၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၌ ၁၂၁၇၅၉ ဦး ဝင်ရောက်ဖြေဆို
၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၌ ၁၂၁၇၅၉ ဦး ဝင်ရောက်ဖြေဆို
Ministry of Information/ ရန်ကုန် / March 07, 2019

ရန်ကုန် မတ် ၆
၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယနေ့ နံနက်ပိုင်းမှ စတင်ဖြေဆိုရာ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုခဲ့ကြ ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး စာစစ်ဌာန ၂၂၇ ခုတွင် စာရင်းရှိဖြေဆိုမည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၂၉၆၇၉ ဦးရှိရာ ယနေ့တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၂၁၇၅၉ ဦး (၉၃ ဒသမ ၈၉ ရာခိုင်နှုန်း) ဖြေဆိုကြပြီး ကျောင်းသား ကျောင်းသူ စုစုပေါင်း ၇၉၂၀ (၆ ဒသမ ၁၁ ရာခိုင်နှုန်း) ပျက်ကွက်ကြောင်း အခြေခံပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ပညာရေး မှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စေရန် စီစဉ်ထားမှုများနှင့်ပတ်သက်၍ ပုဇွန်တောင်မြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သိန်းက “အထက-၄ ပုဇွန်တောင်ကျောင်း စာစစ်ဌာနအတွက် ပြင်ဆင်ပေးခဲ့တယ်။ ဒီနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုတဲ့အခါမှာ ကျောင်းအုပ်ဆရာမကြီးတွေ ကျောင်း ပြောင်းပြီး တာဝန်ထမ်းဆောင်ရတဲ့အတွက် ကျွန်မက အထက-၁ သာကေတ စာစစ်ဌာနမှာ တာဝန်ယူရပါတယ်။ အထက-၄ ပုဇွန်တောင်ကျောင်း စာစစ်ဌာနအတွက် ကျောင်းတွင်းဖြေ ရယ်၊ အလွတ်ဖြေရယ် စုစုပေါင်း ၃၁၄ ဦး ရှိပါ တယ်။ ဘာသာတွဲက နှစ်တွဲပဲ ဖြေဆိုကြ မှာပါ။ ဓာတု၊ ဇီဝအတွဲရယ်၊ ဓာတု၊ ဘောဂ အတွဲရယ် နှစ်တွဲပဲဖြေရမှာ ဖြစ်ပါတယ်။
“ကလေးတွေ စာမေးပွဲဖြေရာမှာ စိတ်ချမ်းသာမှုရစေဖို့အတွက် အခန်းတွေ သန့်ရှင်းအောင် စီစဉ်ထားပေးတယ်။ မီးချောင်းတွေနဲ့ အခန်းတွေ အလင်းရောင် ရရှိအောင်လည်း ပြင်ဆင်ပေးထားပါ တယ်။ ဒီနှစ်ရဲ့ထူးခြားချက်က စာဖြေခန်း တိုင်းမှာ တိုင်ကပ်နာရီ တစ်လုံးစီ တပ်ပေးထားပါတယ်။ ကျောင်းရုံးခန်းထဲမှာရှိတဲ့ နာရီနဲ့ မြန်မာစံတော်ချိန် နာရီနဲ့ တိုက်ပြီး တော့မှ စာဖြေခန်းအသီးသီးမှာ တိုင်ကပ် နာရီတွေ အားလုံး တပ်ပေးထား ပါတယ်။ သောက်ရေ၊ သုံးရေရရှိရေး၊ ကျောင်းတွင်း ကျောင်းပြင် လုံခြုံရေးအားလုံးကိုလည်း ကျွန်မတို့စီမံချက်တွေ ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ထားပါတယ်။
“တက္ကသိုလ်ဝင် စာမေးပွဲကတော့ မြန်မာနိုင်ငံမှာ အင်မတန်စည်းစနစ်ကျတဲ့ စာမေးပွဲ တစ်ခုဖြစ်တဲ့အတွက်ကြောင့် ကြီးကြပ်ရေးမှူးလုပ်မယ့် ကျောင်းအုပ် ကြီးတွေက ကိုယ်တာဝန်ကျတဲ့ စာစစ်ဌာနအသီးသီးမှာ စာဖြေမယ့်ကလေးတွေ အဆင်ပြေချောမွေ့အေးချမ်းစွာ ဖြေဆို နိုင်ရေးအတွက် စီမံချက်တွေရေးဆွဲပြီး စာဖြေသူကျောင်းသားတွေ စည်းကမ်းတကျ အေးအေးချမ်းချမ်း ဖြေဆိုနိုင်ဖို့ အတွက်ကို ကျောင်းတွေမှာ ပြည့်ပြည့်စုံစုံ ပြင်ဆင်ထားပါတယ်။ ကျောင်းပြောင်း တာဝန် ထမ်းဆောင်ရာမှာ ကိုယ့်ကျောင်းမှာ တာဝန်ထမ်းဆောင်မယ့် ကြီးကြပ်ရေးမှူးတွေ အဆင်သင့်ဖြစ်ဖို့အတွက် စာဖြေခန်းတွေရော၊ ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းဖို့ လုံခြုံဖို့အတွက် ရော၊ သောက်ရေ သုံးရေ ပြည့်ပြည့်စုံစုံ ရရှိရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းရေး၊ မီးအလင်းရောင်ရရှိရေး၊ ပင်မကျောင်း တွေက တာဝန်ယူဆောင်ရွက်ပေးခဲ့ရပါတယ်”ဟု ပြောသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုချိန်ကာလအတွင်း ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆို နိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများကလည်း ကျောင်းပြင်ပ တွင် လုံခြုံ ရေးတာဝန်များနှင့်အတူ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိ သည်ကို တွေ့ရသည်။
ဒဂုံမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ ကျောင်းသား မောင်မင်းခန့်ကိုက “ကျွန်တော့်ရဲ့ စာဖြေ ဌာနက အထက-၁ ဒဂုံပါပဲ။ ဒီနေ့ မြန်မာစာကို ဖြေနိုင်ပါတယ်။ ကျက်ထားတာတွေလည်း အကုန်ပါပါတယ်။ မေးခွန်းပုံစံက နည်းနည်းပြောင်းထားပါတယ်။ မေးခွန်း ပုံစံမှာ ဒီနှစ် ပြောင်းထားတာက အဆိုများအနက် တစ်ခုကို ထောက်ခံ၍ဖြစ်စေ၊ ကန့်ကွက်၍ဖြစ်စေ ဆွေးနွေးပါဆိုတဲ့ မေးခွန်းလေးတော့ ပြောင်းထားပါတယ်။ အရင်နှစ်က စာစီစာကုံးဆိုရင် အမှတ် ၂၀ ပေးတာ၊ အခုနှစ်က စာစီစာကုံးနဲ့ ခုနက အဆိုမေးခွန်း နှစ်ခုပေါင်းမှ အမှတ် ၂၀ ပေးတယ်။ မေးခွန်းပုံစံပြောင်းပေမယ့်လည်း မြန်မာစာကို ကောင်းမွန်စွာ ဖြေနိုင် ခဲ့ပါ တယ်”ဟု ပြောသည်။
“ကျွန်တော့်သားက ဒဂုံ(၁) စာစစ်ဌာနမှာ စာမေးပွဲဖြေခဲ့ပါတယ်။ မြန်မာစာကိုတော့ ကောင်းမွန်စွာ ဖြေနိုင်ခဲ့ပါတယ်။ ကလေးတွေက ၉ တန်းစာမေးပွဲပြီးကတည်းက အခုချိန် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုချိန်အထိ ကြိုးစားပြင်ဆင်ခဲ့ရတာပါ။ စာဖြေ ကျောင်းသား ကျောင်းသူတိုင်းကို အောင်မြင်စွာ ကြိုးစားဖြေဆို စေချင်ပါတယ်။ မိဘ တစ်ယောက်အနေနဲ့ ဘာသာတိုင်းကို ဝင်ရောက်ဖြေဆိုကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကျောင်းသား ကျောင်းသူတွေ စိတ်ချမ်းသာစွာ ဖြေဆိုနိုင်ဖို့အတွက် သင်ကြားပေးကြတဲ့ ဆရာ ဆရာမတွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ကျောင်းသားမိဘ ဦးအောင်ကိုညွန့်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ မျက်မမြင်၊ ဆွံ့အ၊ နားမကြား ကျောင်းသား ကျောင်းသူများသည် အထက(၂) ကြည့်မြင်တိုင် မြို့နယ်တွင် ရှစ်ဦး အထက(၂) အင်းစိန်မြို့နယ်တွင် ငါးဦး၊ အထက(၃) ဒဂုံမြို့နယ်တွင် ခြောက်ဦး စုစုပေါင်း ၁၉ ဦး တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကိုဖြေဆိုခဲ့ကြကြောင်း အခြေခံပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။ ထို့ပြင် ဆေးရုံတက်ကုသမှုခံယူနေသည့် ကျောင်းသား ကျောင်းသူ ၁၆ ဦးတို့မှ လည်း ယနေ့ မြန်မာစာဘာသာကို ဆေးရုံ ဖြေအနေဖြင့် ဝင်ရောက်ဖြေဆိုကြသည်။
သတင်း-ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ-ဇော်မင်းလတ်