမ်ထောင်စုများအတွက် လတ်တလော စားသုံးရန် ဆန်ရိက္ခာ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာ၊ အိမ်ဆောက်ပစ္စည်း၊ အိမ်မိုးသွပ်နှင့် ဆိုလာမီးအိမ်များကို နိုင်ငံတော်အစိုးရ ၏ အစီအစဉ်ဖြင့် ထောက်ပံ့ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ တစ်ဦးချင်း စီ၏ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင် ရွက်ပေးခြင်းဖြစ်ပြီး ခံစားခွင့်ရရှိမည့် သူများ အပြည့်အဝခံစားရရှိရန် ထိရောက် သောစီမံမှုဖြင့် ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း၊ လူမှုရေးအသင်း အဖွဲ့များ၊ ဖောင်ဒေးရှင်းများ၊ ပုဂ္ဂလိက အလှူရှင်များ၏ ပူးပေါင်းဆောင်ရွက်မှု များကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မီးဘေးသင့်ပြည်သူများအတွက် ဆန် ရိက္ခာဖိုးငွေကျပ် ၈၂၈ဝဝဝဝ၊ အဘိုး အဘွား ၁၇ ဦးအတွက် ထောက်ပံ့ငွေကျပ် ၅၁ဝဝဝဝ၊ ကိုယ်ဝန်ဆောင်မိခင် ၁၂ ဦး အတွက် ထောက်ပံ့ငွေကျပ် ၃၆ဝဝဝဝ၊ မိခင်ဝိုင်းတစ်ဝိုင်းအတွက် ထောက်ပံ့ ငွေကျပ် ၅၁ဝဝဝဝ၊ အိမ်ဆောက် ပစ္စည်း ဝယ်ယူရန် ငွေကျပ် ၁၉၃၅ဝဝဝဝ၊ အိမ်မိုး သွပ်အချပ် ၇၂ဝဝ၊ ပြောင်သွပ်အချပ် ၃၆ဝ၊ ကျားလုံချည် ၃၇၅ ထည်၊ မလုံချည် ၃၇၅ ထည်၊ ခြင်ထောင် ၇ဝ၈ လုံး၊ ချည်စောင် ၇ဝ၈ ထည်၊ ကျောင်းဝတ်စုံ ၁၅၄ စုံ၊ ဗလာစာအုပ် ၁၅၄ ဒါဇင်၊ ဆိုလာ မီးအိမ်အလုံး၂၅ဝ၊ ပစ္စည်း ၁၆ မျိုးပါ မိသားစုသုံးကယ်ဆယ်ရေးပစ္စည်း ၁၇၈ ပုံးတို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန် ရှိသူများက လက်ခံရယူပြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေ က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ထို့နောက် ချောင်းဝကျေးရွာ သာသနာ့တံခွန် ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များအား သင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်း ကြသည်။

မီးဘေးသင့်ပြည်သူများ ခေတ္တ ခိုလှုံရာ သာသနာ့တံခွန်ဘုန်းတော်ကြီး ကျောင်းတွင် ဖျာပုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်သော ပြည်သူ့ထံအရောက် ရွေ့လျားဝန်ဆောင် မှုအဖွဲ့က လိုအပ်သော မီးဘေးသင့် ပြည်သူများအတွက် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းနှင့် ရေလုပ်သား သက်သေခံကတ်ပြားများကို အသစ် ပြန်လည်ဆောင်ရွက်ပေးခြင်း၊ ကျန်းမာ ရေးစောင့်ရှောက်မှု ဆေးခန်းဖွင့်လှစ် ပေးခြင်း၊ တပ်မတော်နယ်လှည့် အထူးကု ဆေးခန်း ဖွင့်လှစ်ခြင်းများ ဆောင်ရွက် ပေးလျက်ရှိသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဖျာပုံမြို့နယ် သမိန်ထော ကျေးရွာသို့ရောက်ပြီး ကုန်းတန်း ဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံ၍ လူမှု ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း များဖြစ်သော သက်ကြီးရွယ်အိုများ အတွက် လူမှုရေးပင်စင် ပေးအပ်ခြင်း၊ မသန်စွမ်းသူများကို ထောက်ပံ့ခြင်း၊ မိခင်ဝိုင်းငါးဝိုင်း ဖွင့်လှစ်ရန်အတွက် ငွေကြေး ထောက်ပံ့ခြင်းများကို ဆောင် ရွက်ခဲ့ပြီး မိခင်ဝိုင်းများတွင် ကလေးများ ကို စနစ်တကျ လေ့ကျင့်သင်ကြားပေး နိုင်ကြောင်း လက်တွေ့အမှိုက်စွန့်ပစ်ခြင်း သရုပ်ပြဆောင်ရွက်ခဲ့ပြီး အာဟာရ မုန့်များနှင့် ကစားစရာအရုပ်များကို ဝေငှ ပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ မြို့နယ် မီးဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့ငွေ စုစုပေါင်းမှာ ၇၉၉၃ဝ၄၄၃ ကျပ်နှင့် ဖျာပုံမြို့နယ်ရှိ ပြည်သူများ အတွက် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ထောက်ပံ့ ငွေကျပ်စုစုပေါင်းမှာ ၄၄၇၈၈၁ဝဝ ဖြစ်ကာ ယနေ့ ထောက်ပံ့ငွေ စုစုပေါင်း မှာ ၁၂၄၇၁၈၅၄၃ ကျပ်ဖြစ်ပြီး ခရီးစဉ် တွင် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်