ကျောက်ဆည် ၁၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင် ဓာတ်အားပေးစက်ရုံစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ကြည့်ရှုစစ်ဆေး
ကျောက်ဆည် ၁၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင် ဓာတ်အားပေးစက်ရုံစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ကြည့်ရှုစစ်ဆေး
Ministry of Information/ နေပြည်တော် / January 12, 2019

နေပြည်တော် ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ဘဲလင်းဒေသတွင် PowerGen Kyaukse Co.,Ltd. မှ ၁၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင် ဓာတ်အားပေးစက်ရုံ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့ သွားရောက် ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ စီမံကိန်း ရှင်းလင်းဆောင်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းနှင့် PowerGen Kyaukse Co.,Ltd. ၏ တာဝန်ရှိသူတို့က စီမံကိန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားပြီး စီမံကိန်းခွင်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ဓာတ်အားပေးစက်ရုံ စီမံကိန်းကို Independent Power Producer (IPP), Build-Operate-Own (BOO) စနစ်ဖြင့် နိုင်ငံသားနှင့် နိုင်ငံခြားသားတို့ ပူးပေါင်းရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ဖြစ်သော PowerGen Kyaukse Co.,Ltd. မှ ၂၀၁၈ ခုနှစ် မေလတွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် စီးပွားဖြစ် ဓာတ်အားစတင် ထုတ်လုပ်၍ ၂၃၀ ကေဗွီ ဘဲလင်းပင်မဓာတ်အားခွဲရုံမှ တစ်ဆင့် နိုင်ငံတော်ဓာတ်အား စနစ်သို့ ချိတ်ဆက်၍ ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။
ဓာတ်အားပေးစက်ရုံ၏ စက်တပ်ဆင် အင်အားမှာ ၁၈ ဒသမ ၄၇၁ မဂ္ဂါဝပ် ၈ လုံးဖြစ်ပြီး ဒီဇိုင်းအရ တစ်နှစ် ထုတ်လုပ်နိုင်မှုမှာ ယူနစ်သန်းပေါင်း ၁၀၂၀ ဖြစ်၍ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည့် စီမံကိန်းတစ်ခုဖြစ်ကာ ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၇၂ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)