ဆုတောင်းပြည့်စကြာအေးမိုးပျံ ပဋ္ဌမံပြဒါးရှင် ကိုးနဝင်းဓာတုစေတီတော်မြတ်ကြီး၏ အထွတ်တင်ပြဒါးရှင် ထီးတော်မြတ်နှင့် ရတနာစိန်ဖူးတော်တင်လှူပွဲ ကျင်းပ
ဆုတောင်းပြည့်စကြာအေးမိုးပျံ ပဋ္ဌမံပြဒါးရှင် ကိုးနဝင်းဓာတုစေတီတော်မြတ်ကြီး၏ အထွတ်တင်ပြဒါးရှင် ထီးတော်မြတ်နှင့် ရတနာစိန်ဖူးတော်တင်လှူပွဲ ကျင်းပ
Ministry of Information/ ရန်ကုန် / April 03, 2019
ရန်ကုန် မတ် ၃၁
ပြဒါးရည် တန် ၂၀ (ပိဿာ ၁၃၀၀၀) ဖြင့် စီမံပူဇော်ကာ တည်ထားကိုးကွယ်မည့် ကမ္ဘာ့အံ့ဖွယ် ဆုတောင်းပြည့် စကြာအေးမိုးပျံ ပဋ္ဌမံပြဒါးရှင်ကိုးနဝင်းဓာတုစေတီတော်မြတ်ကြီး၏ အထွတ်တင်ပြဒါးရှင် ထီးတော်မြတ်နှင့် ရတနာ စိန်ဖူးတော်တင်လှူပွဲ အလှူ တော်မင်္ဂလာကို ယနေ့ နံနက်ပိုင်းက စေတီတော်တည်ရှိရာ မော်လမြိုင် သာမညစကြာတောင် ဖားအောက်ရိုး ဂိုးကျေးရွာ၌ ကျင်းပသည်။
▲▲ဆက်ကပ်လှူဒါန်း▲▲
ရှေးဦးစွာ ထီးတော်မြတ်နှင့် ရတနာစိန်ဖူးတော်တို့ကို ဆရာတော်များနှင့်အလှူရှင်တို့က တင်လှူ ပူဇော်ကြသည်။ ဆက်လက်၍ ဗုဒ္ဓါဘိသေက အနေကဇာတင်ပြီး မေတ္တာပို့သကာ မော်လမြိုင် သာမည မိုးကုတ်စကြာတောင်ဆရာတော်ကြီး မဟာကမ္မဋ္ဌာနာစရိယ တစ်ဘဝသာသနာ ဘဒ္ဒန္တသောဘနမထေရ်က ဇိတံမေသုံးကြိမ်ရွတ်ဆိုသည်။ ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသထံမှ ဧည့်ပရိသတ်အပေါင်းက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဩဝါဒခံယူကြသည်။ ယင်းနောက် ဆရာတော်အရှင်သူမြတ်များ၏ မေတ္တသုတ်ရွတ်ဖတ်ပူဇော်မှုအား နာယူကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ယင်းနောက် ရန်ကုန်အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ်၊ စစ်တွေဓမ္မာစရိယတက္ကသိုလ်၊ လှည်းကူးဓမ္မာစရိယ ဥယျာဉ်ကျောင်းတိုက် နာယကချုပ် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တ သုစိတ္တာဘိဝံသထံမှ အနုမောဒနာတရား နာကြားကြသည်။ ဆက်လက်၍ မော်လမြိုင် သာမည မိုးကုတ်စကြာတောင်ဆရာ တော်ကြီးမှ ဆုတောင်းပြည့်ပြဒါးရှင် စေတီတော်မြတ်နှင့် ပတ်သက်သမျှ ဝမ်းမြောက်ဝမ်းသာစကား လျှောက်ထားပြီး ရေစက်သွန်းချအမျှပေးဝေကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
▲▲လှည့်လည်ပူဇော်▲▲
ထီးတော်မြတ်နှင့် ရတနာစိန် ဖူးတော်ကပ်လှူခြင်းမပြုမီ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာ တော်၊ အလိုတော်ပြည့်ဓမ္မာစရိယ တက္ကသိုလ်၊ စစ်တွေဓမ္မာစရိယ တက္ကသိုလ်၊ လှည်းကူးဓမ္မာစရိယဥယျာဉ် ကျောင်းတိုက် နာယကချုပ် ဆရာတော်၊ မော်လမြိုင် သာမည မိုးကုတ် စကြာတောင် ဆရာတော်နှင့် အရှေ့ တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်တို့က ဆု တောင်းပြည့် စကြာအေးမိုးပျံပဋ္ဌမံ ပြဒါးရှင် ကိုးနဝင်းဓာတုစေတီတော် မြတ်ကြီး၏ အထွတ်တင် အစိတ်အပိုင်းများဖြစ်သော ထီးတော်မြတ်နှင့် ရတနာစိန်ဖူးတော်တို့အား စေတီတော် လက်ယာရစ်သုံးပတ် လှည့်လည်ပူဇော်ခဲ့သည်။
အဆိုပါ ပြဒါးရှင်ကိုးနဝင်းဓာတု စေတီတော်၏ ကြာမှောက်ကြာလှန်၊ ငှက်ပျောဖူး၊ ထီးတော်နှင့် ရပ်တော်မူ လေးဆူတို့အား ရွှေတိဂုံစေတီတော် တွင် မတ် ၉ ရက်မှ ၁၂ အရက်အထိ ရင်ငွေ့လှုံပူဇော်ခဲ့သည်။ ပြဒါးရည်ငါးတန်ဖြင့် စီမံပူဇော်မည့် နဂါးရုံဘုရား၊ ဓမ္မစကြာမုဒြာဆင်းတုတော် နှင့် မိုးကုတ်ဆရာတော်ကြီး၏ ပြဒါးရှင် ရုပ်ပွားတော်များအားလည်း ကောင်း၊ ပြဒါးတန်ရာပေါင်းများစွာဖြင့် ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်ပါဠိ တော် အုပ် ၄၀ ရှိ ဘုရားဟော ပါဠိတော်များအား လည်းကောင်း ဆက်လက်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်မင်းလတ်
