နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိမ်မဲ၊ ပန်းတနော်၊ မအူပင်နှင့် ညောင်တုန်း မြို့များရှိ ဒေသခံပြည်သူများ နှင့် တွေ့ဆုံ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိမ်မဲ၊ ပန်းတနော်၊ မအူပင်နှင့် ညောင်တုန်း မြို့များရှိ ဒေသခံပြည်သူများ နှင့် တွေ့ဆုံ
Ministry of Information/ နေပြည်တော် / April 03, 2019

နေပြည်တော် ဧပြီ ၂
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဧည့်ရိပ်သာ၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လူထုတွေ့ဆုံပွဲများတွင် တင်ပြချက်များကို ချက်ချင်းဖြေရှင်း နိုင်ရန်လိုအပ်ပါကြောင်း၊ အထူးသဖြင့်တင်ဒါခေါ်ယူသည့်ကိစ္စရပ် များတွင်ပွင့်လင်းမြင်သာမှု ရှိရမည့်အပြင် ဖြစ်နိုင်ချေလေ့လာဆန်းစစ်ချက်၊ ဒီဇိုင်းနှင့် BQ တို့ကိုယှဉ်ပြိုင်မည့်သူများအတွက် တန်းတူရည်တူမျှမျှတတ ဆောင်ရွက်ပေးရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ MOU ရေးထိုးခြင်းနှင့်စပ်လျဉ်း၍ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများကို သိရှိလိုက်နာရန်လိုအပ်ပါကြောင်း၊ အဆိုးဆုံးတွေ့ကြုံနေရသည်မှာ မြေယာကိစ္စပင် ဖြစ်ပါ ကြောင်း၊ မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ဖြေရှင်းဆောင်ရွက်ပေးရန် အရေးကြီးပါကြောင်း၊ ယင်းသို့ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများ ပြုပြင်ပြောင်းလဲ ရန်လိုအပ်ပါကြောင်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းများနှင့် စပ်လျဉ်း၍ မူဝါဒများချမှတ် ပေးထားပြီးဖြစ်ပါကြောင်း၊ ပကတိ မြေပြင်အခြေအနေ လိုအပ်ချက်အရ ဖြေလျော့ပေးရန် လိုအပ်သည်များရှိပါက တင်ပြကြရန်ဖြစ်ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေး အဓိကဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးတွင် အထွက်တိုးရေးနှင့် အရည်အသွေး မြှင့်တင်ရေးကို အလေးထား ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း။
မြေယာသန်းခေါင်စာရင်း မကောက်ယူနိုင်သေးမီ လိုအပ်သည့် ဥပဒေများပြဋ္ဌာန်းနိုင် ရေး လွှတ်တော်နှင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ရန်ကုန် - ပုသိမ် လမ်းပြုပြင်တည်ဆောက်ရေးနှင့် ရခိုင် - ဧရာဝတီကမ်း ရိုးတန်းတလျှောက် ကမ်းခြေပတ်လမ်း ဖောက်လုပ်ရေးကိစ္စရပ်များတွင် ကြန့်ကြာနေ သည်များကို တိုင်းဒေသကြီးနှင့် ပြည်ထောင်စု ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စည်ပင်သာယာလုပ်ငန်းများသည် ပြည်သူလူထုနှင့် အနီးကပ်ထိတွေ့နေရခြင်းဖြစ်၍ အလေးထား ဆောင်ရွက်ကြရန်အရေး ကြီးပါကြောင်း၊ အဓိကအားဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ အချင်းချင်းအကြားပူးပေါင်းဆောင်ရွက်မှုအားကောင်းရန် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ယူဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ လူထုနှင့်အစိုးရထိတွေ့ ဆက်ဆံမှုအားနည်း နေသဖြင့် လူထုအကြား ရောက်အောင်သွားလာတွေ့ဆုံရှင်းလင်းခြင်းများကို တိုးမြှင့်ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း မှာကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ တပ်မတော်ရဟတ်ယာဉ်များဖြင့် ပုသိမ်မြို့ မှအိမ်မဲမြို့သို့ရောက်ရှိကြပြီး အိမ်မဲမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေညီလာခန်းမ၌ အိမ်မဲဒေသခံ ပြည်သူများနှင့် တွေ့ဆုံကြသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ဧရာဝတီတိုင်းဒေသကြီးသည် ကျယ်ပြန့်ပြီး လူဦးရေထူထပ်ပါကြောင်း၊ မိမိတို့ နိုင်ငံအတွက် များစွာအရေးပါသည့် တိုင်းဒေသကြီး တစ်ခုဖြစ်ပါကြောင်း၊ တိုင်းဒေသ ကြီးအစိုးရနှင့်လည်း တိုင်းဒေသကြီး အတွင်းမှာရှိသည့် ပြည်သူများ အလုပ်အကိုင်ရရှိ ရေးနှင့် အလုပ်အကိုင်ဖန်တီးပေးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါကြောင်း၊ လူတိုင်းလူတိုင်း၏ အဓိက ဂုဏ်သိက္ခာသည် အလုပ်လုပ်နိုင်မှုအပေါ်တွင် မူတည်ပါကြောင်း၊ လူတစ်ယောက်သည် မိမိဘဝအတွက် မိမိဘာသာရပ်တည်နိုင်မှ ဂုဏ်သိက္ခာနှင့် ပြည့်စုံသည်ဟု ဆိုနိုင်ပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားများ အားလုံးအလုပ်ရရှိနိုင်ရေးအတွက် ကြိုးပမ်းရန်မှာ နိုင်ငံတော်အစိုးရ၏ တာဝန်တစ်ခုဖြစ်ပါကြောင်း။
မိမိတို့ အစိုးရအနေဖြင့် တာဝန်ယူတည်းက အလုပ်အကိုင် ဖန်တီးရေးကို ရှေ့တန်းတင်ပြီး ကြိုးစားခဲ့ပါ ကြောင်း၊ အလုပ်အကိုင် ဖန်တီးပေးရေးအတွက် ဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု နှင့် လျှပ်စစ်မီးရရှိမှုသည် အရေးကြီးပါကြောင်း၊ ထိုနှစ်ခုရရှိပါက အလုပ်အကိုင် ဖန်တီးရေးအတွက် အခွင့်အရေးများစွာ ပေါ်ပေါက်လာသည်ကို သတိပြုမိပါကြောင်း၊ ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးနှင့် လျှပ်စစ်မီး ရရှိရေးအတွက် ကြိုးစားခဲ့ပါကြောင်း၊ လမ်းပန်းဆက် သွယ်ရေးသည် မိမိတို့၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်အတွက် များစွာအရေးကြီးသည့် ကိစ္စရပ်တစ်ခု ဖြစ်ပါကြောင်း၊ ထို့အတူ လျှပ်စစ်မီးသည်လည်း ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး လုပ်ငန်းများအတွက် အရေးကြီးပါကြောင်း။
နောက်တစ်ခုမှာ ကျန်းမာရေးနှင့် ပညာရေးဖြစ်ပါကြောင်း၊ မိမိခရီးထွက်သည့်အခါတွင် ကျောင်းများကို သွားရောက်လေ့ရှိပါကြောင်း၊ မိမိတို့၏ ပညာအရည်အချင်း မည်မျှရှိပြီး ပညာသင်ကြားမှု အဆင့်မည်မျှ ရှိနေပြီဆိုသည့် ကိစ္စတင်တင်မကဘဲ မိမိတို့ ကလေးသူငယ်များ၏ စိတ်ဓာတ်နှင့် ပတ်သက်၍လည်း စိတ်ဝင်စားပါကြောင်း။
မိမိတို့၏ ကျောင်းသူ ကျောင်းသားများတွင် ကြောက်စိတ်မရှိသည်ကို တွေ့ရပါကြောင်း၊ ကြောက်စိတ် မရှိခြင်းကို များစွာသဘောကျပါကြောင်း၊ ကလေးများသည် သင်ယူရန်အတွက် ကြောက်စိတ်ကင်းမဲ့ ရမည်ဖြစ်ပါကြောင်း၊ မသိသည့်ကိစ္စတစ်ခုကို သိအောင်လုပ်ရမည်ကို ကြောက်နေမည်ဆိုပါက ပညာသင် ယူရာတွင် အင်မတန်ခက်ခဲ သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ကလေးများ ကြောက်စိတ်မရှိဘဲ ပညာသင် ယူနိုင်သည်ကို တွေ့ရသည့်အတွက် အားတက်မိပါကြောင်း၊ ယင်းမှာ မိမိတို့နိုင်ငံအတွက် တိုးတက် မှုတစ်ခုဖြစ်သည်ဟု ယူဆပါကြောင်း။
လူတိုင်းလူတိုင်းသည် မိမိကိုယ်ကိုတာဝန်ယူရပါကြောင်း၊ လူတိုင်းတွင်အခွင့် အရေးရှိသလို တာဝန်လည်းရှိပါကြောင်း၊ လူတိုင်းလူတိုင်းတွင် ရွေးချယ်ပိုင်ခွင့် အမြဲရှိ ပါကြောင်း၊ အခြားရွေးချယ်ပိုင်ခွင့် မရှိလျှင်ပင် မိမိစိတ်ကို မည်သို့ထားမည်ဆိုသည့် ရွေးချယ်ပိုင်ခွင့်ကို မိမိပိုင်ပါကြောင်း၊ မိမိတို့နိုင်ငံ တိုးတက်ရန်အတွက် ပြည်သူများ တစ်ယောက်ချင်း တစ်ယောက်ချင်းသည် မိမိစိတ်ကို မိမိနိုင်ရ မည်ဖြစ်ပါကြောင်း၊ မိမိစိတ်ကို မိမိနိုင်သော်လည်း ယင်းစိတ်ကို မည်သို့ထားရမည်ကို တစ်ဦးချင်း ဆုံးဖြတ်ရမည်ဖြစ်ပါ ကြောင်း။
ကလေးများကို မိတ်ဆွေများနှင့် ခင်ခင်မင်မင် ပေါင်းသင်းတတ်ရန်နှင့် တစ်ယောက် နှင့်တစ်ယောက် ချစ်ချစ်ခင်ခင် နေတတ်ရန် ငယ်ငယ်ကတည်းက သင်ကြားမွေးထုတ် ပေးရမည်ဖြစ်ပါကြောင်း၊ မိဘများနှင့် ဆရာသမားများက မည်သို့သင်သင် မိမိကိုယ်တိုင် သင်ယူမှ တတ်မြောက်မည်ဖြစ်ပါကြောင်း၊ ပညာသင်ပေးသည့် အခါတွင်လည်း မည်မျှပင် ကြိုးစားသင်ကြားသင်ကြား ကလေးများကိုယ်တိုင် သင်ယူချင်စိတ်ရှိမှ တတ်မြောက်မည် ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများနှင့် မိဘများဘက်က မိမိတို့၏ သားသမီးများကို အကောင်းဆုံးဖြစ်အောင် သွန်သင်ဆုံးမပေးရန် တာဝန်ရှိပါကြောင်း၊ မိမိတာဝန်ကို မိမိကျေပွန်ခြင်း ရှိ/မရှိ ကို ဆရာ၊ ဆရာမများနှင့် မိဘများကလည်း မိမိကိုယ်ကို သုံးသပ်ရမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ၏ ဆက်ဆံရေးကို အမြဲလေ့လာပါကြောင်း၊ ကျောင်းဆရာ၊ ဆရာမကြီးများနှင့် ကျောင်းအုပ်ကြီးများ၊ အထက်တွင်ရှိသည့် လူကြီး၏ စိတ်ထားမှန်ကန်ပါက ကျန်သည့် တစ်ကျောင်းလုံးကပါ စိတ်ဓာတ်မှန်ကန်ရေး အလားအလာကောင်းသည်ကို မြင်မိပါကြောင်း၊ ယင်းမှာ တာဝန်ယူဦးဆောင်သည့် ပုဂ္ဂိုလ်၏လုပ်ကိုင်မှု မည်မျှ ပီပြင်သည်ကို ဆုံးဖြတ်ပေးခြင်းဖြစ်ပါကြောင်း၊ ထိုနည်းတူ အစိုးရတစ်ခုသည်လည်း အားလုံးအတွက် တာဝန်ယူရမည်ဆိုသည်မှာလည်း မမှားပါကြောင်း။
အရွေးချယ်ခံ၍ တက်လာသည့် အစိုးရများသည် မဲပေးပြီးရွေးချယ်လိုက်သည့် ပြည်သူလူထုနှင့် နိုင်ငံ အပေါ်တွင် တာဝန်ရှိပါကြောင်း၊ ယင်းတာဝန်များ ကျေပွန်အောင် ဆောင်ရွက်ရန်မှာ အစိုးရ၏ အဓိက လုပ်ငန်းတစ်ခု ဖြစ်ပါကြောင်း၊ အရေးအကြီးဆုံးမှာ အစိုးရနှင့်ပြည်သူအကြားတွင် ယုံကြည်စိတ်ချမှု ရှိရန်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ အနေဖြင့် အမြဲသတိပေးပါကြောင်း၊ မတည်နိုင်သည့် ကတိများကို ပြည်သူများကို မပေးရန် ထပ်တလဲလဲ ပြောကြားနေပါကြောင်း၊ မတည်နိုင်သည့် ကတိများကို ရေတို အချိန်ကာလတွင် အကျိုးရှိကောင်း ရှိနိုင်လိမ့်မည်ဟု ပေးလိုက်ပါက ရေရှည်တွင် ပြည်သူ၏ ယုံကြည်မှု ဆုံးရှုံးသွားနိုင်ပါကြောင်း၊ ပြည်သူ၏ ယုံကြည်မှုဆုံးရှုံးသွားသည့် အစိုးရသည် အလုပ်လုပ်ရာတွင် အင်မတန်ခက်ပါကြောင်း၊ မှန်မှန်ကန်ကန် ပြောရဲသည့် သတ္တိရှိမှသာ အစိုးရနှင့် ပြည်သူကြားတွင် ယုံကြည်မှု တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း၊ ပြည်သူများနှင့်တွေ့ဆုံသည့် ပွဲများတွင် အမျိုးမျိုး တင်ပြကြပါကြောင်း၊ ရိုးရိုးသားသား တောင်းသည့်ကိစ္စများကို တတ်နိုင်သမျှ ဖြည့်ဆည်းနိုင်ရန် ကြိုးစားပါကြောင်း၊ တစ်တိုင်းပြည်လုံးကို တစ်ချိန်တည်းတွင် အားလုံးပြည့်စုံအောင် မလုပ်ပေးနိုင်ပါကြောင်း၊ မိမိတို့န်ိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု အခြေအနေနှင့် များစွာသက်ဆိုင်နေပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကြိုးစားနေပါကြောင်း၊ မိမိတို့နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုသည် ရှိလာနေပြီဟု ပြောချင်ပါကြောင်း၊ ဥပမာအားဖြင့် လျှပ်စစ်မီးရရှိရေးအတွက် ယခုနှစ် မကုန်ခင် ၅၀ ရာခိုင်နှုန်းသော ပြည်သူများ လျှပ်စစ်မီးရရှိ သုံးစွဲနိုင်အောင် စီမံကိန်း ချထားပါကြောင်း၊ အောင်မြင်မည်ဟုလည်း ယုံကြည်ပါကြောင်း။
