တိုင်းရင်းသားမျိုးနွယ်စုများ၏ ဝတ်စားဆင်ယင်မှုများကို တစ်နေရာတည်း၌ စုံလင်စွာလေ့လာ ကြည့်ရှုနိုင်ရန် တိုင်းရင်းသားလူမျိုးများ၏ ဝတ်စားဆင်ယင်မှုပြခန်း ဖွင့်လှစ်ပြသ
တိုင်းရင်းသားမျိုးနွယ်စုများ၏ ဝတ်စားဆင်ယင်မှုများကို တစ်နေရာတည်း၌ စုံလင်စွာလေ့လာ ကြည့်ရှုနိုင်ရန် တိုင်းရင်းသားလူမျိုးများ၏ ဝတ်စားဆင်ယင်မှုပြခန်း ဖွင့်လှစ်ပြသ
Ministry of Information/ Nay Pyi Taw / January 23, 2019

နေပြည်တော် ဇန်နဝါရီ ၂၂
မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ်စု ပေါင်း ၁၃၀ ကျော်သည် နေရာဒေသ အသီးသီးတွင် ပျံ့နှံ့နေထိုင်လျက်ရှိကြပြီး ဘာသာစကား၊ ဝတ်စားဆင်ယင်မှု၊ ယုံကြည်ကိုးကွယ်မှု၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့၊ ပွဲတော်များ၊ ရှေးဟောင်းအထိမ်းအမှတ် အဆောက် အအုံများ၊ ရှေးဟောင်းနေရာများနှင့် ရှေးဟောင်းဝတ္ထုပစ္စည်းများ စသည့် ယဉ်ကျေးမှု အမွေအနှစ်များမှာလည်း နေရာအနှံ့အပြားတွင် ပျံ့နှံ့တည်ရှိလျက် ရှိသည်။
တိုင်းရင်းသား မျိုးနွယ်စုများ၏ ဝတ်စားဆင်ယင်မှုများ၊ ရိုးရာဓလေ့များ၊ ရိုးရာအသုံးအဆောင်ပစ္စည်းများ၊ ရိုးရာ အစားအသောက်များကို တစ်နေရာ တည်း၌ စုံလင်စွာ လေ့လာကြည့်ရှုနိုင်ရန် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီး ဌာနက တိုင်းရင်းသားလူမျိုးများ၏ ဝတ်စားဆင်ယင်မှုပြခန်းကို တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၌ ဖွင့်လှစ် ပြသလျက်ရှိသည်။
အဆိုပါပြခန်းကို တိုင်းရင်းသား မျိုးနွယ်စုများ၏ ဝတ်စားဆင်ယင်မှုပုံစံ များကို ပြည်သူများသိရှိပြီး ဗဟုသုတ ရရှိစေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ထား ကြောင်း သိရသည်။
ပြခန်း ခင်းကျင်းပြသဖြစ်သည့် အခြေအနေနှင့် စပ်လျဉ်း၍ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က "ပြခန်းဖွင့်လှစ်ပြီး ပြသဖြစ်တာက ကျွန်တော်တို့ ဝန်ကြီးဌာနကလည်း တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး ဌာနဖြစ်တယ်။ ဒါကြောင့် တိုင်းရင်းသား လူမျိုးတွေရဲ့ အငွေ့အသက်တွေ ရှိနေစေဖို့ ဖွင့်လှစ်တာ ဖြစ်ပါတယ်"ဟု ပြောသည်။
အဆိုပါပြခန်းတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း လူမျိုး တို့၏ တိုင်းရင်းသားမျိုးနွယ်စု ရိုးရာ ဝတ်စုံများ၊ အသုံးအဆောင်များနှင့် အစားအသောက်များကို ခင်းကျင်းပြသ ထားသည်။
ပြခန်းဖွင့်လှစ်သည့်အခါတွင် လိုအပ်သည့် တိုင်းရင်းသားရိုးရာ ဝတ်စုံများ၊ တိုင်းရင်းသားများ၏ အသုံးအဆောင် ပစ္စည်းများ၊ ၎င်းတို့၏ တူရိယာပစ္စည်းများ ကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များမှ အလှူခံခဲ့ပြီး အချို့ဒေသများ၌ တိုင်းရင်းသားများ ထံမှတစ်ဆင့် ဝယ်ယူစုဆောင်း၍ ခင်းကျင်းပြသ ထားခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
ပြခန်းကို ရုံးဖွင့်ရက်များတွင် ဖွင့်လှစ်ထားမည်ဖြစ်ပြီး လွတ်လပ်စွာ လာရောက်လေ့လာနိုင်ကာ လာရောက် လေ့လာသူများ အနေဖြင့်လည်း တိုင်းရင်းသားမျိုးနွယ်စုများ၏ ဝတ်စား ဆင်ယင်မှုများ၊ ရိုးရာအသုံးအဆောင် ပစ္စည်းများနှင့် တူရိယာ ပစ္စည်းများကို တစ်နေရာတည်း၌ စုံလင်စွာ လေ့လာနိုင် မည်ဖြစ်သည်။
"တချို့တိုင်းရင်းသား ဝတ်စုံတွေက မမြင်ဖူးတာတွေရှိတယ်။ ဒီမှာလေ့လာ ခြင်းအားဖြင့် တစ်စုတစ်စည်းတည်း မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီပြခန်း ဖွင့်ခြင်းအားဖြင့် ရိုးရာဝတ်စား ဆင်ယင်မှု၊ အသုံးအဆောင်ပစ္စည်းတွေကို မြတ်နိုးတန်ဖိုးထားတဲ့ စိတ်တွေ ပေါ်ပေါက် စေဖို့ကိုလည်း ရည်ရွယ်ပါတယ်" ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင် က ပြောသည်။
ထို့ပြင် တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ အတွေးအခေါ်၊ ယဉ်ကျေး မှု၊ ရိုးရာဓလေ့နှင့် ပွဲတော်များစသည့် ထိတွေ့ကိုင်တွယ်၍ မရသော ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် စပ်လျဉ်း၍ ၎င်းက "ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်နဲ့ ပတ်သက်လို့ သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာနက ထိန်းသိမ်းဆောင်ရွက်လျက် ရှိပါတယ်။ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အနေနဲ့လည်း တစ်ဖက်တစ်လမ်းကနေ ပူးပေါင်းကူညီ ပေးလျက်ရှိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ တိုင်းရင်းသား စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ၃၀၀ ကျော် နဲ့လည်းချိတ်ဆက်ပြီး ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးအတွက် ပူးပေါင်းကူညီ ဆောင်ရွက်သွားပါမယ်"ဟု ပြောသည်။
ကျော်မျိုးမော်၊ ဓာတ်ပုံ-ထန်းဖုန်