ဂျပန်ရိုးရာ ပိုးမွေးမြူခြင်းနှင့် အရည်အသွေးမြှင့်ပိုးချည်မျှင်ထုတ်လုပ်သည့်နည်းပညာမိတ်ဆက်ဖြန့်ဖြူး
ဂျပန်ရိုးရာ ပိုးမွေးမြူခြင်းနှင့် အရည်အသွေးမြှင့်ပိုးချည်မျှင်ထုတ်လုပ်သည့်နည်းပညာမိတ်ဆက်ဖြန့်ဖြူး
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / February 22, 2019

ဘားအံ ဖေဖေါ်ဝါရီ ၂၁
ဂျပန်နိုင်ငံ Daimatsu Co,.Ltd မှ ဦးစီးပြီး ဒေသဖွံဖြိုးရေးအတွက် JICA ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနတို့ပူးပေါင်း၍ ပိုးချည်မျှင်လက်ရက်ကန်းထုတ်လုပ်ခြင်းနှင့်အရည်အသွေးမြင့်ပိုးချည်မျှင် ထုတ်လုပ်သည့် ဂျပန်နည်းပညာများကို ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက် မိတ်ဆက်ဖြန့်ဖြူးပေးမှုစီမံကိန်း ဂျပန်ရိုးရာ ပိုးမွေးမြူခြင်းနှင့် အရည်အသွေးမြှင့်ပိုးချည်မျှင်ထုတ်လုပ်သည့် နည်းပညာမိတ်ဆက်ဖြန့်ဖြူးမှုအခမ်းအနားကို ဖေဖေါ်ဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ အိန္ဒု-မော်လမြိုင်ကားလမ်းဘေးရှိ ကမော့ကပိုမျိုးသန့်ခြံ၌ ကျင်းပသည်။
ရှေ့ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ကရင်တိုင်ရင်းသားလူမျိုးများ၏ ရိုးရာဂျပ်ခုတ်ကို အထူးပင်စိတ်ဝင်စားပါကြောင်း၊ ကရင်ရိုးရာဂျပ်ခုပ်ထည်များကို ပိုးချည်ဖြင့် ရက်လုပ်ပါက ပို၍လူကြိုက်များစိတ်ဝင်စားမည်ဟု ယုံကြည့်သည့်အတွက် ယခုကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ ဒုတိယအတွင်းဝန် Mr.Keisuke Amimoto က နှုတ်ခွန်းဆက်စကားပြောကြားကာ မြန်မာနိုင်ငံဆိုင်ရာ JICA အဖွဲ့အစည်းမှ ဒုတိယဌာနေကိုယ်စားလှယ် Mr.Nobuo Iwai က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဂျပန်နိုင်ငံ Daimatsu Co,.Ltd ဥက္ကဋ္ဌ Mr.Keiji Fujii က ပိုးချည်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပိုးမွေးမြူရေးပညာရှင် Mr.Hiraishi က ပိုးချည်ထုတ်လုပ်မှုဗီဒီယိုမှတ်တမ်းအား ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က ဂျပန်ရိုးရာပစ်တိုင်းထောင်အရုပ်အား မျက်လုံးရေးဆွဲ၍ အလင်းဖွင့်လှစ်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပိုးချည်မျှင် လက်ရက်ကန်းအလုပ်ရုံ၌ ပိုးချည်ထုတ်လုပ်မှုအဆင့်အဆင့်အား လှည်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
မြန်မာနိုင်ငံအတွင်း ပိုးထည်ထုတ်လုပ်သည့်လုပ်ငန်းပျောက်ကွယ်မည့်အလားအလာနှင့် တရုတ်နိုင်ငံမှတင်သွင်း နေရသည့်အခြေအနေကြောင့် ပိုးမွေးမြူခြင်းနှင့် အရည်အသွေးမြှင့်ပိုးချည်မျှင်ထုတ်လုပ်သည့်နည်းပညာများအား ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက် မိတ်ဆက်ဖြန့်ဖြူးပေးခြင်းအားဖြင့် မြန်မာ့ပိုးထည်လုပ်ငန်းကို ပြန်လည်ဦးမော့လာစေမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်၏ ပူပြင်းစိုစွတ်သည့် ရာသီဥတုနှင့်ကိုက်ညီသည့် ဂျပန်ရိုးရာပိုးမွေးမြူခြင်းနှင့် ပိုးချည်မျှင်ထုတ်လုပ်ခြင်းနည်းပညာကို တောင်သူများထံသို့လက်ဆင့်ကမ်း၍ အရည်အသွေမြင့်မားသည့် ပိုးလုံး၊ ပိုးချည်များကို ထုတ်လုပ်နိုင်ရန် လိုအပ်သည့်ပြင်ဆင်မှုများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပိုးမွေးမြူခြင်း၊ ပိုးချည်ထုတ်လုပ်ခြင်း စသည့်အလုပ်အကိုင်အခွင့်အလမ်းများကြောင့် တောင်သူများဝင်ငွေတိုးတက်ရရှိစေမည်ဖြစ်ကြောင်း အဆိုပါ နည်းပညာမိတ်ဆက်ဖြန့်ဖြူးသည့်အခမ်းအနားမှ သိရသည်။