နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၂၀၁၇ - ၂၀၁၈ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် အများဆုံး ပေးဆောင်ခဲ့သူများအား ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်


Ministry of Information/ နေပြည်တော် / January 24, 2019
image_latest


နေပြည်တော် ဇန်နဝါရီ ၂၄

၂၀၁၇ - ၂၀၁၈ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် အများဆုံး ပေးဆောင်ခဲ့သူများအား ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သဘင်ဆောင်၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်ပြီး ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်သည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က “နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်” ဟု ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၈၉ တွင် အတိအလင်း ဖော်ပြပါရှိထားပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံသည် သဘာဝသယံဇာတများ အပေါ်တွင် မှီခိုခြင်းမဟုတ်ဘဲ၊ နိုင်ငံသူ နိုင်ငံသားများ၏ တာဝန်သိမှုနှင့် စီးပွားရေးဖွံ့ဖြိုးမှုကို ရောင်ပြန်ဟပ်သည့် အခွန်အကောက်များကို အမှီပြုမှသာ တည်ငြိမ်တိုးတက်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အတွင်း အခွန်ယဉ်ကျေးမှုတစ်ရပ် ပိုမိုဖြစ်ထွန်းစေရေးကို ဦးတည်၍ ယနေ့အခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း။

နိုင်ငံတော်အနေဖြင့် ပြည်သူကိုဗဟိုပြုပြီး အားလုံးပါဝင်နိုင်သည့် စဉ်ဆက်မပြတ် တိုးတက်မှု ရရှိစေရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် စီးပွားရေး မူဝါဒများကို ချမှတ်ခဲ့ပါကြောင်း၊ ထိုသို့ ချမှတ်ခဲ့ရာတွင် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိက ကဏ္ဍ တိုးတက်ရေး အတွက် နိုင်ငံသားတိုင်း မိမိတို့လုပ်ကိုင်လိုသည့် စီးပွားရေးလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရရှိစေရန်နှင့် ပြည်ပရင်းနှီး မြုပ်နှံမှုများ တိုးမြှင့်ရန်အတွက် မူဝါဒသီးခြား ရေးဆွဲဆောင်ရွက်ရန်၊ မူပိုင်ခွင့်များနှင့် တရားဥပဒေ စိုးမိုးမှု ရှိစေရေးအတွက် တိုးမြှင့်ဆောင်ရွက်ရန်တို့ကို ထည့်သွင်းချမှတ် ထားပါကြောင်း။

ထို့အပြင် အခွန်စနစ်နှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ ဝင်ငွေတိုးတက်ရရှိစေရန် အကျိုးလည်းရှိ၊ မျှလည်းမျှတစေမည့် အခွန်စနစ် ထူထောင်ပြီး ပြည်သူများ၏ အခွင့်အရေးနှင့် ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်ကို ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းလျက် အကာအကွယ် ပေးရန်လည်း ပါဝင်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ အသုံးစရိတ်များအတွက်သာ အခွန်ကောက်ခံခြင်း မဟုတ်ဘဲ ညီညွတ်မျှတသည့် အရအသုံး ငွေကြေးစနစ်ကို ဖော်ဆောင်ပြီး ငွေကြေးလည်ပတ်မှု မှန်ကန်စေရန် မူဝါဒများ ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း။

ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တစ်ရပ် ထူထောင်နိုင်ရေးတွင် ဘဏ္ဍာငွေကြေးသည် အဓိကလိုအပ်ချက် တစ်ရပ် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ငွေကြေး လိုအပ်ပါကြောင်း။ မိမိတို့အစိုးရအနေဖြင့် အခွန်စနစ်ကို ကောင်းမွန်လာရန်နှင့် အခွန်ယဉ်ကျေးမှု ထွန်းကားလာစေရန် ရေရှည်ရည်မှန်းချက် ပန်းတိုင်များ ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အနေဖြင့် မျှတပြီး ပွင့်လင်းမြင်သာသော၊ စွမ်းရည်လည်း ပြည့်ဝသည့် အခွန်စနစ်ဖြင့် ပြည်တွင်းအခွန် ရရှိမှု တိုးမြှင့်ရေး လုပ်ငန်းစဉ်ကို ချမှတ်ပြီး ဘဏ္ဍာငွေ အရင်းအမြစ်များ တိုးမြင့်လာစေရန် ရည်ရွယ်ထားပါကြောင်း။

