စာစစ်ဌာန မှားယွင်းရောက်ရှိလာသော ကျောင်းသားသုံးဦးကို ယာဉ်ထိန်းတပ်ဖွဲ့မှ စာမေးပွဲအချိန်မီ ပို့ဆောင်ပေး


Ministry of Information/ ရန်ကုန် / March 07, 2019
image_latest


ရန်ကုန် မတ် ၆

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကို မတ် ၆ ရက်တွင် စတင်ဖြေဆိုကြလျက်ရှိရာ ကျောင်းသားအချို့မှာ စာစစ်ဌာန မှားယွင်းမှုကြောင့် ဖြေဆိုရန် သွားလာရေး အခက် အခဲဖြစ်ပေါ်လျက်ရှိရာ ယာဉ်ထိန်းတပ်ဖွဲ့တို့မှ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန် လိုက်ပါ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။

ယနေ့နံနက် ၈ နာရီ ၅၈ မိနစ်တွင် ကြည့်မြင်တိုင်အမှတ်(၂)အထက်တန်း ကျောင်းတွင်ဖြေဆိုရမည့် ကျောင်းသားတစ်ဦးမှာ ဖြေဆိုချိန်နီးကပ်ချိန်တွင် စမ်းချောင်း အမှတ် (၂) အထက်တန်း ကျောင်းသို့ မှားယွင်းရောက်ရှိလာသဖြင့် ယာဉ်ထိန်းတပ်ဖွဲ့စု (၄၂)မှ တပ်ဖွဲ့ဝင်က မီးတန်းယာဉ်ဆိုင်ကယ်ဖြင့် ကြည့်မြင်တိုင် အမှတ်(၂) အထက်တန်းကျောင်းသို့ လိုက်ပါပို့ဆောင်ခဲ့ရာ ကြည့်မြင်တိုင် စာစစ်ဌာနသို့ ဖြေဆိုရန် နှစ်မိနစ်အလိုတွင် ရောက်ရှိခဲ့သည်။ ကျောင်းပေါက်ဝရှိ ကျောင်းသားမိဘများက ယာဉ်ထိန်း တပ်ဖွဲ့ဝင်အား ချီးကျူးအားပေးစကား ပြောကြားပြီး တာဝန်ကျ ဆရာ ဆရာမ များက ကျောင်းသားကို စာဖြေခန်းအတွင်း လိုက်ပါပို့ဆောင်ခဲ့သည်။

ထို့နည်းတူ အဆိုပါစာမေးပွဲဖြေဆိုမည့် ကျောင်းသူနှစ်ဦးမှာလည်း ကြည့်မြင်တိုင် အမှတ် (၂) အထက်တန်းကျောင်း စာစစ်ဌာနအစား အမှတ် (၁) အထက်တန်းကျောင်းသို့ ရောက်ရှိ ခဲ့သည့်အတွက် ကြည့်မြင်တိုင်မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ စုမှ မီးတန်းယာဉ်ဖြင့် အချိန်မီ လိုက်ပါပို့ဆောင်ခဲ့ရာ နံနက် ၉ နာရီ ၇ မိနစ်တွင် ကျောင်းသို့ ရောက်ရှိပြီး စာမေးပွဲကို အချိန်မီ ဖြေဆိုနိုင်ခဲ့ကြောင်း သိရသည်။

သတင်း-သန်းထိုက်

ဓာတ်ပုံ - သန်းစိုး