ရန်ကုန်မြို့၌ သတင်းမီဒီယာဥပဒေ ပြင်ဆင်ရေးဆွေးနွေးပွဲကျင်းပ


Ministry of Information/ yangon / February 18, 2019
image_latest


 

 

ရန်ကုန် ဖေဖော်ဝါရီ ၁၇

 

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ကြီးမှူးကျင်းပသော သတင်းမီဒီယာ ဥပဒေပြင် ဆင်ရေးဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဖိုးစိန်လမ်းရှိ Green Hill Hotel ၌ ကျင်းပသည်။

 

အခမ်းအနားတွင် သတင်းမီဒီယာ ဥပဒေပြင်ဆင်ရေး သဘာပတိ သတင်း မီဒီယာေ ကာင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဒေါက်တာ မျိုးသန့်တင်က အမှာစကား ပြောကြားပြီး သတင်းမီဒီယာဥပဒေ စတင်ပြင်ဆင်ခဲ့မှုများကို အကျဉ်းချုပ် ရှင်းလင်းတင်ပြကာ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီ-ဦးအုန်းကြိုင်) က နှုတ်ခွန်း ဆက်စကား ပြောကြား သည်။

 

ဆက်လက်၍ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီမှ သတင်းမီဒီယာဥပဒေ မူကြမ်းကို အခန်းလိုက် အစီစဉ်တကျ တစ်ချက်ချင်းစီ ဆွေးနွေးကြကြောင်း သိရသည်။

 

"ဒီသတင်းမီဒီယာ ဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲမှာ ပြောကြမယ့်အချက်တွေ၊ ထည့်သွင်းပြင်ဆင်လိုတဲ့ အချက်တွေက များ မှာပါ။ ဒါကို အကြံပြုချက်တွေ ရယူ ပါမယ်။ စိစစ်သုံးသပ်မယ်။ အဆင့်ဆင့် ဆောင်ရွက်ပြီး တစ်နှစ်ကျော် နှစ်နှစ်တာ ကာလ အတွင်းမှာ ဥပဒေပြဋ္ဌာန်းနိုင် လိမ့်မယ်လို့ ယုံကြည်တယ်။ ယနေ့ မီဒီယာတွေ ရဲ့ အခန်းကဏ္ဍဟာ တိုင်းပြည်ရဲ့ ပြုပြင် ပြောင်းလဲရေး ကာလတွေမှာ အရှုပ်ထွေးဆုံး အခြေအနေ ဖြစ်ပါတယ်။ ဖန်တီးတဲ့သတင်းတွေ၊ နှိုးဆွတဲ့သတင်း တွေ၊ ဖွသတင်းတွေ၊ မလိုတမာ မုန်းတီး တဲ့သတင်းအချို့ စတဲ့ စတဲ့ သတင်း မျိုးစုံကြုံနေရပါတယ်။ ကျွန်တော်တို့ မီဒီယာ ကောင်စီအနေနဲ့က ဥပဒေ အားနည်းချက်တွေကြောင့် ဖြေရှင်းဖို့ မလုံလောက်ပါဘူး။ ဒါကြောင့် သတင်း သမားတွေရဲ့ ရပိုင်ခွင့်ကို တိတိကျကျ ဖော်ဆောင်နိုင်မယ့် ဥပဒေပေါ်ထွက် လာဖို့ ကြိုးစားနေကြရတာပါ"ဟု မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီ-ဦးအုန်းကြိုင်)က ပြောသည်။

 

ယခုအခါ သတင်းမီဒီယာ ဥပဒေမူကြမ်း ပြင်ဆင်ရေးကော်မတီ အနေဖြင့် ပြင်ဆင်ရန် အချက်များကို ဆွေးနွေးပွဲများ ပြုလုပ်ကာ ရယူထားပြီး ဖြစ်သည်။ ယခုဆွေးနွေးပွဲသည် မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီ၏ မူကြမ်း ရေးဆွဲထားသော သတင်းမီဒီယာ ဥပဒေ အခန်း(၁)မှ အခန်း(၁၁)အထိ ဆွေးနွေး အကြံပြုရန်ဖြစ်သည်။ ယင်းအတွက် ယနေ့တွင် တက်ရောက်လာကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သတင်းမီဒီယာသမားများ၊ သတင်းအဖွဲ့ အစည်းများ၊ ဥပဒေပညာရှင်များက အခန်း လိုက်ဆွေးနွေးကြကြောင်း သိရသည်။

 

ထိုမှတစ်ဆင့် ရရှိလာသောအချက် အလက်များ၊ အကြံပြုချက်များကို စုစည်းကာ သတင်းမီဒီယာ ဥပဒေမူကြမ်းပြင်ဆင် ရေးကော်မတီအနေဖြင့် ပြင်ဆင်ရန် အချက်များကို နောက်ဆုံးအဆင့် ရွေးချယ်အတည်ပြုပြီး ပြန်ကြားရေး ဝန်ကြီးဌာနကို တင်ပြကာ ပြည်ထောင်စု လွှတ်တော်သို့ အဆင့်ဆင့် တင်ပြသွား မည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ၏ ပထမ သုံးနှစ်သက်တမ်းတွင်လည်း ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်တို့တွင် မီဒီယာသမားများနှင့်တွေ့ဆုံကာ သတင်းမီဒီယာ ဥပဒေပြင်ဆင် ရေး၏ အားသာချက် အားနည်းချက်များ ကို ဆွေးနွေးပြီး အကြံပြုချက် ရယူခဲ့ ကြောင်း၊ ထို့ပြင် မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲ များကို တိုင်းဒေသကြီးနှင့်ပြည် နယ်ခုနစ်ခုတွင် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

 

မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကို ၂၀၁၄ ခုနှစ် မေ ၃ ရက် တွင် သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေ၊ သတင်းမီဒီယာကျင့်ဝတ်များကို အခြေခံ ကာ ဖွဲ့စည်းခဲ့သည်။ ယခုအခါတွင် မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယ သက်တမ်းသုံးနှစ်အတွက် ရွေးချယ်ဖွဲ့စည်း ပြီးဖြစ်သည်။ ယင်းအပေါ် ဥပဒေ များကို လက်တွေ့ဆောင်ရွက် သည့်အခါ အားသာချက်များ၊ အားနည်းချက်များရှိနေသည့် အတွက် ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် သတင်းမီဒီယာဥပဒေ ပြင်ဆင်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီ-ဦးအုန်းကြိုင်)နှင့် ကောင်စီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ သတင်းမီဒီယာသမားများ၊ ဥပဒေပညာရှင်များနှင့် အခြားဆွေးနွေးဖက် သတင်း ဌာနအဖွဲ့အစည်းများ တက်ရောက်ကြသည်။

 

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)

 

ဓာတ်ပုံ-မျိုးကြီး