အစိုးရသည် လုပ်ချင်တိုင်း လုပ်မည်ဆိုပါက နိုင်ငံအတွက် မကောင်းနိုင်ပါ ကြောင်း၊ တိုင်းဒေသကြီး တစ်ခုတည်း၊ မြို့နယ်တစ်ခုတည်း ရှိခြင်းမဟုတ်ပါကြောင်း၊ တစ်တိုင်းပြည်လုံး တိုးတက်အောင် လုပ်ဆောင်ပေးရန် လိုနေပါကြောင်း၊ မိမိထက်ပို၍ လိုအပ်နေသည့် နေရာများရှိနေသည်ကိုလည်း နှလုံးသွင်းစေလိုပါကြောင်း၊ မိမိတို့နိုင်ငံ သည် ပြည်ထောင်စုဖြစ်သည့်အတွက် ပြည်ထောင်စုပုံစံ မှန်ကန်စေရန် နိုင်ငံရေးဘက် ကလည်း ကြည့်ရမည်ဖြစ်ပါကြောင်း၊ စီးပွားရေးတစ်ဖက်တည်းကြည့်၍ မရပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးကို လုပ်ဆောင်ပေးရာတွင် အမြဲတမ်း စီးပွားရေးတွက် တွက်၍ မရပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာအရ၊ ငွေရေးကြေးရေးအရ စီးပွားရေးအမြင်ဖြင့် မည်သည့်ဘက်က အကျိုးအများဆုံးရနိုင်မည်ဆိုသည့်အချက်ကို သာကြည့်ပြီး တွက်၍မရပါကြောင်း၊ နိုင်ငံရေးအရ ပြည်ထောင်စု၏ လိုအပ်ချက်များကို ထည့်တွက်ရပါကြောင်း၊ အခြားပြည်နယ်များ၊ တိုင်းဒေသကြီးများ၏ လိုအပ်ချက်များ ကိုလည်း ဖြေရှင်းပေးရပါကြောင်း၊ ပြည်သူလူထုက တင်ပြသည့်ကိစ္စများကို တတ်နိုင် သမျှ ဖြည့်ဆည်းပေးရန် ကြိုးစားနေပါကြောင်း၊ မေးလာသည့်မေးခွန်းများကိုလည်း ဖြောင့်ဖြောင့်မတ်မတ်၊ ပွင့်ပွင့်လင်းလင်း ဖြေပါကြောင်း။
တိုင်းဒေသကြီးအစိုးရအနေဖြင့် ပြည်သူနှင့်ပိုပြီး နီးနီးစပ်စပ်ဆက်ဆံရန် ပြေကြားထားပြီးဖြစ်ပါကြောင်း၊ ပြည်သူနှင့်အစိုးရအကြားတွင် နီးနီးကပ်ကပ်ရှိပြီး ပူးပေါင်းဆောင်ရွက်မှုရှိမှ ပြည်သူများ သိချင်သောကိစ္စများ၏ အဖြေများကို သိနိုင်မည် ဖြစ်ပါကြောင်း၊ ပြည်သူများ တင်ပြသည့်အခါတွင် မှန်မှန်ကန်ကန် စေတနာမှန်မှန်ဖြင့် တင်ပြကြစေလိုပါကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲတွင် ဒေသခံပြည်သူများ၏ ကြိုတင်တင်ပြချက် (၉) ချက်ဖြစ်သည့် အိမ်မဲမြို့နယ် မြို့ကွက်သစ် တိုးချဲ့ဖွဲ့စည်းခွင့် အမှုတွဲလျှောက်ထားလာပါက ဧရိယာအကျယ်အဝန်း၊ မြေအမျိုးအစားနှင့် လူဦးရေအချိုး အစားများကို မြို့နယ်ဘုတ်အဖွဲ့မှ စိစစ်ကွင်းဆင်းဆောင်ရွက်ပြီး လုပ်ထုံးလုပ်နည်းများနှင့် ဆက်လက် ဆောင်ရွက်သွားရေး၊ အိမ်မဲမြို့ ကမ်းနားလမ်းဘိုးဘွားပိုင်မြေပိုင်ရှင်များမှ ပြန်လည်ဆောက်လုပ်နေထိုင်ခွင့်၊ ကျေးရွာ စားကျက်မြေများကို အိမ်ရာမြေကွက်များတိုးချဲ့ဆောင်ရွက်ခွင့်ပြုရေး၊ အိမ်ရာမြေ အဖြစ်အသုံးပြုခွင့် ရရှိရေး၊ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှုကော်မတီသို့ လျှောက်ထားနိုင်ရေး၊ အိမ်မဲမြို့ကွက်သစ် တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ အိမ်မဲ - ပန်းတနော်ကားလမ်းကို ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရေး၊ ပညာရေးဝန်ထမ်းများ၏ အပြောင်းအရွှေ့ကာလကို ပညာသင်နှစ်ကုန်ဆုံးချိန်တွင် ပြုလုပ်ပေးနိုင်ရေး၊ အိမ်မဲမြို့ကုတင် (၅၀) ဆံ့ဆေးရုံကို ကုတင် (၁၀၀) ဆံ့ဆေးရုံအဖြစ် တိုင်းမြှင့်ခွင့်ပြုနိုင်ရေး၊ ရွာသစ်ကျေးရွာ (၁၆) ကုတင်ဆံ့တိုက်နယ်ဆေးရုံကို (၂၅) ကုတင် ဆံ့တိုက်နယ်ဆေးရုံ အဖြစ် ဆင့်မြှင့်တင် ပေးနိုင်ရေး၊ လူကောင်းကျွန်းကျေးလက်တိုက်နယ် ဆေးရုံဆောက်လုပ် ပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ခန်းမအပြင်ဘက်မှ ဒေသခံပြည်သူ (၅) ဦး၏ တင်ပြချက်များဖြစ်သည့် တပ်မတော်နှင့် ဧရာရွှေဝါကုမ္ပဏီတို့မှ သိမ်းဆည်းထားသည့် လယ်ယာမြေကိစ္စရပ်များ၊ ကန်ကြီးထောင့်ကျေးရွာ မူလတန်း ကျောင်းဆိုင်ရာကိစ္စရပ်များ၊ ကျေးလက်နေတောင်သူများ၏ စိုက်ပျိုးစားရိတ်ချေးငွေဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေး ထွက်ကုန်ဈေးနှုန်းဆိုင်ရာကိစ္စရပ်များ၊ ရန်ကုန် - ပုသိမ်လမ်းမကြီး ပိုမိုတိုးတက်ကောင်းမွန်ရေး၊ ပညာရေးဆိုင်ရာကိစ္စရပ်များ၊ အိမ်မဲမြို့ရှိ ဘိုးဘွားပိုင်မြေသိမ်း ဆည်းခံရမှုများ၊ အိမ်မဲမြို့အတွင်း အရက်ဆီ၊ လောင်စာဆီသိုလှောင်နေမှုများ၊ စည်ပင်ဝန်ထမ်းစီမံခန့်ခွဲမှု ဆိုင်ရာကိစ္စရပ်များ၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး ဆိုင်ရာကိစ္စရပ်များနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ ဓာတ်အားကို အစုရှယ်ရာများအဖြစ် ပုဂ္ဂလိကသို့ ရောင်းချပေးနိုင်ရေး ဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးကြသည်။
