လန်ချန်း - မဲခေါင်ဒေသတွင်း အနုပညာရှင် လူငယ်များတွေ့ဆုံပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ


Ministry of Information/ မန္တလေး / January 29, 2019
image_latest


မန္တလေး ဇန်နဝါရီ ၂၈

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(မန္တလေး)မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် လန်ချန်း - မဲခေါင် ဒေသ တွင်း အနုပညာရှင်လူငယ်များ တွေ့ဆုံပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေးမြို့ ဟိုတယ်ရွှေပြည်သာ သာရတနာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ လန်ချန်း - မဲခေါင် Theme Song ဖြင့် အခမ်းအနားကို စတင်ဖွင့် လှစ်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အမှာစကားပြောကြားရာ တွင် မဲခေါင် - လန်ချန်း မြစ်ဝှမ်းတစ်လျှောက်မှာ ရှေးယခင် ကတည်းက ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်းနှင့် တရုတ်နိုင်ငံများသည် မဲခေါင်မြစ်ကို အမှီသဟဲပြု၍ အတူတကွ တည်ရှိနေထိုင်ခဲ့ကြပြီး အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် အခြေခံ အဆောက်အဦများ တည်ဆောက်ရာတွင်လည်းကောင်း၊ စက်မှု လုပ်ငန်းများ မြှင့်တင်ရာတွင်လည်းကောင်း၊ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင်လည်းကောင်း စိန်ခေါ်မှု ကြီးများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း။
ထို့ကြောင့် မဲခေါင် - လန်ချန်း ဒေသတွင်းရှိ အဖွဲ့ဝင် ၆ နိုင်ငံ အနေဖြင့် ပူးပေါင်း ဆောင်ရွက်မှု ယန္တရားကြီးကို အဆောတလျင် မြှင့်တင်ရန် လိုအပ်သောကြောင့် အဖွဲ့ဝင် ၆ နိုင်ငံမှ အနုပညာရှင် လူငယ်များ တွေ့ဆုံပွဲကို ယခုလို လက်ခံကျင်းပပြုလုပ်ရ ခြင်းဖြစ် ကြောင်း၊ ထိုပြင် မျက်မှောက်ခေတ်ကာလမှာ ယဉ်ကျေးမှု ဖလှယ်ခြင်းမှ တစ်ဆင့် လူမှု အသိုက်အဝန်းများဖြစ်သော ဘာသာစကား၊ ဓလေ့ထုံးတမ်း အစဉ်အလာများ၊ ပွင့်လင်း မြင်သာမှုများ၊ ခိုင်မြဲလာစေရန်နှင့် အချင်းချင်း အပြန်အလှန် နားလည်မှုတိုးမြှင့်လာစေရန် အလွန်အရေးကြီးပါကြောင်း။
စီမံကိန်းများရေးဆွဲဆောင်ရွက်
ယခုစီမံကိန်းသည် မဲခေါင် - လန်ချန်း ဒေသတွင်းရှိသည့် အဖွဲ့ဝင် ၆ နိုင်ငံမှ ယဉ်ကျေးမှု အဖွဲ့အစည်းများနှင့် အနုပညာရှင် လူငယ်များ အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရမည့် မဲခေါင် - လန်ချန်း ယဉ်ကျေးမှုဖလှယ်ရေးနယ်ပယ် တည်ထောင်နိုင်ရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ မဲခေါင် - လန်ချန်းဒေသတွင်း နိုင်ငံများ အနေနှင့် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် စီမံကိန်းများ ဆောင်ရွက်ကြရာ တွင် စန်းယကြေညာစာတမ်း (Sanya Declaration) ပါဝင်သော မဏ္ဍိုင်ကြီးသုံးခု၊ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍကြီးငါးခုတို့နှင့်အညီ စီမံကိန်းများရေးဆွဲ တောင်းခံဆောင်ရွက် လျက် ရှိပါကြောင်း။
အဆိုပါမဏ္ဍိုင်ကြီး သုံးခုတွင် နိုင်ငံရေးနှင့် လုံခြုံရေး၊ စီးပွားရေးနှင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်း ဆက်ဆံရေးတို့ ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍကြီး ငါးခုတွင် ပေါင်းစည်း ဆက်သွယ်မှု၊ ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု၊ ရေအရင်းအမြစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးတို့ ဖြစ်ပါကြောင်း။
အတွေးအမြင်သစ်များ အပြန်အလှန် ဖလှယ်နိုင်
