ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ တတိယ အကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


Ministry of Information/ ​နေပြည်တော် / March 22, 2019
image_latest


နေပြည်တော် မတ် ၂၂

မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ၏တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှု ဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီးဦးတင်မြင့်၊ ဦးကြည်မင်းနှင့် ဦးလှမော်ဦး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်နှင့် မန္တလေးအနုပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ကျွမ်းကျင်ပညာရှင်များ၊ မြန်မာနိုင်ငံ သမိုင်းအဖွဲ့၊ မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ သဘင်ပညာရှင် များ အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ ဗိသုကာလက်ရာ ပညာရှင်များအသင်း၊ အသင်းအဖွဲ့ ကိုယ်စားလှယ်များနှင့် တာဝန် ရှိသူများတက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတ က မြန်မာနိုင်ငံတွင် ရှေးနှစ်သန်းပေါင်းများစွာကတည်းက ပေါ်ထွန်းခဲ့သည့် ပရိုင်းမိတ် နှင့် ကျောက်ဖြစ်ရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိခဲ့ပါကြောင်း၊ ထို့အတူ နိုင်ငံသည် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် စသည့် သမိုင်းမတင်မီခေတ်များကို ဖြတ်သန်း လာခဲ့သည်ကိုလည်း ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထား များအရ သိရှိနိုင်ပါ ကြောင်း၊ သမိုင်းတင်ခေတ်တွင်လည်း ပျူ၊ မွန်၊ ရခိုင်တို့၏ ရှေးဟောင်းမြို့တော်များတွင် ယဉ်ကျေးမှုများ အသီးသီးထွန်းကားခဲ့ပါကြောင်း၊ ပထမမြန်မာနိုင်ငံတော်အဖြစ် ပုဂံခေတ် စတင်ထွန်းကားခဲ့ပြီး ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်းနှင့် ကုန်းဘောင်စသည်ဖြင့် ခေတ်အဆက်ဆက်ပေါ်ထွန်းခဲ့သည်ကို တွေ့ရှိနိုင်ပါကြောင်း၊ ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့ သည့် ရှေးဟောင်းမြန်မာ့သမိုင်းကြောင်းတစ်လျှောက်တွင် လူများဖန်တီးခဲ့သည့် အနုပညာ လက်ရာများနှင့် ဗိသုကာလက်ရာများကို ဒြပ်ရှိယဉ်ကျေးမှုများအဖြစ် နိုင်ငံတဝှမ်းတွင် အမြောက်အမြား တွေ့ရှိနိုင်ပါကြောင်း၊ ထို့အတူ ခေတ်အဆက်ဆက်ပေါ်ထွန်းခဲ့သည့် ဘာသာ ရေးဆိုင်ရာ ကိုးကွယ်ယုံကြည်မှုများ၊ ဓလေ့ထုံးတမ်း အစဉ်အလာများနှင့် ပွဲတော်များစသည့် ဒြပ်မဲ့ယဉ်ကျေးမှုများကိုလည်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းရင်းသား လူမျိုးစုအားလုံးတွင် တွေ့ရှိနိုင် ပါကြောင်း၊ ထိုသို့ ခေတ်အဆက်ဆက်ပေါ်ထွန်းတည်ရှိခဲ့သည့် ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များသည် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးအတွက် ဂုဏ်ယူဖွယ် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ယဉ်ကျေးမှုအမွေအနှစ်များမှ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ စသည့် ပျူမြို့ဟောင်း (၃)မြို့ကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၂ ရက်တွင် ကမ္ဘာ့ အမွေအနှစ်အဖြစ် တက်လှမ်း နိုင်ခဲ့ပြီးဖြစ်ပါကြောင်း။

အလားတူ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရား ကျောက်စာများ၊ မြစေတီ (ရာဇကုမာရ်) ကျောက်စာ၊ ပုဂံရွှေစည်းခုံဘုရားရှိ ဘုရင့်နောင် မင်းတရားကြီး ခေါင်းလောင်းစာတို့သည် ကမ္ဘာ့အလယ်တွင် ဂုဏ်ယူစွာ မှတ်တမ်းတင်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အတူရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှစ်သောင်း ဘုရားရှိ အာနန္ဒစန္ဒြ ကျောက်စာကိုလည်း ၂၀၁၈ ခုနှစ်တွင် အာရှ-ပစိဖိတ်ဒေသတွင်း မှတ်တမ်းအမွေအနှစ် စာရင်းဝင်အဖြစ်  ထည့်သွင်း သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာ့မှတ်တမ်းအမွေအနှစ် သတ်မှတ်နိုင်ရေး အတွက် ၂၀၂၀ ခုနှစ် UNESCO သို့ ဆက်လက် တင်သွင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် အဆိုပြု စာတွဲ (အပြည့်အစုံ) Nomination Dossier (Complete)ကို ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်တွင် ကမ္ဘာ့ အမွေအနှစ်ကော်မတီသို့ အချိန်မီတင်ပြနိုင်ခဲ့ပါကြောင်း။