တင်ပြ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြည့်စွက်ရှင်းလင်းသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် နေရာတိုင်း နေရာတိုင်းတွင် အရေးကြီးသည့်အချက်မှာ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ပြည်သူများ အကြားတွင် ဆက်သွယ်မှုကောင်း ရန်ဖြစ်ပါကြောင်း၊ ထိတွေ့မှုအမြဲ ရှိနေရန်လည်း လိုအပ်ပါကြောင်း၊ ပြည်သူများကြား သို့ ကွင်းဆင်းရန်၊ ပြည်သူများ၏ တင်ပြချက်နှင့် သိလိုသည့် မေးခွန်းများကို နားထောင်ရန် တိုင်းဒေသကြီး အစိုးရကို ပြောထားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအနေဖြင့် နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့် အစိုးရက မည်သို့လုပ်ဆောင်နေသည်ကို ပြန်လည်ရှင်းပြရမည်ဖြစ်ကြောင်း။
ပြည်သူများနှင့် အမေး၊ အဖြေ လုပ်သည့်အခါတွင် ပြည်သူများအနေဖြင့်လည်း မိမိ၏ အမြင်တစ်ဖက် တည်းသာမဟုတ်ဘဲ တခြားအမြင်များလည်းရှိကြောင်းကို သိပိုင်ခွင့်ရပါကြောင်း၊ မိမိတို့ အစိုးရအနေဖြင့်လည်း တချို့ကိစ္စများတွင် အများပြည်သူ သိရှိပြီးပြီဟု ထင်သောကိစ္စများကို အများကမသိသေးပါလား ဆိုသည်ကို သဘောပေါက်ပါကြောင်း၊ အများသိအောင် ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိပေးရန် မိမိတို့တွင် တာဝန်ရှိသည် ကို လက်ခံပါကြောင်း၊ အစိုးရက မည်သည့်အရာများလုပ်နေသည်၊ မည်သို့ဖြစ်နေသည်ကို အများသိရှိအောင် အစီအစဉ်များချ၍ ကြိုးစားလုပ်ဆောင်ပေးသွားမည်ဖြစ်ပါကြောင်း။
ဆွေးနွေးပွဲဝိုင်းတွင် ပါဝင်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အိမ်မဲမြို့နယ်မှ ပြည်သူလူထုအားလုံး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် လက်တွဲပြီး မိမိတို့မြို့နယ်အကျိုး၊ နိုင်ငံအကျိုး ထမ်းဆောင်နိုင်ကြပါစေ ဟု ဆုတောင်းမေတ္တာ ပို့သပါကြောင်း ပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့်အဖွဲ့ဝင်များသည် တပ်မတော်ရဟတ်ယာဉ်များဖြင့် ပန်းတနော်မြို့သို့ ရောက်ရှိပြီး ပန်းတနော်ရိပ်သာ၌ မြို့မိမြို့ဖ ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပန်းတနော်မြို့တွင် လူထုတွေ့ဆုံပွဲမဟုတ်ဘဲ မြို့မိ၊ မြို့ဖများ နှင့် တွေ့ဆုံသည့်ပွဲ လုပ်ရခြင်းသည် နေရာအခြေအနေအရ ဖြစ်ပါကြောင်း၊ အပြင်ကပြည်သူများ မေးချင်သည့် မေးခွန်းများ မေးမြန်းနိုင်ရန်နှင့် တင်ပြချင်သည်များ တင်ပြနိုင်ရန်အတွက် စီစဉ်ထားပါကြောင်း၊ စာဖြင့်ရေးပြီး တင်ပြသည့် ပြည်သူများ၏တင်ပြချက်ကို ဖတ်ရပါကြောင်း၊ ယင်းမေးခွန်းများမှာ ဧရာဝတီတိုင်း ဒေသကြီးအစိုးရက ဖြေနိုင်သည့် မေးခွန်းများဖြစ်ပါကြောင်း၊ အခုတွေ့ဆုံပွဲတွင် မြို့မိ၊ မြို့ဖများ၊ ဘာသာကြီး လေးခုမှ ကိုယ်စားလှယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့်အတွက် အားလုံးစုံစုံလင်လင် ပါဝင်သည်ဟု ယူဆပါကြောင်း၊ ဘာသာကြီးလေးခုက ကိုယ်စားလှယ်များ ပါဝင်သည့်အတွက် အထူးဝမ်းသာ ပါကြောင်း။
မိမိတို့န်ိုင်ငံတွင် လူမျိုးပေါင်းစုံ၊ ကိုးကွယ်သည့်ဘာသာပေါင်းစုံ၊ ပြောဆိုသည့် ဘာသာစကား ပေါင်းစုံရှိပါ ကြောင်း၊ ထိုသို့ အမျိုးမျိုး မတူကွဲပြားသည့် သူများစုပြီး ထူထောင်ထားသည့် ပြည်ထောင်စုဖြစ်သည့်အတွက် အချင်းချင်းအကြားတွင် တစ်ယောက်နှင့်တစ်ယောက် နားလည်မှုရှိရန်၊ အပြန်အလှန်လေးစားရန်၊ တန်းဖိုးထား ရန် အင်မတန်မှ အရေးကြီးပါကြောင်း၊ ယင်းမှာမိမိတို့ နိုင်ငံ၏သိက္ခာဖြစ်သည်ဟု ထပ်တလဲလဲ ပြောထားပါကြောင်း၊ နိုင်ငံ၏သိက္ခာဆိုသည်မှာ မိမိတို့ နိုင်ငံသူန်ိုင်ငံသားများ၊ နိုင်ငံအတွင်းမှီတင်း နေထိုင်သူများအားလုံး၏ စိတ်လုံခြုံရေး၊ ကိုယ်လုံခြုံရေးဖြစ်ပါကြောင်း။ တကယ့်လုံခြုံမှုဖြစ်သည့် စိတ်ရော၊ ကိုယ်ရော လုံခြုံမှုရပြီဆိုပါက မိမိတို့နိုင်ငံသည် အဆင့်မီသည့် နိုင်ငံတော်တစ်ခုဖြစ်ပြီဟု သတ်မှတ်နိုင်မည် ဖြစ်ပါကြောင်း၊ ပြည်သူများ သည် တစ်ယောက်နှင့်တစ်ယောက်အကြားတွင် နားလည်မှု၊ လေးစားမှုရှိသကဲ့သို့ ပြည်သူနှင့် အစိုးရအကြားတွင်လည်း နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုရှိရန်မှာ အင်မတန်အရေးကြီးပါ ကြောင်း။
ပြည်သူနှင့်အစိုးရအကြားတွင် ယုံကြည်မှု၊ နားလည်မှုမရှိပါက နိုင်ငံတော်၏ စီမံကိန်းများကို အောင်အောင် မြင်မြင် ဖြစ်အောင်လုပ်ကိုင်ရာတွင် အခက်အခဲများနှင့် တွေ့ရမည်ဖြစ်ပါကြောင်း၊ န်ိုင်ငံတော်၏ လိုအပ်ချက် များသည် တစ်နေရာနှင့် တစ်နေရာ ကွာခြားမှုမရှိပါကြောင်း၊ ရည်မှန်းချက်၊ လိုအပ်ချက်များသည် အတူတူ ဖြစ်ပါကြောင်း။