အခွန်စနစ်တစ်ခုတွင် ရိုးသားဖြောင့်မတ် မှန်ကန်မှု၊ ပွင့်လင်းမြင်သာရှိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများရှိရန် လိုအပ်ပါကြောင်း။ ခေတ်မမီတော့သည့် အခွန်ဥပဒေများ၊ ဟောင်းနွမ်းနေသည့် လုပ်နည်းကိုင်နည်းများ၊ လူသားအရင်းအမြစ်ဖြစ်သော အခွန်ဝန်ထမ်း များ၏ အရည်အချင်းနှင့် စိတ်ဓာတ်များကို တစ်ဆင့်ပြီးတစ်ဆင့် ပြုပြင်ပြောင်းလဲနေကြခြင်း ဖြစ်ပါကြောင်း၊ ယင်းပြုပြင်ပြောင်းလဲမှုတွင် ပူးပေါင်းပါဝင်နေကြသည့် အခွန်ထမ်းပြည်သူများ၏ အားထုတ်ကြိုးပမ်းမှုများသည် မြန်မာနိုင်ငံ အခွန်စနစ်အတွက် သမိုင်းတွင် ကျန်ရစ်မည်ဖြစ်သည်ကိုလည်း ပြောကြားလိုပါကြောင်း။

ယနေ့ အခမ်းအနားသို့ တက်ရောက်လာကြသည့် လုပ်ငန်းရှင်ကြီးများသည် မိမိတို့အကျိုးအတွက် စီးပွားရှာကြသကဲ့သို့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အပံ့ပြုနေကြသည့် တာဝန်သိ၊ တာဝန်ကျေပွန်သော အခွန်ထမ်း ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည့်အတွက် နိုင်ငံတော်အနေဖြင့် ချီးကျူး၊ ဂုဏ်ပြုသင့်၍ ချီးကျူးဂုဏ်ပြုရခြင်း ဖြစ်ပါကြောင်း။

ယနေ့နိုင်ငံတော် အစိုးရအနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးတို့အတွက် ဗဟိုချုပ်ကိုင်မှုများကို လျှော့ချပြီး ပုဂ္ဂလိကကဏ္ဍ ဦးဆောင်သည့် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းစီမံ ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများ၊ အခက်အခဲများ ရှိနေသော်လည်း စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ မှန်ကန်သော အခွန်ပေး ဆောင်မှုများနှင့် နိုင်ငံတော်၏ အသုံးစရိတ်ကိုတစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနေခြင်းသည်အင်အားတစ်ရပ်ကို ဖြစ်ပေါ် စေပါကြောင်း။

နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ပြည်သူများ ထည့်ဝင်ထားသော အခွန်အကောက် ရရှိငွေများကို ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် ထိထိရောက်ရောက် သုံးစွဲရေး၊ အလေအလွင့်မရှိအောင် စီမံခန့်ခွဲရေးဆိုသည့် ဦးစားပေးလုပ်ငန်းများနှင့်အညီ အကျိုးရှိအောင် စိစစ်သုံးစွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုတက်ရောက်လာကြသူများ အပါအဝင် အခွန်ထမ်းပြည်သူများ အားလုံးကို နိုင်ငံတော် အစိုးရအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း။

