မန္တလေး ရတနာမောလ် အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲသို့ ရတနာကုန်သည် တစ်သောင်းခန့် ဖိတ်ကြားထား


Ministry of Information/ မန္တလေး / January 11, 2019
image_latest


မန္တလေး ဇန်နဝါရီ ၁ဝ

မန္တလေးမြို့တွင် ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက်အထိ ပထမအကြိမ်အဖြစ် ကျင်းပမည့် မန္တလေး ရတနာမောလ်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲသို့ ပြည်တွင်း၊ ပြည်ပမှ ရတနာကုန်သည် တစ်သောင်းခန့် ဖိတ်ကြားထားကြောင်း ရတနာမောလ် ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးသိန်းဝင်းက ဇန်နဝါရီ ၁ဝ ရက်တွင်ပြုလုပ် သည့် ပြပွဲဆိုင်ရာသတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
'' နိုင်ငံတကာက ကျောက်မျက်ရတနာ ကုန်သည်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားချက် နဲ့အညီ စီးပွားကူးသန်း ဝန်ကြီးဌာနရဲ့ အကူအညီနဲ့ မိတ်ဖက်သံရုံးတွေ ကနေတစ်ဆင့် ဖိတ်ကြား ထားပါတယ်။ ဒါ့အပြင် နိုင်ငံတော်အပိုင်းကလည်း တိုက်ရိုက် ဖိတ်ကြားပေးမှုတွေရှိသလို ကျွန်တော်တို့ အပိုင်းကလည်း လွန်ခဲ့တဲ့သုံးလကတည်းက နိုင်ငံတကာ ပြပွဲတွေဆီကို သွားရောက်ပြီး ကုန်သည်တွေ လက်ထဲအရောက် ဖိတ်စာတွေပေးပြီး ဖိတ်ကြားခဲ့ပါတယ်။ လက်ရှိဖိတ်ကြားထားတဲ့ စာရင်း အရတော့ ပြည်တွင်း၊ ပြည်ပကုန်သည်ပေါင်း တစ်သောင်းနီးပါး ဖိတ်ကြားထားပြီး ဖြစ်ပါတယ် '' ဟု ၎င်းက ပြောသည်။
အဆိုပါပြပွဲတွင် ထူးခြားချက်အနေဖြင့် ကျောက်စိမ်းနှင့် လက်ဝတ်ရတနာ အချောထည်များအား one stop service ဖြင့် ရောင်းချခွင့်ကို နိုင်ငံတော်အစိုးရမှ ခွင့်ပြုပေးခဲ့ရာ အဆိုပါ ခွင့်ပြုချက်ကြောင့် ရောင်းချသူများက တရားဝင် ဝင်ငွေများ ရရှိမည့် အခွင့်အရေးများအပြင် နိုင်ငံတော်အစိုးရကလည်း အခွန်ငွေများ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
''နောက်ထူးခြားတာကတော့ ဒီပြပွဲမှာ ကျောက်စိမ်းပန်းပု၊ ကျောက်မျက်ပန်းချီနဲ့ အချောထည် လက်ဝတ် ရတနာတွေကို မြန်မာ့လက်မှုပညာစစ်စစ်နဲ့ ဒီဇိုင်းပုံစံအမျိုးမျိုး ထုဆစ်ပြီး ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲအစီအစဉ်တွေလည်း ထည့်သွင်းတဲ့အပြင် ကျောက်မျက်ပညာရှင်တွေရဲ့ ဟောပြောမှုတွေလည်း ပါဝင်ပါ တယ်။ ပြပွဲ အပြင်အဆင်ကိုလည်း ယဉ်ကျေးမှုမြို့တော်နဲ့အညီ ဖြစ်အောင် ထူးခြားတဲ့ မြန်မာမှု ဒီဇိုင်းလက်ရာတွေနဲ့ ပြင်ဆင် ခင်းကျင်းထားမှာဖြစ်တဲ့အတွက် လာရောက်ကြဖို့ ဖိတ်ခေါ်ပါ တယ် '' ဟု ရတနာမောလ် ကျောက်မျက်ရတနာလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်မြတ်မြတ်ခိုင်က ပြောသည်။
မန္တလေး ရတနာမောလ်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲကို နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက် မ္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုနှင့်အတူ မြန်မာ နိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းနှင့် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ခြောက်သင်းတို့၏ အဓိကကူညီပံ့ပိုးမှုများ၊ ရတနာမောလ် ကျောက်မျက်ရတနာ ဈေးသူ၊ ဈေးသားများ ၏ ထောက်ပံ့ကူညီမှု များဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါပြပွဲကြီးကို ၇၈ လမ်းနှင့် ၃၄ လမ်းထောင့်၊ ရတနာ ပုံ စူပါစင်တာ ဒုတိယအလွှာရှိ Mandalay Yatanar Mall နိုင်ငံတကာကျောက်မျက် ရတနာဈေးကြီးတွင် ကျောက်မျက် အရောင်းဆိုင် ပြခန်းပေါင်း ၄ဝဝ ခန့် ပါဝင်ပြသကျင်းပမည့်အပြင် ဖျော်ဖြေရေးအစီအစဉ် များပါဝင်ပြီး ပြပွဲလာ ပြည်သူများအတွက် ရတနာမောလ် အမှတ်တံဆိပ်ပါ ဒင်္ဂါးပြား ၁၅ ပြားကို ကံစမ်းမဲ ဖောက်၍ လက်ဆောင်ပေးမည့် အစီအစဉ်များလည်း ထည့်သွင်း ထားကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)၊
ဓာတ်ပုံ - အောင်ဖြိုးကျော်