ထိုသို့တင်ပြခဲ့သည့် စာတွဲများကို နိုင်ငံတကာအထိမ်းအမှတ် အဆောက်အအုံနှင့် နေရာဒေသ များကောင်စီ (International Council On Monuments and Sites -ICOMOS) စုံညီအဖွဲ့က ဖတ်ရှုပြီး အဖွဲ့၏နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်က၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်မှ (၂၅)ရက်အထိ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို လာရောက်အကဲဖြတ် လေ့လာ ဆန်းစစ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပြီး ၎င်းအဖွဲ့က မေးမြန်းလာသည့် ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ပတ်သက်သည့် ဖြေရှင်းမည့်နည်းလမ်းများ၊ စီမံခန့်ခွဲမှုစနစ်နှင့် ပတ်သက်သည့် ရှေးဟောင်းသုတေသနဆိုင်ရာ အခြေပြမြေပုံရေးဆွဲထားရှိမှု၊ ပုဂံဒေသအတွက် တစ်ခုတည်း သော မြေပုံရေးဆွဲထားရှိမှု၊ ငလျင်အခြေပြမြေပုံရေး ဆွဲထားရှိမှု၊ သဘာဝဘေးအန္တရာယ် စီမံ ခန့်ခွဲမှုနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု၊ ယဉ်ကျေးမှုအမွေအနှစ်အပေါ် ထိခိုက်မှုရှိ၊ မရှိလေ့လာဆန်းစစ်အကဲဖြတ်ခြင်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ ပုဂံဒေသအတွင်းရှိ အဆင့်အတန်း မသတ်မှတ်ရသေးသည့် ဘုရား၊ ပုထိုးများနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက် နေမှု အခြေအနေ၊ လူမှုအသိုက်အဝန်းများ ပါဝင်ပတ်သက်မှုအခြေအနေ၊ ပုဂ္ဂလိကပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် အခြေအနေတို့ကို မြန်မာနိုင်ငံမှ ပြန်လည် ဖြေကြားခဲ့ပြီး ဖြစ်ပါကြောင်း။

ထို့ပြင် “ကမ္ဘာ့အမွေအနှစ်စာရင်း၊ ၂ဝ၁၉ ပုဂံ(မြန်မာ) - ကြားဖြတ်” အစီရင်ခံစာ (Interim Report and Additional Information Request) နှင့် သတင်းအချက်အလက်များကိုလည်း ICOMOS ထံသို့ ပေးပို့ခဲ့ပြီးဖြစ်၍ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့၌ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၃၀) ရက်မှ ဇူလိုင်လ (၁၀) ရက်ထိကျင်းပပြုလုပ်မည့် (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံ အစည်းအဝေးတွင် ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ရေးကို ဆုံးဖြတ်နိုင် တော့မည် ဖြစ်ပါကြောင်း။

ဆက်လက်၍ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ဖြစ်ရေး အတွက် ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ကော်မတီများဖွဲ့စည်း၍ အဆိုပြုစာတွဲ (Nomination Dossier) ကို ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ တင်ပြနိုင်ရေးအတွက် ကဏ္ဍ အသီးသီးတွင် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့သောဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံ၏အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို ကမ္ဘာ့အမွေနှစ်အဖြစ် တက်လှမ်းနိုင်ရန် ကြိုးပမ်း ဆောင်ရွက်မှုများပင် ဖြစ်ပါကြောင်း၊ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များသည် မြန်မာနိုင်ငံအနှံ့အပြားတွင် တည်ရှိနေပြီး ထင်ရှားသည့် ယဉ်ကျေးမှုအမွေအနှစ်များအပြင် တိမ်မြှုပ်နေသည့် ယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေဖော်ထုတ် ထိန်းသိမ်းကာကွယ် သုတေသနပြုရန် လိုအပ်နေဦးမည်ဖြစ်ပါကြောင်း၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ရေရှည် တည်တံ့အောင်ဆောင်ရွက်ကြရန် မြန်မာနိုင်ငံသား အားလုံးတွင် တာဝန်ရှိသည်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အတည်အလင်း ဖော်ပြထားပါကြောင်း။

မြန်မာနိုင်ငံအတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရာတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ရှေးဟောင်း ဝတ္ထုပစ္စည်းများနှင့် ရှေးဟောင်း အဆောက်အအုံများကို အဆောက်အဦဆိုင်ရာ ကာကွယ်ထိန်းသိမ်းခြင်း၊ ဓာတုဗေဒဆိုင်ရာ ကာကွယ်ထိန်းသိမ်း နည်းများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင် ကာကွယ်နိုင်ရန် သိပ္ပံနည်းကျသုတေသန လုပ်ငန်းများနှင့် မြေပုံများရေးဆွဲ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရှေးဟောင်း ဝတ္ထုပစ္စည်းနှင့် ရှေးဟောင်းအဆောက်အအုံဆိုင်ရာ ကာကွယ် ထိန်းသိမ်းရေး ဥပဒေများကို ထုတ်ပြန်ကာကွယ် ထိန်းသိမ်းခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်တွင် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို အသစ် ပြန်လည်ရေးဆွဲ ပြဋ္ဌာန်းနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ အဆိုပါ ဥပဒေတွင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို သာမက ဒေသခံ လုပ်သားပြည်သူများ၏ လူနေမှုဘ၀နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်လာစေရန်နှင့် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်နိုင်စေ ရန် ရေးဆွဲနိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။

