ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ ၂၀၁၈ ခုနှစ်၊ ၆ လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား နေပြည်တော်ဘူတာကြီး၊ ဘဝသံသရာခန်းမ၌ကျင်းပ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ ၂၀၁၈ ခုနှစ်၊ ၆ လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား နေပြည်တော်ဘူတာကြီး၊ ဘဝသံသရာခန်းမ၌ကျင်းပ
Ministry of Information/ နေပြည်တော် / January 16, 2019

နေပြည်တော် ဇန်နဝါရီ ၁၆
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ ၂၀၁၈ ခုနှစ် ၆ လပတ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်တွင် မြန်မာ့မီးရထားရုံးချုပ် ဘဝသံသရာ ခန်းမ၌ကျင်းပ သည်။
အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရထားပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် တာဝန် ကျေပွန်ရုံတင် မဟုတ်ပဲစေတနာထား၍ ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ သို့မှသာ လုပ်ငန်းများ အောင်မြင်လာမှာဖြစ်ကြောင်း၊ မြန်မာ့မီးရထား၏ အဓိကလမ်းမကြီး(၄)ခု ဖြစ်သည့် ရန်ကုန်- မန္တလေးလမ်းပိုင်း၊ မန္တလေး-မြစ်ကြီးနားလမ်းပိုင်း၊ ရန်ကုန်-ပြည်လမ်းပိုင်း၊ ရန်ကုန် -မော်လမြိုင် လမ်းပိုင်းများကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေရာမှာ ရန်ကုန်-မန္တလေးလမ်းပိုင်းကို ရန်ကုန်- တောင်ငူ လမ်းပိုင်း၊ တောင်ငူ- ရမည်းသင်းလမ်းပိုင်း၊ ရမည်းသင်း- မန္တလေးပိုင်းဆိုပြီး အပိုင်း(၃)ပိုင်းခွဲပြီး ဆောင်ရွက်မှာဖြစ်ပြီး ရန်ကုန်-တောင်ငူလမ်း ပိုင်းကို ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့က လမ်းပိုင်းအဆင့်မြှင့် တင်ခြင်းလုပ်ငန်းကို စတင်ပြီး ဆောင်ရွက်နေပါကြောင်း။
ရန်ကုန်-တောင်ငူလမ်းပိုင်းကို ရန်ကုန်-ပဲခူး၊ ပဲခူး-ညောင်လေးပင်၊ ညောင်လေးပင်-တောင်ငူ ဆိုပြီး အပိုင်း(၃)ပိုင်းခွဲကာ ကျောက်ဖြည့်တင်းခြင်း၊ ပါကင်ရိုက်ခြင်း၊ သံလမ်းများလဲလှယ်ခြင်း စသည့်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာ မှာ JACA နှင့် ပူးပေါင်းဆောင်ရွက် သည့်အတွက် မြန်မာ့မီးရထား ဝန်ထမ်းများဘက်မှလည်း မိမိတို့၏ လုပ်ငန်းတာဝန်များ ကို အချိန်မီ ပြီးစီးအောင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အဂတိ လိုက်စားမှုကို အစွမ်းကုန် ရှောင်ကျဉ်ရမှာဖြစ်ကြောင်း၊ မသမာမှုများလျော့နည်း ပပျောက်ရေး ကိုလည်း အလေးထားဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ မြန်မာ့မီးရထား၏ အထွေထွေ နည်းဥပဒေများအား လေးစားလိုက်နာရမှာဖြစ်ကြောင်း၊ ပြည်သူလူထုနှင့် ဆက်ဆံရာမှာ ယဉ်ကျေးပြေပြစ်စွာ ဆက်ဆံရန်လိုအပ်ကြောင်း၊ အများအကျိုးကို ဆောင်လိုသည့်စိတ်၊ ပြည်သူကို အကူအညီပေးလိုသည့်စိတ်၊ အနစ်နာခံလိုသည့်စိတ်များ ဝန်ထမ်းတိုင်းတွင် ရှိရန် လိုအပ်ကြောင်း မှာကြားသည်။
ဆက်လက်၍ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်းက “မြန်မာ့မီးရထား အနေနဲ့ ရထားလမ်းပိုင်းများ ကောင်းမွန်စေရန်၊ စက်ခေါင်းနှင့် တွဲများ ပြည့်စုံလာအောင် အဖက်ဖက်မှ ကြိုးစားဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် တိုင်းအရာရှိများအနေနဲ့ မိမိတိုင်းတွင် လုပ်ငန်းများ အဆင်ပြေစေရေး ခရီးသည်များ ခရီးသွားလာမှု အဆင်ပြေစေရေး ရထား လုပ်ငန်းများတွင် ဌာနပိုင်ပစ္စည်းများလေလွင့်ဆုံး ရှုံးမှုမရှိစေရေး၊ လျာထားချက်များ ပြည့်မီစေရေး၊ ရထားအန္တရာယ် ကင်းရှင်းရေးကို တစ်နှစ်ထက်တစ်နှစ် လျော့နည်းပပျောက် အောင် အလေးထားဆောင်ရွက်သွားကြရန်” မှာကြားသည်။
ထို့နောက် မြန်မာ့မီးရထားတိုင်း (၁၁) တိုင်းမှ တိုင်းအလိုက်တာဝန်ရှိသူများက လုပ်ငန်းများ တိုးတက်ရန် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများမှ လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။ အစည်းအဝေးအား ဇန်နဝါရီ ၁၇ ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)