မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ်(၂) ရဲဗိုလ်ချုပ်အောင်နိုင်သူ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့မှူးများနှင့် ဦး/ရေး/ထောက်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / January 14, 2019


နေပြည်တော်၊ ဇန်နဝါရီ ၁၃
    မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ်(၂) ရဲဗိုလ်ချုပ် အောင်နိုင်သူ သည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက် နေ့လယ် ၁ နာရီ ၁၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း(ဇီးပင်ကြီး)၊ အစည်းအဝေးခန်းမ(၁)၌ တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့မှူးများနှင့်တွေ့ဆုံ၍ ဦး/ရေး/ထောက်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့သည်။
    အခမ်းအနားအစီအစဉ်အရ ဒုတိယရဲချုပ်(၂)မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဦး/ရေး/ထောက် ဆိုင်ရာ ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက် နေမှုများ၊ ၂၀၁၈ ခုနှစ်အတွင်း နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် အမှုကြီးနှင့် အခြားအမှုများဖြစ်ပွားမှု၊ ကြိုတင်ကာကွယ်အမှု ဖမ်းဆီးရမိမှုများနှင့် မှုခင်းလျှော့နည်း ကျဆင်းရေး ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံတို့အား အသေးစိတ်ရှင်းလင်းမှာကြားဆွေးနွေးခဲ့ပါသည်။
    ထို့နောက် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့မှူးများမှ မိမိတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များ၏ ဦး/ရေး/ထောက်ဆိုင်ရာတို့အား တင်ပြခဲ့ကြပြီး ရဲရာထူးခန့်ချုပ်နှင့် ရဲထောက်ချုပ်တို့မှ လိုအပ်သည်များအား ဆွေးနွေးမှာကြားကာ ဒုတိယရဲချုပ်(၂)မှ နိဂုံးချုပ် အမှာ စကားပြောကြားခဲ့သည်။
    အဆိုပါ ဦး/ရေး/ထောက်ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ဌာနကြီးမှူးများ၊ လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့ ကွပ်ကဲရေးမှူးများ၊ သီးခြားရဲတပ်ဖွဲ့မှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့မှူးများ၊ ရဲလေ့ကျင့်ကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။