ကော်မတီဝင်များအနေဖြင့် နိုင်ငံအတွင်းရှိ ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ် ထိန်းသိမ်းဖော်ထုတ်ခြင်းနှင့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မိမိတို့နှင့်သက်ဆိုင် သည့် လုပ်ငန်းတာဝန်များကို အတူတကွလက်တွဲ ဆောင်ရွက်သွားနိုင်ရန် ဌာနတစ်ခုနှင့်တစ်ခု ဆက်သွယ်ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ သို့မှသာ အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သည့် လုပ်ငန်းကဏ္ဍများသည် ပိုမိုတိုးတက် ကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် အကြံဉာဏ်ကောင်းများဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင် ဆောင်ရွက်သွားကြရန် တိုက်တွန်း အပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် အဆောက်အဦများ၊ နေရာဒေသများနှင့် ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှု အမွေနှစ်များ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ ယဉ်ကျေးမှုအမွေအနှစ် ဒေသများနှင့် ဆက်စပ်ဒေသများ ထိန်းသိမ်းစောင့်ရှောက်ရေး တို့နှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးကြည်မင်းက ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးကို ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည့် အခြေအနေများနှင့် ပြန်လည်ပြုပြင် ထိန်းသိမ်း စောင့်ရှောက်လျက် ရှိသည့် အခြေအနေများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် က မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်္မတီဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၁၇) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို အတည်ပြုနိုင်ရေး၊ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ငလျင်ဒဏ်ခံရှေးဟောင်း အဆောက်အအုံ များ ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးဆောင်ရွက် ပြီးစီးမှုအခြေအနေများ၊ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ကာကွယ် ထိန်းသိမ်းရေး ဥပဒေရေးဆွဲရေးအတွက် မူဝါဒများချမှတ်ပေးနိုင်ရေး၊ ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို မှတ်တမ်းတင်ပေးနိုင်ရေး၊ မြန်မာနိုင်ငံပြတိုက်များဥပဒေ (မူကြမ်း) ရေးဆွဲပြဋ္ဌာန်းနိုင်ရေး၊ အမျိုးသား ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စိစစ်ရေးပညာရှင်အဖွဲ့ ဖွဲ့စည်းမှုကို မှတ်တမ်းတင် နိုင်ရေး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ၂၀၁၇ ဒီဇင်ဘာလမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဇန်နဝါရီလအထိ ဆုကြေးငွေများချီးမြှင့်၍ စုဆောင်းခဲ့သည့် ရှေးဟောင်း ဝတ္တု ပစ္စည်းစာရင်းကို မှတ်တမ်းတင်နိုင်ရေး၊ အမျိုးသားပြတိုက် (နေပြည်တော်၊ ရန်ကုန်) သို့ပြည်သူများ လာရောက် လှူဒါန်းသည့် ပစ္စည်းများလက်ခံရရှိမှုနှင့် တိုက်ပိုင်စာရင်းရေးသွင်း ထိန်းသိမ်းထားရှိမှုကို မှတ်တမ်းတင်ပေးနိုင်ရေးနှင့် ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း မှတ်တမ်းပြုစုခဲ့သည့် တိုင်းရင်းသား တို့၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို မှတ်တမ်းတင်နိုင်ရေး တို့နှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီးဦးတင်မြင့်နှင့် ဦးလှမော်ဦးနှင့် အစည်းအဝေးသို့ တက်ရောက် လာကြသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်တို့က ဖြည့်စွက်ရှင်းလင်း တင်ပြကြ သည်။

ထို့နောက် မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်း ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ UNESCO အဖွဲ့၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ပြီး မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များ ရှာဖွေဖော်ထုတ်ထိန်းသိမ်းခြင်း လုပ်ငန်းများကို မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ အမျိုးသားယဉ်ကျေးမှုကို ရိုးရာဓလေ့ ပင်ကိုယ်ဟန် မပျောက်ပျက်စေဘဲ နိုင်ငံတကာအဆင့်မီ ရင်ဘောင်တန်းနိုင်အောင် ကြိုးပမ်း ဖော်ထုတ်ရန် လိုသကဲ့သို့ သရုပ်ပျက်အပြုအမူများ မပေါ်ပေါက်စေရေးအတွက် စည်းကမ်း ထိန်းသိမ်းခြင်းကိုလည်း ဝိုင်းဝန်းကြပ်မတ် ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ ယခု အစည်းအဝေးတွင် အကြံပြုဆွေးနွေးချက်များနှင့် လိုအပ်ချက်များကို တက်ညီလက်ညီ ဆက်လက်ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

(သတင်းစဉ်)