ဧရာဝတီတိုင်းဒေသကြီးတွင် လပွတ္တာ(ပင်လယ်လေး)တံတားအား အဆင့်မြှင့်တင် တည်ဆောက်
ဧရာဝတီတိုင်းဒေသကြီးတွင် လပွတ္တာ(ပင်လယ်လေး)တံတားအား အဆင့်မြှင့်တင် တည်ဆောက်
Ministry of Information/ လပွတ္တာ / February 19, 2019

လပွတ္တာ ဖေဖော်ဝါရီ ၁၈
ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ ဒေသခံများ သွားလာရေး အဆင်ပြေလွယ်ကူစေရန်နှင့် ကုန်စည်စီးဆင်းမှုများ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လပွတ္တာ(ပင်လယ်လေး) တံတားသစ် အဆင့်မြှင့်တင် တည်ဆောက်နေပြီဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မှ သိရသည်။
ပင်လယ်လေးမြစ်ကိုဖြတ်ကျော်ကာ တည်ဆောက် မည့် လပွတ္တာ(ပင်လယ်လေး) တံတားသစ်မှာ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်ရှိ လပွတ္တာ-မြောင်းမြ-အိမ်မဲ-ကျောင်းကုန်း-ကျုံပျော်လမ်းပါ်၌ တည်ရှိသည်။ စီမံကိန်းခန့်မှန်းတန်ဖိုးငွေ ကျပ်သန်းပေါင်း ၅၅၀၀ အကုန်အကျခံ အဆင့်မြှင့်တင် တည်ဆောက်မည် ဖြစ်သည်။
လပွတ္တာ(ပင်လယ်လေး) တံတားသစ်အဆင့်မြှင့်တင် တည်ဆောက်ရန်အတွက် ယခင် ကြိုးတံတား ဟောင်းကို ဖယ်ရှား၍ လက်ရှိ ခုံးကျော်တံတားများကဲ့သို့ တည်ဆောက်သွားမည်ဖြစ်သည်။
အဆိုပါတံတားသစ်မှာ အကျယ် ၂၄ ပေ၊ နှစ်လမ်း သွားဖြစ်ကာ ရေလမ်းကင်းလွတ်အမြင့်မှာ ရေအမြင့်ဆုံး နေရာမှ ရှစ်မီတာရှိကြောင်းသိရသည်။ ရေလမ်းကင်းလွတ် အကျယ် မှာ မီတာ ၇၀ ရှိပြီးတံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း (ယာဉ်+ကုန်) တန် ၆၀ ရှိကာ တစ်ဖက်လျှင် သုံးပေ အကျယ် အဝန်းရှိ လူသွားလမ်း ပလက်ဖောင်း အသွား၊ အပြန်ပါရှိကြောင်း တံတားတည်ဆောက်ရေး အဖွဲ့(၁)မှ ညွှန်ကြား ရေးမှူး (မြို့ပြ) ဦးမျိုးဝင်းက ပြောသည်။
လပွတ္တာ(ပင်လယ်လေး)တံတားသစ်တည်ဆောက် ပုံထူးခြားချက်အရ ပင်မကြိုးတံတားဟောင်း အပိုင်းရှိ ကြိုးတံတားအပိုင်းကိုသာ ဖယ်ရှားလိုက်ခြင်းဖြစ်ပြီး မူလ ချဉ်းကပ်တံတား နှစ်ဖက်တွင်ရှိသော သံကူကွန်ကရစ် ရက်မနှင့် ကြမ်းခင်းများကို ပြန်လည် အသုံးပြုမည်ဖြစ်သည်။ လက်ရှိအနေအထား အရ ပင်မတံတားကြိုးတံတား အပိုင်းရှိဘေလီများနှင် ကြိုးများကို ဖျက်သိမ်းခြင်းနှင့် ဖယ်ရှားခြင်း လုပ်ငန်း ၈၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေ ပြီဖြစ်ပြီး တံတားသစ်အဆင့်မြှင့်တင် တည်ဆောက်ခြင်း လုပ်ငန်း ၁၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ တံတားတိုင်များအား အဆင့်လိုက်ဖျက်သိမ်း ဆောင်ရွက်၍ အဆင့်မြှင့်တင် ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။
အဆိုပါ တံတားသစ်အဆင့်မြှင့်တင် တည်ဆောက် ပြီးစီးပါက လပွတ္တာမြို့ရှိ ရေထွက်ကုန်နှင့် လယ်ယာ ထွက်ကုန်ပစ္စည်းများကို ရန်ကုန်မြို့ထိ တိုက်ရိုက်တင်ပို့ နိုင်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ရန်ကုန်-လပွတ္တာ ခရီးစဉ်အား နေ့ချင်းပြန်သွားလာ နိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်း-ပွင့်သစ္စာ ဓာတ်ပုံ-စိုးမြင့်အောင်