ပထမအကြိမ် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ မြန်မာစကားပြော စွမ်းရည်ပြိုင်ပွဲ ကျင်းပမည်
ပထမအကြိမ် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ မြန်မာစကားပြော စွမ်းရည်ပြိုင်ပွဲ ကျင်းပမည်
Ministry of Information/ ရန်ကုန် / February 22, 2019
ရန်ကုန် ဖေဖော်ဝါရီ ၂၁
ပညာရေးဝန်ကြီးဌာန၊ Telecom International Myanmar Co., Ltd. (Mytel) နှင့် Skynet တို့ ပူးပေါင်းမှုဖြင့် မြန်မာလူငယ်များ မြန်မာစာ၊ မြန်မာစကားကို ချစ်ခင်မြတ်နိုး စိတ်ဖြစ်ပေါ်လာစေရေးနှင့် မြန်မာစကားပြော စွမ်းရည်များ တိုးတက်လာစေရေး၊ ထိုမှတစ်ဆင့် ပြင်ပစာပေဖတ်ရှုသည့် အလေ့အထများ ထွန်းကားလာစေ ရေးတို့ကိုရည်ရွယ်၍ ပထမအကြိမ် တက္ကသိုလ်၊ ကောလိပ် ပေါင်းစုံ မြန်မာစကားပြော စွမ်းရည်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၃ ရက်မှ မတ် ၃ ရက်အထိ ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမ၌ကျင်းပသွားမည်ဖြစ်ကြောင်း ယမန်နေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် တိရစ္ဆာန်ဥယျာဉ် လမ်းရှိ Mytel ရုံးချုပ်၌ ကျင်းပသည့် စာနယ်ဇင်းရှင်း လင်းပွဲမှ သိရသည်။
တင်္ခဏုပ္ပတ္တိဥာဏ် ရှင်သန်ထက်မြက်
ပြိုင်ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး ရန်ကုန် တက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာ အောင်မြင့်ဦးက "အဓိကရည်ရွယ်ချက်က မြန်မာ ဘာသာစကားက တိုင်းပြည်ရဲ့ ကျောင်းသုံး၊ ရုံးသုံးမိခင်ဘာသာ စကားဖြစ်တဲ့ အတွက် မြန်မာဘာသာစကားကို ထက်ထက် မြက်မြက်နဲ့ ပြောတတ် ဆိုတတ်ဖို့၊ အသံထွက်ကအစ၊ အသုံးအနှုန်းကအစ မှန်မှန်ကန်ကန် ပြောဆိုရေးသား သုံးနှုန်းနိုင်ဖို့၊ နောင်တစ်ခေတ်မှာ နိုင်ငံ့ခေါင်းဆောင်တွေ ဖြစ်လာမယ့် လူငယ်တွေ မြန်မာဘာသာ စကားကို မှန်မှန်ကန်ကန် ပြောဆိုဆက်သွယ်နိုင်ဖို့၊ ဒီပြိုင်ပွဲ ကျင်းပခြင်းဖြင့် ကျောင်းသား ကျောင်းသူတွေရဲ့ တင်္ခဏုပ္ပတ္တိဥာဏ် ရှင်သန်ထက်မြက်လာစေဖို့ ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုကျင်းပခြင်းဖြင့် ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ မြန်မာစာ၊ မြန်မာဘာသာ စကားနဲ့ပတ်သက်ပြီး ပိုမိုလေးစားလာမယ်၊ တန်ဖိုးထားလာမယ်၊ ပိုပြီးစိတ်ဝင်စား လာမယ်၊ ပြိုင်ပွဲတွေမှာလည်း မြန်မာစကားကို မှန်မှန်ကန်ကန် ပီပီသသနဲ့ ပြောဖို့ဆိုဖို့ သတိထား ရမယ့်ကိစ္စဆိုတာ သိလာမယ်"ဟု ပြောသည်။
ပထမအကြိမ် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ မြန်မာ စကားပြော စွမ်းရည်ပြိုင်ပွဲ၏ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်အဆင့် ဆန်ခါတင်ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် မန္တလေး တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ် တို့တွင် ကျင်းပခဲ့သည်။ အဆိုပါ ဆန်ခါတင်အဆင့် ပြိုင်ပွဲများသို့ အထက်မြန်မာ ပြည်နှင့် အောက်မြန်မာပြည်များမှ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များ၊ နည်းပညာ တက္ကသိုလ်များ၊ ကွန်ပျူတာ တက္ကသိုလ်များ၊ ပညာရေး တက္ကသိုလ်များ၊ သမဝါယမ တက္ကသိုလ်များ၊ ပညာရေးကောလိပ်များ၊ ဝိဇ္ဇာနှင့်သိပ္ပံ ဒီဂရီကောလိပ်များမှ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အထက်မြန်မာ ပြည်မှ ၂၆ ကျောင်း၊ အောက်မြန်မာပြည်မှ ၂၈ ကျောင်း စုစုပေါင်း ၅၄ ကျောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ထိုဆန်ခါ တင် အဆင့်ပြိုင်ပွဲများမှ အထက်မြန်မာပြည် ကျောင်းလေးကျောင်းမှ ကိုယ်စားပြု