အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်ဂျပန် - မြန်မာ ချစ်ကြည်ရေး ကပွဲတက်ရောက်
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်ဂျပန် - မြန်မာ ချစ်ကြည်ရေး ကပွဲတက်ရောက်
Ministry of Information/ နေပြည်တော် / February 22, 2019

နေပြည်တော် ဖေဖော်ဝါရီ ၂၁
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ MANJUSHAKA နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ရေးအကအဖွဲ့တို့ ပူးပေါင်းတင်ဆက်သည့် ဂျပန် - မြန်မာ ချစ်ကြည်ရေးကပွဲကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။
ကပွဲ၌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ယခုကပွဲသည် ဂျပန်-မြန်မာ ချစ်ကြည်ရေးနှင့်ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေမည်ဖြစ်ပြီး နှစ်နိုင်ငံ ခရီးသွားလာမှုနှင့် ဆက်ဆံရေးကို ပိုမိုမြှင့်တင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့ကပွဲသို့ တက်ရောက်လာကြသည့် ဂျပန်နိုင်ငံသားများ အနေဖြင့်လည်း မြန်မာနိုင်ငံ၌ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင် ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဂျပန် MANJUSHAKA နိုင်ငံတကာယဉ်ကျေးမှု ဖလှယ်ရေးအကအဖွဲ့ တည်ထောင်သူ Ms. Mamarosa နှင့် ပွဲစီစဉ်သူ ဒေါ်မေညိုတို့က အကအဖွဲ့၏ ဖျော်ဖြေတင်ဆက်ခဲ့မှုများ ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် ဂျပန်အကအဖွဲ့က ၁၇ ရာစုနှောင်းပိုင်းအက၊ အလွန် အေးသော ဒေသတွင် ထွန်းကားခဲ့သည့် ရိုးရာအက၊ ရဲတိုက်သို့ မင်္ဂလာ ဆောင်လမ်းသို့ လမ်းလျှောက်ဝင်မည့် သတို့သမီး၏ အကအလှ၊ ရွှေရောင် ခြယ်ပန်းချီကားပုံပြင်၊ နှစ်ပါးစုံညီ၊ ဂုဏ်ပြုအရက်ပွဲအက၊ အာရှ၏ပင်လယ်စောင့်နတ်သမီး၊ လူသားတွေ ငြိမ်းချမ်းပါစေနှင့် ကံကောင်းခြင်းများ ယူဆောင်လာစေရန် တောင်းဆု ခြွေအက၊ အိပ်မက်များ အကောင်အထည်ဖော်သည့်အက၊ နဂါးအက၊ ဂျပန်ရိုးရာအကများနှင့် နိုင်ငံတကာသို့ သွားရောက်ကပြရာတွင် လူကြိုက်များသည့် အကများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
အဆိုပါကပွဲသို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့်ဇနီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ JICA မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများက ကြည့်ရှုအားပေးကြသည်။
သတင်းစဉ်