မြန်မာဂန္ထဝင် အတွဲ ၁ဝဝ စာစဉ် ဝတ္ထုရှည် အတွဲ (၁)၊ အတွဲ (၂)၊ အတွဲ (၃) ထုတ်ဝေဖြန့်ချိလျက်ရှိ


Ministry of Information/ ရန်ကုန် / January 08, 2019
image_latest


ရန်ကုန် ဇန်နဝါရီ ၆

မြန်မာစာပေသမိုင်းတွင် အထူးခြားဆုံး၊ အကောင်းဆုံးလက်ရာ များကို စုစည်းလျက် မြန်မာစာကောင်းပေမွန်များကို မျိုးဆက်သစ်များ အလွယ်တကူ ရှာဖွေထိတွေ့ခွင့်ရရှိရန်၊ စာပေက ပေးသော သုတ၊ ရသများကို ခံစားရခြင်းနှင့်အတူ မြန်မာစာ၊ မြန်မာမှုတို့အပေါ် နှစ်သက်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်စေရန် နှင့် ရှေးအစဉ်အဆက်က ရှိနှင့်ပြီးသော မြန်မာတို့၏ ဘဝအတွေ့ အကြုံ၊ အသိပညာ၊ဗဟုသုတ၊ မြန်မာ့ဉာဏ်၊ မြန်မာ့အတွေး အခေါ်၊ မြန်မာတို့၏ စိတ်နေစိတ်ထားနှင့် စရိုက်လက္ခဏာများ၊ မြန်မာ့ ယဉ်ကျေးမှုများ၊ မြန်မာ့ထုံးဓလေ့အစဉ်အလာများ၊ မြန်မာဘာသာစကားနှင့် မြန်မာစာပေ အဆင့် အတန်း များကို နိုင်ငံတကာသုတေသီများ လေ့လာအကဲခတ်နိုင်ရန်ရည်ရွယ်၍ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်သည် မြန်မာဂန္ထဝင် အတွဲ ၁ဝဝ စာစဉ်များကို ထုတ်ဝေရန် ဆောင်ရွက်လျက်ရှိသည်။

▲ထုတ်ဝေဖြန့်ချိ▲

ယခုအခါ စာဖတ်သူတို့ကို ဘဝအသိအမြင် မြင့်မားစေရေးအတွက် ခံစားနှစ်သက်မှု ''ရသ'' ကို ဖော်ကျူးပေးစွမ်းမည့် မြန်မာဂန္ထဝင် အတွဲ ၁ဝဝ စာစဉ် ဝတ္ထုရှည် အတွဲ(၁)၊ အတွဲ (၂) နှင့် အတွဲ (၃) တို့ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။ ဝတ္ထုရှည် စာစဉ် အတွဲ (၁) တွင် ဂျိမ်းစ်လှကျော် ရေးသားသည့် မောင်ရင် မောင် မမယ်မ (၁၉ဝ၄)၊ ဝန်စာရေးဦးကြီး ရေးသားသည့် ချဉ်ပေါင်ရွက်သည် မောင်မှိုင်း (၁၉ဝ၄)၊ မအေးခင် ရေးသား သည့် ချစ်ရိုးအမှန် (၁၉ဝ၇) စာအုပ်တို့ ပါဝင်သည်။ အတွဲ(၂) တွင် ဦးလတ် ရေးသားသည့် ရွှေပြည်စိုး (၁၉၁၄)၊ ရွှေဥဒေါင်း ရေးသားသည့် ရတနာပုံ (၁၉၁၇)၊ ဘီအေမောင်ဘသန်း ရေးသားသည့် ထာဝရမေတ္တာ သို့မဟုတ် ဘီအေမောင်ဘလွင် (၁၉၂ဝ) စာအုပ်တို့ ပါဝင်သည်။ စာစဉ်အတွဲ (၃) တွင် ပီမိုးနင်း ရေးသားသည့် နေရီရီ (၁၉၂ဝ)၊ ဦးလတ် ရေးသား သည့် တနန်းပျော် ရင်သွေးတော် (၁၉၂ဝ)၊ သခင်ကိုယ်တော်မှိုင်း ရေးသားသည့် မှာတော်ပုံ (၁၉၂၁) စာအုပ်တို့ ပါဝင်သည်။ ဝတ္ထု ရှည် အတွဲများအတွက် မောင်ခင်မင် (ဓနုဖြူ) က စာစဉ်မိတ်ဆက် ပြီး ဆရာဇော်ဂျီ၊ ဦးအေးချို (မဟာဝိဇ္ဇာ)၊ ရာပြည့် ဦးစိုးညွန့်၊ ဦးမြင့်ဆွေ (မြင့်ဆွေဦး) တို့က အတွဲနိဒါန်းများကို သေသပ် လှပစွာ ရေးသားထားသည်။

▲မြို့အသီးသီးတွင် ဝယ်ယူနိုင်▲

မြန်မာဂန္ထဝင် အတွဲ ၁ဝဝ စာစဉ် ဝတ္ထုရှည် အတွဲ (၁)၊ အတွဲ (၂)၊ အတွဲ (၃) တို့ကို တစ်တွဲလျှင် ငွေကျပ် ၁၂ဝဝဝ နှုန်း၊ ကိုယ်စားလှယ်နှုန်း ၁၅ ရာခိုင်နှုန်းလျှော့ဈေးဖြင့် ရန်ကုန်မြို့ရှိ စာအုပ် ဆိုင်ကြီးများ၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးရှိ စာပေဗိမာန် စာအုပ်ဆိုင်များနှင့် မြို့အသီးသီးရှိ စာပေဗိမာန် အရောင်း ကိုယ်စားလှယ်များမှတစ်ဆင့် ဝယ်ယူရရှိနိုင်ကြောင်း သိရှိ ရသည်။

သတင်းစဉ်