အသင်းလေးသင်းနှင့် အောက်မြန်မာပြည် ကျောင်းလေးကျောင်းမှ ကိုယ်စား ပြု အသင်းလေးသင်း စုစုပေါင်းရှစ်သင်းတို့သည် ကွာတား ဖိုင်နယ်ပြိုင်ပွဲများ၌ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အဆိုပါရှစ်သင်းမှာ မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်ကိုယ်စားပြု "နှင်းဆီရောင်"အသင်း၊ မန္တလေး တက္ကသိုလ်ကိုယ်စားပြု "မြကွန်းသာ" အသင်း၊ စစ်ကိုင်း ပညာရေးတက္ကသိုလ်ကိုယ်စားပြု "ရွှေမင်းဝံ"အသင်း၊ စစ်ကိုင်းတက္ကသိုလ် ကိုယ်စားပြု "ကန္တာရနှင်းဆီ" အသင်း၊ ပုသိမ်တက္ကသိုလ်ကိုယ်စားပြု"မြဝါးရုံ"အသင်း၊ ရန်ကုန် တက္ကသိုလ်ကိုယ်စားပြု "အဓိပတိ"အသင်း၊ ဒဂုံတက္ကသိုလ် ကိုယ်စားပြု "ဒဂုံမောင်" အသင်းနှင့် ရန်ကုန်ပညာရေး တက္ကသိုလ် ကိုယ်စားပြု "ပညာ့အားမာန်" အသင်းတို့ ဖြစ်ကြသည်။
တိုက်ရိုက်ရိုက်ကူးထုတ်လွှင့်
Mytel ၏ ပြင်ပဆက်ဆံရေး အမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးက "Mytel အနေနဲ့ မြန်မာစကားပြော စွမ်းရည်ပြိုင်ပွဲကို လူငယ်တွေအတွက် ဒီအစီအစဉ်ဟာ အင်မတန်ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်လို့ ယုံကြည်ပြီး အားတက်သရောပါဝင်ကူညီ ဖြစ်ခဲ့တာပါ။ အဓိက ကတော့ ဒီလိုပြိုင်ပွဲတွေရှိလာတဲ့အတွက် မြန်မာစာ၊ မြန်မာစကားကိုလည်း တိုးမြှင့်အားပေးနိုင်မယ်။ လူငယ်တွေအနေနဲ့ ရသစာပေ အပါအဝင် ပြင်ပစာပေတွေဖတ်ရှုတဲ့ အလေ့အထလည်း ပိုမိုထွန်းကားလာလိမ့်မယ် လို့ မျှော်လင့်ပါ တယ်"ဟု ပြောသည်။
Myte အနေဖြင့် ယခုအခါ ပညာရေးကဏ္ဍကို အထူးအလေးထားပြီး ဒစ်ဂျစ်တယ် လမ်းကြောင်းပေါ်သို့ ခေါ်ဆောင်သွားနိုင်ရန် ကြိုးပမ်းလျက်ရှိရာ မြန်မာလူငယ်များ အကြား မြန်မာစာ၊ မြန်မာစကား ကျွမ်းကျင်မှု ပိုမိုတိုးတက်စေရန် ဆောင်ရွက်ပေးသင့်သည်ဟု ခံယူသဖြင့် ပညာရေးဝန်ကြီးဌာနနှင့် Skynet တို့နှင့်အတူ လက်တွဲ ပူးပေါင်း၍ ယခုအစီအစဉ်တွင် အဓိကကူညီပံ့ပိုးသူအဖြစ် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲ ပွဲစဉ်များကို Skynet Up To Date နှင့် Education ရုပ်သံလိုင်းများနှင့် Mytel ၏ My TV တို့တွင် ညစဉ် ညနေ ၆ နာရီမှစတင်ကာ တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့် ပြသသွားမည်ဖြစ်သည်။
အကဲဖြတ်ဒိုင်လူကြီးများအဖြစ် စာရေးဆရာမ မစန္ဒာ၊ စာရေးဆရာ မောင်သာချိုနှင့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက် တို့ကလည်းကောင်း၊ ပြိုင်ပွဲ အခမ်းအနားမှူးများအဖြစ် ဦးအရိုင်းနှင့် ကျော်ကျော်ဗို တို့ကလည်းကောင်း ဆောင်ရွက်သွားကြ မည်ဖြစ်ကြောင်း သိရသည်။
ချီးမြှင့်
အကဲဖြတ်ဒိုင်လူကြီးများ၏ အကဲဖြတ်အမှတ်များနှင့် ပရိသတ်တို့၏ SMS Voting တို့ကို ပေါင်းစပ်၍ ရွေးချယ် ပေးသွားမည်ဖြစ်သည်။ ပရိသတ်များအနေဖြင့် မိမိတို့ နှစ်သက်ရာအသင်းများကို Mytel ၏ SMS ၈၆၆၈ ကို ခေါ်ဆိုကာ အသင်းကိုယ် စားပြုသင်္ကေတကို ရိုက်နှိပ်၍ မဲပေးနိုင်မည်ဖြစ်သည်။
ပြိုင်ပွဲတွင်ဆုများအဖြစ် ကွာတားဖိုင်နယ်အဆင့်တွင် ရှုံးနိမ့်သွားသည့် အသင်းလေး သင်းအား တစ်သင်းလျှင် ငွေကျပ် ခြောက်သိန်းစီ၊ အကြိုဗိုလ်လုပွဲတွင် ရှုံးနိမ့်သွား သည့် အသင်းနှစ်သင်းကို တစ်သင်း လျှင် ငွေကျပ် ၁၂ သိန်းစီ၊ ဗိုလ်လုပွဲတွင် ရှုံးနိမ့်သွားသည့်အသင်းကို ငွေကျပ် သိန်း ၆၀ နှင့် အနိုင်ရဗိုလ်စွဲသွားသည့် အသင်းအား ငွေကျပ် သိန်း ၁၅၀ ကိုMytel က ချီးမြှင့်သွားမည်ဖြစ် ကြောင်း သိရသည်။
အသေးစိတ်သိရှိလိုပါက kd pr@passionmyanmar.com သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
သတင်း - ရီရီမြင့်
ဓာတ်ပုံ - ရဲထွဋ်
