နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ-ဂျပန် ဂီတပွဲတော်သို့ တက်ရောက်အားပေး
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ-ဂျပန် ဂီတပွဲတော်သို့ တက်ရောက်အားပေး
Ministry of Information/ နေပြည်တော် / January 23, 2019

နေပြည်တော် ဇန်နဝါရီ ၂၃
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နိုင်ငံတော်သံစုံတီးဝိုင်းမှ ဂီတ ပညာရှင်များနှင့် ဂျပန်န်ိုင်ငံမှ ဂီတပညာရှင်များ ပူးပေါင်းဖျော်ဖြေတင်ဆက်သည့် မြန်မာ-ဂျပန် ဂီတပွဲတော်ကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အားပေးသည်။
ဂီတပွဲတော်သို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် ဂျပန်သံရုံးမှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုများ၊ ဂီတဝါသနာရှင်များ တက်ရောက်အားပေးကြသည်။
ဂီတပွဲတော်တွင် ဂျပန်နိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ ကိုးသောင်းတန်ဖိုးရှိ ဂီတ တူရိယာပစ္စည်း(၁၉)မျိုး လှူဒါန်းခဲ့သည့် ဂုဏ်ပြုမှတ်တမ်းလွှာကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး H.E. Mr. Ichiro Maruyama က မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးထံ ပေးအပ်သည်။
ယင်းနောက် မြန်မာ-ဂျပန် ဂီတပွဲတော်ကို မြန်မာနိုင်ငံနှင့်ဂျပန်နိုင်ငံတို့၏ နိုင်ငံတော်သီချင်း များတီးခတ်၍ စတင်ဖွင့်လှစ်ပြီး ဂီတမှူး မစ္စတာ ယူနိုဆူကဲ ယာမာမိုတိုနှင့် နိုင်ငံတော်သံစုံ တီးဝိုင်းအဖွဲ့တို့က တေးသွားများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ဂျပန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ (ရန်ကုန်)မှ မစ္စတာ ဆာတိုက ဂျပန်ရိုးရာ တူရိယာ ပစ္စည်းများနှင့် မိတ်ဆက်ပေးသည်။
ယင်းနောက် နိုင်ငံတော်သံစုံတီးဝိုင်းမှ ဂီတပညာရှင်များ၊ ဂျပန်န်ိုင်ငံမှ ဂီတပညာရှင်များနှင့် ဂီတမိတ်အဖွဲ့မှ အနုပညာရှင်များက မြန်မာ-ဂျပန် ရိုးရာတေးသွားများကို တီးခတ် သီဆိုဖျော်ဖြေ တင်ဆက်ကြသည်။
ဂီတပွဲတော် ဖျော်ဖြေတင်ဆက်မှုအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂီတမှူး မစ္စတာ ယူနိုဆူကဲ ယာမာမိုတိုကို ဂုဏ်ပြုပန်းစည်း ပေးအပ် သည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက စန္ဒယားပညာရှင် မစ္စ ကျိုကို ခိုယာမာ ကို ဂုဏ်ပြုပန်းစည်း ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးတို့က ဂျပန်ရိုးရာ တူရိယာအဖွဲ့၊ ဂျပန်သံစုံ ဂီတပညာရှင်အဖွဲ့၊ ဂီတမိတ် Choir အဖွဲ့၊ အင်းစိန် Choir အဖွဲ့၊ နိုင်ငံတော်သံစုံ တီးဝိုင်းနှင့် နိုင်ငံတော်ဆိုင်းဝိုင်းကြီးတို့အား ဂုဏ်ပြု ပန်းစည်းများ ပေးအပ်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် ကြီး၊ နေပြည်တော်ကောင်စီဝင်များ၊ ဂီတပညာရှင်များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက် သည်။
ယနေ့ကျင်းပသည့် ဂီတပွဲတော်ကြီးကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံရုံးနှင့်အတူ ဂျပန်ဖောင်ဒေးရှင်းတို့က ပူးပေါင်းဖျော်ဖြေ တင်ဆက်ခြင်းဖြစ်ပြီး မြန်မာ-ဂျပန် ဂီတပွဲတော်တွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ နိုင်ငံတော် သံစုံတီးဝိုင်း အဖွဲ့နှင့်အတူ ဂီတမှူး မစ္စတာ ယူနိုဆူကဲ ယာမာမိုတိုနှင့်၊ စန္ဒယားပညာရှင် မစ္စ ကျိုကိုခိုယာမာ၊ ဂျပန်ရိုးရာ ဂီတပညာရှင်များ၊ ဂီတမိတ်အဖွဲ့မှ အနုပညာရှင်များ ပူးပေါင်းတင်ဆက် ဖျော်ဖြေ ခဲ့ကြခြင်းဖြစ်သည်။
(သတင်းစဉ်)