ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မြစ်ငယ် ကုန်းတွင်းဆိပ် ဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်
ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မြစ်ငယ် ကုန်းတွင်းဆိပ် ဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်
Ministry of Information/ အမပူရ / January 24, 2019
နေပြည်တော် ဇန်နဝါရီ ၂၄
KM Terminal Logistics Co.Ltd ၏ မြစ်ငယ်ကုန်းတွင်းဆိပ် ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ (၂၃) ရက် နံနက် (၉) နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အမပူရမြို့နယ် (မြစ်ငယ်) ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် တာဝန်ရှိသူတို့က အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကုန်သေတ္တာ တင်ဆောင်ထားသည့် ကွန်တိန်နာ ရထားစက်ခေါင်း အား အမွေးနံ့သာများဖြင့် ပက်ဖျန်းပေးကြသည်။
ထို့နောက် KM Terminal Logistics (Dry port) ခန်းမ၌ အခမ်းအနားအား ဆက်လက် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ကုန်းတွင်းဆိပ် လုပ်ငန်းများသည် ပို့ဆောင်ရေး လုပ်ငန်းများအတွက် အလွန်အရေးကြီးသော လုပ်ငန်းတစ်ရပ် ဖြစ်ပါကြောင်း၊ ကုန်းတွင်းဆိပ် ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ကုန်သေတ္တာများကို ရထားဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းသည် နိုင်ငံတော်၏ စီးပွားရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းလည်း ဖြစ်ပါကြောင်း၊ ကုန်းတွင်းဆိပ် (Dry Port) များနှင့် ကုန်သေတ္တာ ရထားများ တွဲဖက်ပြေးဆွဲရာတွင် ပြည်တွင်း/ပြည်ပ ထုတ်ကုန်၊ သွင်းကုန်များနှင့် ပတ်သက်၍ ကုန်သေတ္တာ အတင်/ အချ စရိတ်များ လျှော့ချနိုင်ရေး၊ ပင်လယ်ဆိပ်ကမ်းများမှတစ်ဆင့် အခြားသယ်ယူပို့ဆောင်ရေး ကဏ္ဍများသို့ တိုက်ရိုက် ပို့ဆောင်နိုင်ရေးသည်လည်း အရေးကြီးသည့် လုပ်ငန်းဖြစ်သောကြောင့် ရန်ကုန်သီလဝါ ဆိပ်ကမ်းများသို့ ရထားလမ်းများ ချိတ်ဆက်နိုင်ရေး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မြန်မာ့မီးရထားမှ သတ်မှတ်ပေး ထားသည့် စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းအတွေ့အကြုံ ကြွယ်ဝသည့် ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်း၍ လုပ်ဆောင်ရန် လိုအပ်ကြောင်း မီးရထားဖြင့် ကွန်တိန်နာ သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှသာ ကုန်စည်စီးဆင်းမှုများ ပိုမိုမြန်ဆန်လာမည် ဖြစ်သောကြောင့် အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ ရွာသာကြီးနှင့် မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ်တို့တွင် ကုန်းတွင်းဆိပ် (Dry Port) လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မြန်မာ့မီးရထားအတွက် မြေအသုံးပြုခ (Land Use Premium)၊ နှစ်စဉ်မြေငှားရမ်းခ (Annual Rent) များကို သတ်မှတ်နှုန်းထားများအတိုင်း ရရှိသည့်အပြင် ကွန်တိန်နာ ရထား ပြေးဆွဲခြင်းမှလည်း ကုန်စည်ဝင်ငွေ အသွား/အပြန် ရရှိမှာဖြစ်ပါကြောင်း၊ ယခု မြစ်ငယ် ကုန်းတွင်းဆိပ် ဖွင့်ပွဲအခမ်းအနား ဖွင့်လှစ်ဆောင် ရွက်နိုင်ခြင်း အတွက် ဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။
ယင်းနောက် KM Terminal Logistic ကုမ္ပဏီဥက္ကဋ္ဌမှ ကျေးဇူးတင် စကား ပြောကြားပြီး Kerry Terminal Logistic ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးညီထွဋ်မှ ရွာသာကြီးနှင့် မြစ်ငယ် ကုန်းတွင်းဆိပ်များ တည်ဆောက်ထားရှိမှုအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့ရှိ ဗဟိုပို့ဆောင်ဆက်သွယ်ရေး ကျောင်းသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်း (၉) မျိုးမှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းကျောင်း၏ ဆောင်ပုဒ်ဖြစ်တဲ့ စိတ်ဓာတ်၊ စည်းကမ်း၊ စွမ်းရည်နှင့်အညီ ကြိုးစားဆောင်ရွက်ကြရန် လိုကြောင်း၊ သင်တန်းသားများအနေဖြင့် ဗဟုသုတပြည့်ဝရန် စာများများဖတ်ရန်လိုကြောင်း၊ အချင်းချင်း စည်းလုံးညီညွတ်ရန် လိုကြောင်း မှာကြားပြီး သင်တန်းကျောင်းအတွင်းနှင့် ရထားသင်တန်းဌာနခွဲ၊ သရုပ်ပြဆောင်တွင် ဆက်သွယ်ရေး အချက်ပြ လုပ်ငန်း၊ ရထားစမ်းသပ်မောင်းနှင်ခြင်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)
