မလေးရှားနိုင်ငံသို့ တရားမဝင် ထွက်ခွာရန် စုစည်းစောင့်ဆိုင်း နေသူများအား ဖမ်းဆီးရမိ
မလေးရှားနိုင်ငံသို့ တရားမဝင် ထွက်ခွာရန် စုစည်းစောင့်ဆိုင်း နေသူများအား ဖမ်းဆီးရမိ
Ministry of Information/ နေပြည်တော် / January 26, 2019
နေပြည်တော် ဇန်နဝါရီ ၂၅
စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်ကြသူများ လှေစီး၍ အခြားနိုင်ငံများသို့ တရားမဝင်ထွက်ခွာမှု မရှိစေရေးအတွက် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး အင်အားတိုးမြှင့် ချထားခြင်း၊ သတင်းအဆက်မပြတ် စုံစမ်း ဖော်ထုတ်ခြင်းတို့ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ည ၈ နာရီခန့်က မလေးရှားနိုင်ငံသို့ တရားမဝင်ထွက်ခွာရန် စုစည်းစောင့်ဆိုင်း နေသူများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စစ်တွေမြို့နယ်၊ ဘာဆာရာကျေးရွာရှိ နူရ်ဆလမ်၏ နေအိမ်၌ မလေးရှား နိုင်ငံသို့ တရားမဝင် ထွက်ခွာရန် ရည်ရွယ်ချက်ဖြင့် စုစည်းရောက်ရှိ နေကြောင်း သတင်းအရ ဝင်ရောက်စိစစ်ရာ နူရ်ဆလမ်မှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ၎င်း၏ ဇနီး မလိုင်လာဘေ ဂေါင်(၂၉)နှစ်၊ (ဖ)အေဗရာဟင်အား မလေးရှားနိုင်ငံသို့ သွားရောက်ရန် စောင့်ဆိုင်းနေသူ အုန်းတောကြီး ကျေးရွာမှ အစ္စလာမ်ဘာသာဝင် အမျိုးသမီး နှစ်ဦးဖြစ်သည့် လိုင်လာနှင့် ဂျို့မိုက်ဒါတို့ နှင့်အတူ တွေ့ရှိခဲ့ရကြောင်း။
၎င်းတို့အား ကွင်းဆက်စစ်ဆေး မေးမြန်းချက်အရ ည ၁၀ နာရီကျော်ခန့်တွင် ဘာဆာရာကျေးရွာအပြင်ဘက် ပင်လယ်ကမ်းခြေသို့ သွားသည့်လမ်းရှိ ကြက်ခြံအတွင်း ခြံပိုင်ရှင် အဒူဟာလိစ် ဦးစီး၍ စက်လှေဖြင့် သွားရောက်ရန် စုစည်းစောင့်ဆိုင်းနေသည့် ဘာဆာရာ ကျေးရွာ၊ ဘုမေကျေးရွာ၊ အုန်းတောကြီးကျေးရွာ၊ မကျည်းမြိုင်ကျေးရွာ၊ ဆေးသမားကြီး IDP Camp နှင့် ဒါးပိုင် IDP Camp တို့မှ အစ္စလာမ်ဘာသာဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၁၆ ဦးတို့ကို ထပ်မံစစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် တိမ်းရှောင်နေသည့် လူစုဆောင်းသူပွဲစား နူရ်ဆလ်၊ ဖမ်းဆီး ရမိသည့် မလိုင်လာဘေဂေါင် နှင့် အဒူဟာလိစ် တို့ကို စစ်တွေမြို့မရဲစခန်း (ပ)၂၇၁/၂၀၁၉၊ ရာဇ သတ်ကြီး ပုဒ်မ ၃၆၇/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။ ထို့ပြင် မလေးရှားနိုင်ငံသို့ သွားရောက်ရန် ဖမ်းဆီးရမိသည့် စုစည်းထားရှိသူ ၁၈ ဦး တို့ကိုလည်း ဥပဒေနှင့်အညီ စိစစ်လျက်ရှိပြီး ကနဦးစိစစ်ချက်အရ မလေးရှားနိုင်ငံသို့ သွားရောက်မည့် သူများသည် ပွဲစား နူရ်ဆလမ် အား ငွေကျပ် ၁၅ သိန်းစီပေးချေရကာ သွားရောက်ရန် စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)