တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြစ်ကြီးနားမြို့ရှိ ခရစ်ယာန်ဘာသာရေးဆိုင်ရာ အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြစ်ကြီးနားမြို့ရှိ ခရစ်ယာန်ဘာသာရေးဆိုင်ရာ အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံ
Ministry of Information/ နေပြည်တော် / February 06, 2019

နေပြည်တော် ဖေဖော်ဝါရီ ၅
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက် ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ ခရစ်ယာန်ဘာသာရေး ဆိုင်ရာ အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်(ရေ)၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ တက်ရောက်ကြပြီး မြစ်ကြီးနားမြို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် တူးမိုင်နှင့်အဖွဲ့ဝင်များ၊ ရိုမန်ကက်သလစ်အသင်းမှ ဘုန်းတော်ကြီး ဖရန့်စစ်ဒေါ့တန်နှင့် ဘုန်းတော်ကြီးများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် စစ်ဘေးရှောင်စခန်းများမှ တိုင်းရင်းသားပြည်သူများ နေရပ်ပြန်နိုင်ရေးအတွက် အဖွဲ့အစည်း အားလုံးမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ တပ်မတော်၏ ထုတ်ပြန်ချက်ကို ဝမ်းမြောက်စွာကြိုဆိုမှုနှင့် ငြိမ်းချမ်းရေးရရှိရန်အတွက် အားလုံးပူးပေါင်း ဆောင်ရွက်ရန်လိုအပ်မှု အခြေအနေများနှင့် ကချင်ပြည်နယ်အတွင်းရှိ ခရစ်ယာန်ဘာသာရေးဆိုင်ရာ အဖွဲ့ခေါင်း ဆောင်များမှလည်း ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများ၊ ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုအတွက် တပ်မတော်မှ ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများ အား ရင်းရင်းနှီးနှီးအပြန်အလှန် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကချင်နှစ်ခြင်းခရစ်ယာန်နှင့် ကက်သလစ်အသင်းမှ ဘုန်းတော်ကြီးများအား အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ကြသည်။
ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ ဗန်းမော်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားပြီး တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးက တပ်နယ်မိခင်နှင့် ကလေး အသင်းအတွက် ချီးမြှင့်ငွေများကို လည်းကောင်း ပေးအပ်ကြသည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများက သုတ၊ ရသ၊ စာအုပ်စာစောင်များ ၊ အားကစား ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့နှင့် ဗန်းမော်မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံများတွင် ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိသည့် စစ်သည်များအား တစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့အတူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးသည် အမျိုးသမီး ကုသဆောင်တွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် တပ်မတော်သား မိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗန်းမော်မြို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံပြီး ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသခံပြည်သူများ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ယခုထက်ပိုမို တိုးတက်အောင် ဆောင်ရွက်နိုင်စေရန်နှင့် ရရှိနေသည့် လျှပ်စစ်ဓာတ်အားကို အသုံးပြု၍ ကုန်ချောများ ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ရှိသူများအနေဖြင့် တိုက်တွန်းဆောင်ရွက်စေ လိုသည့် အခြေအနေများကို အကြံပြုပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး