ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဒေါက်တာမျိုးသိမ်းကြီး လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဒေါက်တာမျိုးသိမ်းကြီး လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး
Ministry of Information/ နေပြည်တော် / February 13, 2019

နေပြည်တော် ဖေဖော်ဝါရီ ၁၃
လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့တွင် ပြည်ထောင်စုနယ်မြေ အတွင်းရှိ မြို့နယ်များ၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့ တက်ရောက်ကြည့်ရှု အားပေးကြသည်။
နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများသည် ပျဉ်းမနားမြို့ မင်္ဂလာကန်တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ပြီး ကျောင်းသားကျောင်းသူများ၏ ဖျော်ဖြေတင်ဆက်မှု များကို ကြည့်ရှုအားပေးကာ ခန်းမပြင်ပတွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် ပြသထားသည့် ဓာတ်ပုံပြပွဲ၊ စာအုပ်ပြခန်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကျင်းပပြုလုပ်သော ပြိုင်ပွဲများကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ် တွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် ပါဝင်ပြသထား သည့် ကာတွန်းပြပွဲကို လှည့်လည်ကြည့်ရှုပြီး ကာတွန်းဆရာများ၊ ကျောင်းသားကျောင်းသူများနှင့် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသော ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ၊ ပြခန်းများနှင့် ကျောင်းသားကျောင်းသူများ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအား ပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများသည် ပုဗ္ဗသီရိမြို့နယ်တွင် ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့)က ဖွင့်လှစ် ခဲ့သည့် ပြည်ထောင်စု၏ လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်တုနှင့် ပန်းခြံဖွင့်ပွဲ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြပွဲကို သွားရောက်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်၊ ပုံပြောနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကြည့်ရှုအားပေးကာ ကျောင်းသား ကျောင်းသူများနှင့် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ကို ကလေးများနေ့အဖြစ် သတ်မှတ်ကာ မွေးနေ့အထိမ်းအမှတ် အခမ်းအနားများကို ပြည်ထောင်စုနယ်မြေရှိ မြို့နယ်များတွင် ဟောပြောပွဲ၊ ဆေးရောင်ခြယ်၊ ပန်းချီ၊ ကဗျာရွတ်၊ ပုံပြောနှင့် ဥာဏ်စမ်း ပဟေဠိပြိုင်ပွဲများ ပြုလုပ်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ထိုကဲ့သို့ အထိမ်းအမှတ်အခမ်းအနားကျင်းပရာတွင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားထုတ်ဝေသည့် စာအုပ်များ အပြင် ဗိုလ်ချုပ်အောင်ဆန်း၏ တက္ကသိုလ်ကျောင်းသားဘဝ၊ နိုင်ငံရေးနှင့် စည်းရုံးရေးဆောင်ရွက်မှု၊ တပ်မတော်တွင် ပါဝင် ဆောင်ရွက်မှု၊ ဗြိတိန်နှင့် ဂျပန်ခရီးစဉ် မှတ်တမ်းဓာတ်ပုံများကိုလည်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပါဝင်ပြသ ထားသည်။
အခမ်းအနားသို့ လာရောက်သူများကို အောင်ဆန်းဒိုင်ယာရီ စာအုပ်များ၊ ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် ပိုစတာများနှင့် လက်ကမ်း စာစောင်များပေးဝေခဲ့ပြီး မြို့မိမြို့ဖ များနှင့် လူမှုရေးအသင်း အဖွဲ့များကလည်း ပဲပြုတ်၊ နံပြား၊ လက်ဖက်ရည်နှင့် ရေသန့် စသည့်စားသောက်ဖွယ်ရာများ ဒါနပြုကျွေးမွေး ဧည့်ခံခဲ့သည်။
(သတင်းစဉ်)