မိမိအနေဖြင့် အစီအစဉ်မရှိ၊ မထင်မှတ်ဘဲရောက်ခဲ့သည့် ထူးခြားသည့် မြို့တစ်ခုအကြောင်းကို ပြောပြချင် ပါကြောင်း၊ ရာသီဥတု အခြေအနေအရ ရဟတ်ယာဉ်ဖြင့် ဆက်သွား၍ မရတော့သည့်အတွက် အစီအစဉ် မရှိဘဲ ထမံသီမြို့တွင် ဆင်းခဲ့ရပါကြောင်း၊ ယင်းမြို့၌ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါကြောင်း၊ ယင်းဆွေးနွေးပွဲတွင် လူငယ်တစ်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေးနှင့် ပတ်သက်၍ ပြည်သူလူထု၏ အခန်းကဏ္ဍ မည်သို့ရှိသည်ကို သိလိုကြောင်း မေးမြန်းခဲ့မှုအပေါ် သဘောကျမိပါကြောင်း၊ ထိုသို့ မြို့လေးတစ်မြို့မှ လူငယ်တစ်ဦးက န်ိုင်ငံအတွက် အင်မတန်အရေးကြီးသည့် ကိစ္စများကို စိတ်ဝင်စားစွာ လိုက်စုံစမ်းနေပြီး သိချင်နေသည့် စိတ်ရှိနေခြင်းသည် မိမိတို့နိုင်ငံအတွက် များစွာအားရစရာကိစ္စ ဖြစ်ပါကြောင်း၊ အများအားဖြင့် မိမိတို့ ပြည်သူများ၏ လိုအပ်ချက်များသည် အခြေခံလိုအပ်ချက်များ ဖြစ်ပါကြောင်း၊ ယင်းမှာ မိမိတို့နိုင်ငံ တိုးတက်ရန် များစွာလိုအပ်နေသေးကြောင်းကို ထောက်ပြနေပါကြောင်း၊ ပြည်သူများ၏ အခြေခံလိုအပ်ချက် များကို ဖြည့်ဆည်းပေးရန် မပြည့်စုံသေးသည့် အခြေအနေတွင် ရှိနေသေးပါကြောင်း။
အခြေခံလိုအပ်ချက်များမှာ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များ ဖြစ်ပါကြောင်း၊ ယခုဆိုလျှင် အခြားနိုင်ငံများနှင့်မတူဘဲ မိမိတို့အတွက် ထူးထူးခြားခြား အရေးပါပြီး ခက်ခဲနေသည်မှာ မြေယာကိစ္စများဖြစ်ပါကြောင်း၊ မြေပိုင်ဆိုင်မှုကိစ္စ၊ မူလပိုင်ရှင်ကို ပြန်ပြီးပေးရမည့်ကိစ္စ သို့မဟုတ် လယ်ယာမြေကို အခြားမြေအဖြစ် ပြောင်းပြီးသုံးရမည့်ကိစ္စ စသည်ဖြင့် လယ်ယာမြေများနှင့် ပတ်သက်၍ ပြဿနာများက မိမိတို့နိုင်ငံတွင် ထူးထူးခြားခြား များပြားနေပါကြောင်း၊ ယင်းပြဿနာများကို ဖြေရှင်းရန်အတွက် ဗဟိုအစိုးရအနေဖြင့် မြန်မြန်ဖြေရှင်းပေးနိုင်ရန် နည်းလမ်းများချပေးထားပါကြောင်း၊ ဖြေရှင်းပေးရာတွင် အချိန်ကြာနေပါက အစိုးရအတွက်မကောင်းသလို ပြည်သူများလည်းနစ်နာပါကြောင်း၊ ထို့ကြောင့် အမြန်ဆုံးဖြေရှင်းနိုင်အောင် ကြိုးစားနေပါကြောင်း။
တင်ပြချင်သည်များ၊ မေးမြန်းချင်သည်များကို တင်ပြမေးမြန်းနိုင်ပါကြောင်း၊ တ်ိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပြည်ထောင်စုဝန်ကြီးများနှင့် မိမိကိုယ်တိုင်တတ်နိုင်သမျှ ဖြေကြားပေးမည်ဖြစ်ပါကြောင်း၊ ခရီးထွက်သည့်အခါ တွင် တိုင်စာဌာနများ ဖွင့်ထားပါကြောင်း၊ တိုင်စာတွေများပြားပါကြောင်း၊ သေသေချာချာစိစစ်ပြီး တင်ပြထား သည့်ပုဂ္ဂိုလ်များ၏ အမည်နှင့်လိပ်စာပါပါက အဖြေကိုပြန်ပြီး အသိပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။
တွေ့ဆုံစဉ် ဒေသခံပြည်သူများ၏ ကြိုတင်တင်ပြချက် (၅) ချက်ဖြစ်သည့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ရုံးမြေနေရာသတ်မှတ်ပေးနိုင်ရေး၊ ပန်းဧရာခန်းမအသစ် ဆောက်လုပ်ပေးနိုင်ရေး၊ သမိုင်းဝင်ရွှေမြင်တင် ဘုရားကြီး အဝင်အထွက်လမ်းများ ရာသီမရွေးကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ရေး၊ ဦးသန့်စာကြည့် တိုက်နှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်မှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ပန်းတနော်မြို့ (၂၅) ခုတင်ဆံ့ဆေးရုံကို ခုတင်(၅၀)ဆံ့ ဆေးရုံအဖြစ်တိုးမြှင့်ပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ခန်းမအပြင်ဘက်မှ ဒေသခံပြည်သူ (၁၀)ဦး တင်ပြသည့် ပန်းတနော် ဦးအောင်ဇေယျလမ်း တိုးချဲ့သည့်ကိစ္စ၊ သိမ်းဆည်းခံမြေယာကိစ္စရပ်များ၊ ရန်ကုန် - ပုသိမ် လမ်းမကြီးတည်ဆောက်ရာတွင် သိမ်းဆည်းခံရသည့် လယ်ယာမြေကိစ္စရပ်များ၊ ရေချိုငါးလုပ်ငန်း ဥပဒေအရ အင်းဂရန်များချထားရာတွင် ပြည်သူများလက်ဝယ် ရောက်ရှိရေး၊ ပန်းတနော်မြို့ ပညာရေးဆိုင်ရာအခြေအနေများ၊ ဒေါဝါကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ် ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ခန်းမအတွင်းရှိ မြို့မိမြို့ဖ ကိုယ်စားလှယ်နှင့် ဘာသာကြီးလေးမျိုးမှ ကိုယ်စားလှယ်တို့ တင်ပြဆွေးနွေးသည့် ပန်းဧရာခန်းမ ပြန်လည် ပြုပြင်တည်ဆောက်ရေး၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ မူလအတိုင်း ပြန်လည်ပြုပြင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း တင်ပြဆွေးနွေးကြသည်။
တင်ပြဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ တိုင်းဒေသကြီး ဝန်ကြီးများ နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး န်ိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြည့်စွက် ဆွေးနွေးသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် မိုးဦးမကျမီ မိမိတို့ သွားရမည့်နေရာများကို အားလုံးအပြီး သွားနိုင်အောင် စီစဉ်ရပါကြောင်း၊ ယနေ့ဆိုလျှင် ပုသိမ်မှ အိမ်မဲ၊ အိမ်မဲမှ ပန်းတနော်၊ ပန်းတနော်မှ မအူပင် သို့သွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ တစ်နေရာပြီး တစ်နေရာ သွားရသည့်အခါ ပေးနိုင်သည့်အချိန်က နည်းပါကြောင်း၊ အချိန်နည်းသည့်အတွက် နောက်တစ်ခါ ပြန်လာနိုင် အောင် ကြိုးစားမည်ဖြစ်ပါကြောင်း၊ နောက်တစ်ခါလာပါက အချိန်ပိုပေး နိုင်အောင်ကြိုးစားပြီး စီစဉ်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ကို တွေ့ဆုံရန်တက်ရောက်လာသည့် မြို့မိ၊ မြို့ဖများကို ကျေးဇူးတင် ပါကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပန်းတနော်မြို့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုရှေ့၌ ပန်းတနော်ဒေသခံပြည်သူများနှင့် တွေ့ဆုံသည် ။
တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများ၏တင်ပြချက်များကို မှန်မှန်ကန်ကန်နှင့် မြန်မြန် ဆန်ဆန် ဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်ဝန်းရှိ မြို့နယ်များ ဖွံ့ဖြိုးတိုးတက် လာစေရန် နိုင်ငံသားတစ်ဦးချင်းစီတိုင်းက ကြိုးပမ်းအားထုတ်သွားကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူများ မိမိတို့ကို မိမိယုံကြည်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ယုံကြည်ချက်များနှင့် အရည်အချင်းများကို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင် မှန်မှန်ကန်ကန် အသုံးချသွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့်အဖွဲ့ဝင်များသည် တပ်မတော်ရဟတ်ယာဉ် များဖြင့် မအူပင်မြို့ သို့ရောက်ရှိကြပြီး မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ မြို့မိမြို့ဖဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိ်တို့ပြည်သူများ ရင်ဆိုင်နေရသည့် ပြဿနာများသည် များစွာကွာခြားမှု မရှိပါကြောင်း၊ ကွာခြားမှုမရှိခြင်းသည် မိမိတို့အားလုံး ဘဝတူများဖြစ်သည်ကို မီးမောင်း ထိုးပြနေခြင်းဖြစ်ပါကြောင်း၊ ဘဝတူများဖြစ်သည့်အတွက် တစ်ယောက်နှင့်တစ်ယောက် ကူညီဖေးမလက်တွဲ ခေါ်သွားရန်မှာ များစွာအရေးကြီးပါကြောင်း၊ မိမိတို့အနေဖြင့် လိုချင်သည်ကိုသာ အဓိကကြည့်ပြီး လုပ်မည်ဆိုပါက တိုးတက်မှုသည် နှောင့်နှေးမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နေရာတိုင်းသွားခဲ့သည့် အခါတွင် အားလုံးညှိနှိုင်း၍အဖြေရှာ ရန် အားပေးပါကြောင်း။
မိမိတို့လူသားများသည် တစ်ယောက်နှင့်တစ်ယောက် စကားပြောနိုင်၊ ဆက်သွယ်နိုင်သည့် အခွင့်အရေး ရှိပါကြောင်း၊ စကားပြောနိုင်ခြင်း၊ ဆက်သွယ်နိုင်ခြင်းကြောင့် မတူကွဲပြားသည့်ကိစ္စရပ်များကို စကားဖြင့်ပြော၍ လက်မပါဘဲဖြေရှင်းနိုင်သည့် အခွင့်အရေးရှိပါကြောင်း၊ ယင်းမှာ မိမိတို့၏ အားသာချက်ဖြစ်ပါကြောင်း၊ နှစ်ဦးနှစ်ဖက် သဘောထားကြီးကြီးဖြင့် ကြိုးစားမည်ဆိုပါက အဖြေမပေါ်နိုင်စရာမရှိပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုးတက်ရန် လိုအပ်ချက်များစွာ ရှိနေသေးပါကြောင်း၊ ကမ္ဘာကြီးတွင် သာမက ဒေသတွင်းတွင်ပင် တိုးတက်ရန်အားနည်းနေသည့် နိုင်ငံဖြစ်ပါကြောင်း၊ အားနည်းနေသည့် နိုင်ငံဖြစ်နေသည့် အတွက် အားငယ်စရာမလိုပါကြောင်း၊ စုပေါင်းအင်အားဖြင့် ပြဿနာများကိုကျော်လွှားပြီး ပိုမိုတောင့်တင်း သည့်၊ ဖွံ့ဖြိုးမှုမြန်သည့် နိုင်ငံတစ်ခုဖြစ်လာစေအောင် လုပ်ဆောင်နိုင်ပါကြောင်း။
ယခု မိမိတို့နိုင်ငံတွင် အတိုင်းအတာတစ်ခုအထိ တိုးတက်မှုရှိလာပြီ ဖြစ်ပါ ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးစသည့် ပြည်သူများ၏ အခြေခံလိုအပ်ချက်များကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်း ပေးနိုင်သည့် အခြေအနေကို ရောက်နေပါကြောင်း၊ ပိုမိုအောင်မြင်မှု ရှိလာသည်နှင့်အမျှ နောက်ထပ် အောင်မြင်မှုရရှိရန် အခြေအနေပေးလာပါကြောင်း၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွင် မိမိတို့အနေဖြင့် အနာဂတ်ကိုမျှော်မှန်း၍ လုပ်ဆောင်နေပါကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာကိုများစွာ အားပေးပါ ကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာသင်ခြင်း စနစ်သည် စီးပွားရေး၊ နိုင်ငံရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် အရည်အချင်းများဖြင့် ပြည့်စုံသည့် လူငယ်များကို မွေးထုတ်နိုင်ရန်ဖြစ်ပါကြောင်း။
တက္ကသိုလ်ပညာသည်သာ ပညာဖြစ်သည်ဆိုသည့် ခေတ်သည်ကုန်ပြီ ဖြစ်ပါကြောင်း၊ မိဘများက သားသမီးများကို တက္ကသိုလ်ဘွဲ့ရမှ ပညာတတ်ဟု မထင်စေလိုပါကြောင်း၊ လူငယ်များ ကိုယ်တိုင်ကလည်း တက္ကသိုလ်ဘွဲ့ရမှ ပညာတတ်ဖြစ် သည်ဟု မထင်စေလိုပါကြောင်း၊ အတိုးတက်ဆုံး၊ အဖွံ့ဖြိုးဆုံး နိုင်ငံများတွင် တက္ကသိုလ် ပညာရေး နှင့် အသက်မွေးဝမ်းကျောင်းပညာရေးသည် တန်းတူညီတူ အဆင့်အတန်း ရှိပါကြောင်း၊ တန်းတူညီတူ သင်ယူထားသည့်ပုဂ္ဂိုလ်များ အသက်မွေးဝမ်းကျောင်းရှာ နိုင်ရန်အတွက် အခွင့်အရေးများ ပေးခြင်းဖြစ်ပါကြောင်း၊ ကျန်းမာရေးတွင် ပြည်သူ့ကျန်းမာရေးကို ဦးစားပေးလုပ်ခြင်းမှာ ပြည်သူများ ကျန်းမာရေးကောင်းမွန်ပါက အဆင့်မြင့်ကျန်းမာရေး ကုသမှု၊ ဆေးဝါးကုသမှု လိုအပ်ချက်များ လည်းလျော့ကျ သွားမည်ဖြစ်ပါကြောင်း၊ ထိုအခါတွင် အရည်အချင်း ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို ပေးနိုင်မည်ဖြစ်ပါကြောင်း။
