နှစ်(၇၀)ပြည့် ပအိုဝ်းအမျိုးသားနေ့(အကြို)အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည် တက်ရောက်


Amyotha Hluttaw/ နေပြည်တော် / March 14, 2019


နှစ်(၇၀)ပြည့် ပအိုဝ်းအမျိုးသားနေ့(အကြို)အခမ်းအနားကို (၁၃.၃.၂၀၁၉)ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ၎င်းတို့၏ဇနီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးများ၊ ဒေသဦးစီးဥက္ကဋ္ဌများ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ဦးဆောင်နာယက၊ နေပြည်တော် ပအိုဝ်းအမျိုးသားနေ့ကျင်းပရေး ကော်မတီဥက္ကဋ္ဌ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု(ဗဟို)ဥက္ကဋ္ဌ၊ ဒေသအသီးသီးမှ ပအိုဝ်းကိုယ်စားလှယ်များနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

အခမ်းအနား မစတင်မီ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် ပအိုဝ်းတိုင်းရင်းသားများ၏ မှတ်တမ်းဓာတ်ပုံပြခန်းအား လှည့်လည်ကြည့်ရှုသည်။

ယင်းနောက် ပင်လောင်းမြို့နယ် ယဉ်ကျေးမှုအဖွဲ့၏ “ခမ်းရင်သား”တေးသီချင်း ကပြဖျော်ဖြေမှုဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က မိန့်ခွန်းပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးများ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များ၊ ပအိုဝ်းအကြီးအကဲများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။