အခွန်ထမ်း လုပ်ငန်းရှင်ကြီးများနှင့်တကွ အခွန်ထမ်းပြည်သူများအနေဖြင့် နောင်နှစ်များတွင်လည်း စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက် အောင်မြင်ကြပါစေ၊ ပေးဆောင်သင့် ပေးဆောင်ထိုက်သော အခွန်ငွေများကိုလည်း မှန်မှန်ကန်ကန် ပေးဆောင်ပြီးနိုင်ငံတော် အကျိုး၊ မိမိအကျိုး အချိုးကျ မျှတစွာ သယ်ပိုးရွက်ဆောင်နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ၂၀၁၁ - ၂၀၁၂ စည်းကြပ်နှစ်မှ ၂၀၁၇ - ၂၀၁၈ စည်းကြပ်နှစ်အထိ ၇ နှစ်ဆက်တိုက် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့သည့် အခွန်ထမ်း ကမ္ဘောဇဘဏ် လီမိတက်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းအား အထူးဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ၂၀၁၇ - ၂၀၁၈ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန် အများဆုံး ပေးဆောင်ခဲ့ကြသော မြန်မာကုမ္ပဏီ လုပ်ငန်းရှင်များ ဖြစ်ကြသည့် ကမ္ဘောဇဘဏ် လီမိတက်မှ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်း၊ မြဝတီဘဏ် လီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဦးယုလွင်၊ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်မှ အထွေထွေအုပ်ချုပ်ရေးရာ ဌာနကြီးမှူး ဦးမင်းဇော်၊ ရွှေတောင် ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်မှ အမှုဆောင်အရာရှိချုပ် ဦးအောင်ဇော်နိုင်၊ အပြည်ပြည်ဆိုင်ရာ အဖျော်ယမကာ ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်မှ Executive to Chairman ဒေါ်မြပွင့်ဖြူ၊ ဧရာဝတီဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာ့စပျစ်နှင့် အဖျော်ယမကာ ကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးအောင်မိုးကျော်၊ သမဝါယမဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ မြဝတီထရေးဒင်းလီမိတက်မှ မန်နေးဂျင်း ဒါရိုက်တာ ဦးခင်မောင်စိုးနှင့် မြန်မာ့ဩဘာ အုပ်စုကုမ္ပဏီလီမိတက်မှ Head of Corporate Affairs and Special Projects ဖြစ်သူ ဦးအောင်ဆွေတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်သမ္မတက ၂၀၁၇ - ၂၀၁၈ စည်းကြပ်နှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်ခဲ့ကြသော မြန်မာကုမ္ပဏီ လုပ်ငန်းရှင်များ ဖြစ်ကြသည့် ဒန်ကို ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးဝဏ္ဏခိုင်၊ စီးတီးမတ်ဟိုး(လ်)ဒင်း ကုမ္ပဏီလီမိတက်မှ အမှုဆောင်အရာရှိချုပ် ဒေါ်ဝင်းဝင်းတင့်၊ အပြည်ပြည်ဆိုင်ရာ အဖျော်ယမကာ ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်မှ ပူးတွဲဥက္ကဋ္ဌ ဦးအောင်မိုးကျော်၊ ပီတီစွမ်းအားထရေးဒင်း ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းဆွေ၊ အာရှစွမ်းအင် ကုမ္ပဏီ လီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဦးသက်ဝေ၊ ရွှေဗျိုင်းဖြူ ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဦးသိန်းဝင်းဇော်၊ ကျော်စံကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးဇွဲဇာနည်ကျော်၊ ဧရာဟင်္သာရောင်း ဝယ်ရေးကုမ္ပဏီလီမိတက်မှ ဥက္ကဋ္ဌ ဦးဇော်ဝင်းရှိန်၊ ပစ္စည်းမျိုးစုံ ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးမောင်ကျေးနှင့် ဘန်ဟာထရေးဒင်း ကုမ္ပဏီလီမိတက်မှ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်အောင်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ န်ိုင်ငံတော်သမ္မတက ၂၀၁၇ - ၂၀၁၈ စည်းကြပ်နှစ်အတွက် အထူးကုန်စည်ခွန် အများဆုံး ပေးဆောင်ခဲ့ကြသော မြန်မာကုမ္ပဏီ လုပ်ငန်းရှင်များဖြစ်ကြသည့် ဒဂုံအဖျော်ယမကာ ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးလှမင်းတူ၊ ရွိုင်ရယ်ကလပ်ဘီး ဘရေ့ခ်ျကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးဇော်ဝင်း၊ လင်းလက်ဝင်း ရတနာကျောက်မျက်ကုမ္ပဏီ လီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဦးထွန်းကြည်၊ ရတနာတောင်တန်း ကျောက်မျက်ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရ်ိုက်တာ ဦးသက်နိုင်၊ ရောင်နီအရက်ချက်လုပ်ငန်းမှ စက်ရုံမှူး ဦးကျော်မင်းလွင်၊ အက်စ်အမ်အမ် ရွှေမြန်မာ အဖျော်ယမကာ ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးတင်ရွှေ၊ ဝေအောင်ကမ္ဘာ ကျောက်မျက်ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဒေါ်နွေးနွေးလှိုင်၊ ဂလုပ်တိုဘက်ကိုး ကုမ္ပဏီ လီမိတက်မှ ဒါရိုက်တာ ဦးအောင်ကျော်ဦး၊ ကံပွင့်ဦး ကျောက်မျက်ရတနာကုမ္ပဏီမှ ဒါရိုက်တာ ဒေါ်မွှေးခရေနှင့် ဖြိုးသီဟကျော် ကျောက်မျက်ရတနာ ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးစိန်ဝင်းတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ၂၀၁၇ - ၂၀၁၈ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန် အများဆုံးပေးဆောင်ခဲ့ကြသော ပုဂ္ဂလိကပိုင် နိုင်ငံခြားကုမ္ပဏီများ ဖြစ်ကြသည့် Moattama Gas Transportation Co.,Ltd မှ General Manager ဖြစ်သူ Mr. Romaric Roignan, Telenor Myanmar Ltd မှ Chief Executive Officer ဖြစ်သူ Mr. Sharad Mehrota, Taninthayi Pipeline Company LLC မှ Head of Finance ဖြစ်သူ Uqba Jamshaid Iftikhar, Myanmar Brewery Ltd မှ Managing Director ဖြစ်သူ Mr. Hideki Mitsuhashi နှင့် KDDI Summit Global Myanmar Co.,Ltd မှ Chief Financial Officer ဖြစ်သူ Mr. Junji Nakayama တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် န်ိုင်ငံတော်သမ္မတက ၂၀၁၇ - ၂၀၁၈ စည်းကြပ်နှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်ခဲ့ကြသော ပုဂ္ဂလိကပိုင် နိုင်ငံခြားကုမ္ပဏီများ ဖြစ်ကြသည့် Telenor Myanmar Ltd မှ Chief Financial Officer ဖြစ်သူ Ms. Caroline Yin Yin Htay, Ooredoo Myanmar Ltd မှ Chief Executive Officer ဖြစ်သူ Mr. Vilran Sinha, Myanmar Brewery Ltd မှ Deputy Managing Director ဖြစ်သူ U Soe Kyaw Thu, Shwe Li(1) Hydropower Co.,Ltd မှ စက်ရုံမှူး ဦးဇော်ဝင်းထွန်းနှင့် Virginia Tobacco Co.,Ltd မှ Chairman ဖြစ်သူ ဦးမြင့်ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ န်ိုင်ငံတော်သမ္မတက ၂၀၁၇ - ၂၀၁၈ စည်းကြပ်နှစ်အတွက် အထူးကုန်စည်ခွန် အများဆုံး ပေးဆောင်ခဲ့ကြသော ပုဂ္ဂလိကပိုင် နိုင်ငံခြားကုမ္ပဏီများဖြစ်ကြသည့် Myanmar Brewery Ltd မှ Corporate Communication Manager ဖြစ်သူ ဦးမိုးဇော်ဦး၊ Virginia Tobacco Co.,Ltd မှ Chairman ဖြစ်သူဦးမြင့်ဦး၊ Myanmar Distillery Co.,Ltd မှ Co-Chairman ဖြစ်သူ ဦးအောင်မိုးကျော်၊ Heineken Myanmar Ltd မှ Finance Director ဖြစ်သူ Mr. Shankar Romalingam နှင့် Myanmar Carlsberg Co.,Ltd မှ Corporate Communication & CSR Manager ဖြစ်သူ Daw Han Su Tin တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ၂၀၁၇ - ၂၀၁၈ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်အများဆုံး ပေးဆောင်ခဲ့ကြသော မြန်မာကုမ္ပဏီလုပ်ငန်းရှင်များနှင့်လည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်ခဲ့ကြသော မြန်မာကုမ္ပဏီ လုပ်ငန်းရှင်များ နှင့်လည်းကောင်း၊ အထူးကုန်စည်ခွန် အများဆုံး ပေးဆောင်ခဲ့ကြသော မြန်မာကုမ္ပဏီ လုပ်ငန်းရှင်များနှင့်လည်းကောင်း၊ ဝင်ငွေခွန် အများဆုံးပေးဆောင်ခဲ့ကြသော ပုဂ္ဂလိကပိုင်၊ နိုင်ငံခြားကုမ္ပဏီ လုပ်ငန်းရှင်များနှင့် လည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်ခဲ့ကြသော ပုဂ္ဂလိကပိုင်၊ နိုင်ငံခြားကုမ္ပဏီ လုပ်ငန်းရှင်များနှင့်လည်းကောင်း၊ အထူးကုန်စည်ခွန် အများဆုံး ပေးဆောင် ခဲ့ကြသော ပုဂ္ဂလိကပိုင်၊ နိုင်ငံခြားကုမ္ပဏီလုပ်ငန်းရှင်များနှင့်လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရ်ိုက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ၂၀၁၇ - ၂၀၁၈ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် အများဆုံး ပေးဆောင်ခဲ့သူများအား လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံသည်။

ယနေ့ကျင်းပသည့် ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်သည့် အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဒေါက်တာသန်းမြင့်၊ ဦးစိုးဝင်းနှင့် ဦးဟန်ဇော်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြ သည့် ဦးအောင်လှထွန်းနှင့် ဦးလှကျော်၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်