မြန်မာနိုင်ငံအနေဖြင့် မဲခေါင် - လန်ချန်း ပထမအကြိမ်အထူး ရန်ပုံငွေနှင့် ဝန်ကြီးဌာန ငါးခုမှ စီမံကိန်း ၁၀ ခု ဆောင်ရွက်ခွင့် ရရှိခဲ့ရာတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် စီမံကိန်းနှစ်ခုကို ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး အဆိုပါ စီမံကိန်းနှစ်ခုမှာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဆောင်ရွက်ရမည့် လန်ချန်း - မဲခေါင်ဒေသတွင်း နိုင်ငံများ၏ ရှေးဟောင်းယဉ်ကျေးမှုနေရာဒေသ များ စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ဆောင်ရွက်မည့် လန်ချန်း - မဲခေါင် ဒေသတွင်း နိုင်ငံများရှိ အနုပညာရှင်လူငယ်များ တွေ့ဆုံပွဲဖြစ်ပါကြောင်း။
လန်ချန်း - မဲခေါင် ဒေသတွင်း နိုင်ငံများရှိ အနုပညာရှင် လူငယ်များ တွေ့ဆုံပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးခဲ့သော တရုတ် ပြည်သူ့သမ္မတနိုင်ငံ အစိုးရနှင့် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြသော လန်ချန်း - မဲခေါင် ဒေသတွင်းရှိ နိုင်ငံများမှ အနုပညာလူငယ်ကိုယ်စားလှယ်များအား ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ကိုယ်စား အထူးကျေးဇူး တင်ရှိပါကြောင်းနှင့် ယခုတွေ့ဆုံပွဲမှတစ်ဆင့် လန်ချန်း - မဲခေါင် ဒေသတွင်း နိုင်ငံများရှိ အနုပညာရှင် လူငယ်များအကြား အချင်းချင်း အပြန်အလှန် ချစ်ခင်ယုံကြည်မှု၊ တစ်ဦး၏ ယဉ်ကျေးမှုကို တစ်ဦးက အပြန်အလှန် လေးစားတန်ဖိုးထားမှု၊ အချင်းချင်း အတူတကွ ပူးပေါင်းဆောင်ရွက် တတ်မှု၊ အတွေးအမြင်သစ်များ အပြန်အလှန်ဖလှယ်နိုင်မှုများ တိုးတက်ရရှိစေလိုကြောင်း ပြောကြားသည်။
ဂုဏ်ယူဝမ်းမြောက်
ထို့နာက် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက လန်ချန်း- မဲခေါင်ဒေသ တွင်း အနုပညာရှင်လူငယ်များတွေ့ဆုံပွဲ ကို ယဉ်ကျေးမှုမြို့တော် မန္တလေးမြို့တွင် ကျင်းပခွင့်ရသဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Hong Liang နှင့် မဲခေါင်း - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးတို့က အမှာစကားပြောကြားသည်။
ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) မှ ကျောင်းသူကျောင်းသားများက လှမ်းခဲ့ပေါ့ မန္တလာမြေယိမ်းအက၊ နှလုံးသားထဲက မြစ်နဒီနှင့် တိုင်းရင်းသားယိမ်းအက စသည့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေ တင်ဆက်ကြပြီး လန်ချန်း- မဲခေါင် ပူးပေါင်းအဖွဲ့ဝင်နိုင်ငံများမှ အဖွဲ့ခေါင်းဆောင်များ အား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ကာ လန်ချန်း - မဲခေါင်ဒေသရှိ အဖွဲ့ဝင် ၆ နိုင်ငံမှ အနုပညာရှင်လူငယ်များနှင့် တာဝန်ရှိသူ များ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
လန်ချန်း - မဲခေါင် ဒေသတွင်းရှိ အနုပညာရှင်များ တွေ့ဆုံ့ပွဲကို မန္တလေးမြို့ ဟိုတယ်ရွှေပြည်သာတွင် ဇန်နဝါရီ ၂၇ ရက်မှ ၃၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဖွဲ့ဝင် ၆ နိုင်ငံမှ တစ်နိုင်ငံလျှင် လူငယ်အနုပညာရှင် လေးဦးနှင့် ခေါင်းဆောင် တစ်ဦး စုစုပေါင်း ငါးဦးစီ ဖိတ်ကြားကာ အဖွဲ့ဝင် ၆ နိုင်ငံမှ အနုပညာရှင် လူငယ်များ၏ ရိုးရာယဉ်ကျေးမှု၊ ပန်းချီ၊ ပန်းပု၊ အဆို၊ အကများ တင်ဆက်ပြသခြင်း၊ အနုပညာဆိုင်ရာ ပြခန်းများ ဖွင့်လှစ်ခြင်းများ ဆောင်ရွက်ကြ မည်ဖြစ်ပြီး အထူးအစီအစဉ်အနေဖြင့် တက်ရောက်လာသူများက မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာတမ်းများ ဖတ်ကြားခြင်း၊ ပန်းချီ၊ ပန်းပုအနုပညာလက်ရာများဖန်တီးဖလှယ်ခြင်း၊ လူငယ်သင်တန်း ကျောင်းများမှ ပြုလုပ်သော လက်မှု ပစ္စည်းများ ရောင်းချခြင်း၊ သက်ဆိုင်ရာနိုင်ငံအလိုက် အနုပညာရပ်ဆိုင်ရာ ပစ္စည်းများ ခင်းကျင်းပြသရောင်းချခြင်းများ ဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)၊
ဓာတ်ပုံ - အောင်ဖြိုးကျော်