ကဏ္ဍတိုင်းတွင် တစ်ခုတည်းကိုကွက်ပြီးမကြည့်ဘဲ ပစ္စပ္ပုန်နှင့် အနာဂတ်ကို ဆက်သွယ်၍ ကြည့်ရမည် ဖြစ်ပါကြောင်း၊ အတိတ်က အားနည်းချက်များကို ပြန်လည်လေ့လာပြီး သင်ခန်းစာ ယူရမည်ဖြစ်ပါကြောင်း၊ ဧရာဝတီ တိုင်းဒေသကြီးသည် တစ်ချိန်က မြန်မာနိုင်ငံတွင်သာမက ကမ္ဘာစပါးကျီကြီးဟု ခေါ်ဆိုရသည့် လွန်စွာဖွံ့ဖြိုးသည့် တိုင်းဒေသကြီး တစ်ခုဖြစ်ခဲ့ပါကြောင်း၊ ယခုအချိန်တွင် ယခင်ကလောက် ဖွံ့ဖြိုးတိုးတက် သည့်အခြေအနေ မရှိသောကြောင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဧရာဝတီတိုင်း ဒေသကြီးတွင် နေထိုင်ကြသည့် ပြည်သူပြည်သားများ၏ဘဝများ မြင့်မားရန်အတွက် နိုင်ငံတော်၊ တိုင်းဒေသကြီးအစိုးရနှင့် ပြည်သူများတွင် တာဝန်ရှိပါကြောင်း၊ အားလုံးသည် မိမိတွင်တာဝန်ရှိသည်ဆိုသည့် စိတ်ဓာတ်နှင့် လက်တွဲ၍ လုပ်စေချင်ပါကြောင်း၊ တင်ပြလိုသည်များ တင်ပြနိုင်ရန်နှင့် ပြည်သူများ၏အသံကို နားထောင်နိုင်ရန် အခြေ အနေများ ဖန်တီးခြင်းသည် အစိုးရနှင့် ပြည်သူအကြားတွင် နီးကပ်မှုရှိရန်အတွက် ဖြစ်ပါကြောင်း၊ အစိုးရနှင့်ပြည်သူအကြား နီးနီးကပ်ကပ်လုပ်နိုင်မှ မိမိတို့နိုင်ငံ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ အစိုးရ တစ်ခုတည်းဖြင့် အောင်မြင်အောင်လုပ်၍ မရသလို ပြည်သူချည်းသာ အောင်မြင်အောင်လုပ်ဆောင်၍ မရနိုင်ပါကြောင်း၊ ထို့ကြောင့် အစိုးရနှင့်ပြည်သူလက်တွဲပြီး လုပ်ဆောင်ရန်လိုအပ်ပါကြောင်း၊ လက်တွဲရာတွင် လည်း မှန်ကန်သည့်နည်းဖြင့် လက်တွဲ၍ မှန်မှန်ကန်ကန် လုပ်ကြရန်လိုပါကြောင်း၊ မိမိတို့အနေဖြင့် ဖြောင့်ဖြောင့်မတ်မတ်၊ တည်တည်ငြိမ်င်ြိမ်ဖြင့် မှန်မှန်ကန်ကန်ဖြစ်အောင် လုပ်ချင်ပါကြောင်း၊ ဖြတ်လမ်း နည်းဖြင့်၊ မမှန်မကန်သည့်နည်းဖြင့် အဖြေရှာပါက ရေတိုတွင် အဆင်ပြေနိုင်သလိုရှိသော်လည်း ရေရှည်တွင် မိမိတို့အတွက်ပိုပြီး ပြဿနာများ များလာရန်သာရှိပါကြောင်း။
မိမိတို့အနေဖြင့် ကျောင်းသားများအသံနှင့် တောင်သူလယ်သမားများအသံကို နားထောင်လိုပါကြောင်း၊ လူကြီးလူငယ်မရွေး အားလုံးသည် မိမိတို့၏ နိုင်ငံသူနိုင်ငံသား များဖြစ်ပါကြောင်း၊ ယင်းအချက်ကို ပြည်သူပြည်သားများအားလုံး နှလုံးသွင်းကြရန် လိုအပ်ပါကြောင်း၊ ကျောင်းသား၊ လူကြီး၊ တောင်သူ လယ်သမား၊ အလုပ်သမား၊ ဝန်ထမ်းများ အားလုံးသည် ပြည်သူများဖြစ်ပါကြောင်း၊ အားလုံးသည် ပြည်ထောင်စု၏ သားသမီးများ ဖြစ်သည်ဆိုသည့် စိတ်ဓာတ်ဖြင့် မိမိတို့ အတူတကွ သွားချင်သည့် ပန်းတိုင်ကို လက်တွဲ ပြီးသွားမည်ဆိုပါက မြန်မြန်ဆန်ဆန် ရောက်မည်ဖြစ်ပါကြောင်း၊ ခရီးလမ်းက ကြမ်းတမ်းမည်ဆိုပါက မိမိတို့ အချင်းချင်း ညီညွတ်မှုအင်အားဖြင့် ကြမ်းတမ်းမှုကို မိမိတို့ ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ အချင်းချင်း ညီညွှတ်မှုရှိပါက မိမိတို့၏ ဒီမိုကရေစီ ခရီးလမ်းကြီးသည် ကြာသော်လည်း မကြာဘူးဟု ခံစားရလောက် အောင် အဆင်ပြေချောမွေ့သွားနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲတွင် ဒေသခံပြည်သူများ၏ ကြိုတင်တင်ပြချက် (၇) ချက်ဖြစ်သည့် မအူပင်မြို့လယ်ရှိ လွတ်လပ်ရေး ကျောက်တိုင်ကွင်းပတ်လည်ရှိအဆောက်အဦများကို ဖယ်ရှားနိုင်ရေး ကိစ္စပြီးမြောက်အောင် ဆောင်ရွက်ပေး နိုင်ရေး၊ မြို့နယ် နယ်နိမိတ်သတ်မှတ်ရာတွင် မြေငှားဂရန်ချထားရေး မြန်ဆန်လွယ်ကူစေရန် လူထုလှုပ်ရှားမှု အသွင်ဆောင်ရွက်နိုင်ရေး၊ ဆန်စပါးဈေးကျဆင်းနေသည့်အတွက် နိုင်ငံတော်မှ မည်သို့ဆောင်ရွက်ပေး နိုင်သည်ကို သိရှိလိုခြင်း၊ ပဲနှင့် ပြောင်းများထွက်ပေါ်ပါက အိန္ဒိယ နိုင်ငံနှင့်တရုတ်နိုင်ငံတို့မှ အဝယ်ရပ်သဖြင့် တောင်သူလယ်သမားများ အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ရေး၊ လယ်ယာမြေ ဥပဒေပါအတိုင်း သတ်မှတ်ထားသော ဘဏ်များတွင် ပုံစံ - ၇ ထား၍ ငွေချေးယူ ခွင့်ပြုနိုင်ရေး၊ (၁၀) ဧကအထက် ပိုင်ဆိုင်သောလယ်သမားများကို ငွေချေးယူခွင့်ပြု ပေးနိုင်ရေး၊ အင်းများလေလံစနစ် မဟုတ်၍ နိုင်ငံတော် ဝင်ငွေနစ်နာမှုမရှိစေရန် ဆောင်ရွက်ပေးနိုင်ရေး၊ မိုးရာသီတွင်လမ်းဦးစီးဌာနမှ လမ်းကိုတားမြစ်ပိတ်ဆို့မှု ကြောင့် ထွက်ကုန် ပစ္စည်းများရန်ကုန်သို့ တင်ပို့ရောင်းချရာတွင် အခက်အခဲရှိနေမှု၊ စည်ပင်သာယာမှလမ်းများ ကို အမှိုက်သိမ်းဆည်းနိုင်ခြင်းမရှိသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ခန်းမအတွင်းရှိ ဒေသခံပြည်သူများတင်ပြသည့် ကျွဲဒုံးကျေးရွာ ကမ်းသာယာကမ်းခြေတွင် ဖူဆယ်ဘောလုံးကွင်း ဖွင့်လှစ်ပေး နိုင်ရေး၊ ပညာရေးဆိုင်ရာကိစ္စ ရပ်များ၊ ကျောင်းသား လွှတ်တော်ဟု အမည်သုံးနှုန်ုးသည့်ကိစ္စရပ်ကို ပြည်ထောင်စုလွှတ်တော်မှ ကန့်ကွက်သည့်ကိစ္စ၊ ပလောင်ရွာမှ မြေယာသိမ်းဆည်းခံရသည့်ကိစ္စ၊ ခနောင် ကျေးရွာမှ လယ်ယာမြေ သိမ်းဆည်းခံရသည့်ကိစ္စနှင့် မြကိုးဆူကျေးရွာလယ်ယာ မြေသိမ်းဆည်း ခံရသည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးကြသည်။
ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ဖြည့်စွက်ရှင်းလင်းသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ဥပဒေတွင် သတ်မှတ် ထားသည့် အချိန်ကာလအတွင်း လုပ်ငန်းဆောင်ရွက်ခြင်းမရှိသည့် လယ်ယာမြေများကို ပြန်လည်စွန့်လွှတ် ရမည်ဟု သတ်မှတ်ထားပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထုကလည်း ဥပဒေကို လေးစားရန် လိုအပ်ပါကြောင်း၊ အချို့ဥပဒေများကို မတရားဘူးဟုထင်ပါက ယင်းဥပဒေကို ပြောင်းလဲပြုပြင်နိုင်ရန်အားလုံး တွင် ကြိုးစားရမည့်တာဝန်နှင့် ကြိုးစားမှုဖြစ်မြောက်အောင် မိမိတို့က ဆက်လက် လုပ်ဆောင်ပေးရမည့် တာဝန်ရှိပါကြောင်း။
တည်ဆဲဥပဒေအရ မိမိတို့ ရပ်တည်ရန် အင်မတန် အရေးကြီးပါကြောင်း၊ ထိုသို့မဟုတ်ပါက မိမိတို့နိုင်ငံတွင် တည်ငြိမ်မှုရှိမည် မဟုတ်ပါကြောင်း၊ မအူပင်သည်လည်း အခြားမြို့နယ်များနည်းတူ မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ပြဿနာများ များစွာရှိပါကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း တတ်နိုင်သည့်ဘက်က စဉ်းစားစေချင်ပါ ကြောင်း၊ ပရဟိတ၊ အတ္တဟိတ နှစ်ခုစလုံး ချိန်ခွင်လျှာညီမျှအောင် စဉ်းစားစေလိုပါ ကြောင်း၊ မိမိ၏ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီးအလေးထားသလို နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍လည်း ပြည်သူ ပြည်သားများကို အလေးထားစေလိုပါကြောင်း။
နိုင်ငံသူနိုင်ငံသား တစ်ဦးချင်း၊ တစ်ဦးချင်းမှ မိမိအကျိုးကို မိမိနိုင်ငံအကျိုး နှင့်အတူ တန်းတူထားမည်၊ မိမိနိုင်ငံ၏အကျိုးကို မိမိအကျိုးနှင့်အတူ တန်းတူထားမည်ဆိုပါက မိမိတို့နိုင်ငံသည် မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးဘောင်အတွင်းမှ အားလုံးအတွက် အကောင်း ဆုံးဖြစ်အောင် ကြိုးစားသွားမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုကလည်း မိမိတို့နှင့်အတူ ဝိုင်းဝန်းပြီး ကြိုးစားကြပါဟု မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။
ယင်းနောက်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သည့်အဖွဲ့ဝင်များသည် တပ်မတော်ရဟတ်ယာဉ်များဖြင့် ညောင်တုန်းမြို့ သို့ရောက်ရှိကြပြီး ညောင်တုန်းမြို့နယ်ခန်းမ၌ ညောင်တုန်းမြို့မိမြိုဖများ၊ ဒေသခံပြည်သူများ နှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့နိုင်ငံ တိုးတက်ရန်အတွက် ပြည်သူနှင့်အစိုးရအကြားတွင် ယုံကြည်မှု တည်ဆောက်ရန် လိုအပ်သည်ကို အကြိမ်ကြိမ် ပြောဆိုခဲ့ပါကြောင်း၊ ပြည်သူနှင့်အစိုးရအကြား ယုံကြည်မှုတည်ဆောက်ရာတွင် အစိုးရအနေဖြင့် ပြည်သူများနှင့် ဆက်ဆံ သည့်အခါ ပွင့်လင်းမှုရှိရန်၊ ဖြောင့်မတ်မှုရှိရန်၊ စကားတည်ရန် လိုအပ်ပါကြောင်း၊ ပြည်သူ့လူထုအနေဖြင့်လည်း အစိုးရနှင့်ဆက်ဆံသည့် အခါ ပွင့်လင်းမှုရှိရန်၊ ဖြောင့်မတ် မှုရှိရန်၊ တည်ကြည်မှုရှိရန် လိုအပ်ပါကြောင်း၊ ပြည်သူများ၏ ဒုက္ခသည် အစိုးရအဖွဲ့ဝင်များ၏ ဒုက္ခထက်များသည်ကို မိမိလက်ခံပါ ကြောင်း၊ အထူးသဖြင့် တောရွာတွင်နေထိုင်သည့် ချို့တဲ့သော ပြည်သူများအတွက်ဆိုလျှင် လိုအပ်ချက်များစွာရှိနေသည်ကို သဘောပေါက်ပါကြောင်း၊ မည်သို့ပင် လိုအပ်ချက်များ များများတင်ပြသည့်အခါတွင် မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ် တင်ပြစေလို ပါကြောင်း၊ ပြည်သူပြည်သားများကို အဆင့်အတန်းမခွဲခြားဘဲ အားလုံးကို တရားမျှတမှု ရစေလိုပါကြောင်း၊ တရားသဖြင့် ရသင့်ရထိုက်သည့် အခွင့်အရေးများကို ပေးချင်ပါကြောင်း။
အတတ်နိုင်ဆုံး ပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားသွားမည် ဖြစ်ပါကြောင်း၊ ထိုသို့ကြိုးစားရာတွင် တရားဥပဒေစိုးမိုးရေးသည် အဓိကအကျဆုံးဖြစ်ကြောင်း၊ ပြည်သူများတင်ပြသည့် ကိစ္စများတွင် တော်တော်များများသည် လယ်ယာမြေပိုင်ဆိုင်မှုများနှင့် ပတ်သက်ပါကြောင်း၊ တစ်ခါတစ်ရံ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက အားနည်းချက်များကို တွေ့ရှိရပါကြောင်း၊ အုပ်ချုပ်ရေးပိုင်းတွင်ရှိသည့် အားနည်း ချက်များသည် အစိုးရတွင် တာဝန်ရှိခြင်းကြောင့် ယင်းအားနည်းချက်များ ပပျောက်သွားအောင် ကြိုးစားသွား မည်ဖြစ်ပါကြောင်း။
မိမိတို့ နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု များစွာလိုအပ်နေသည့်အတွက် ပူးပေါင်းဆောင်ရွက်မှုသည် အင်မတန် အရေးကြီးပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုဆိုသည်မှာ အစိုးရအတွင်း ပူးပေါင်းဆောင်ရွက်မှု၊ ဗဟိုနှင့် တိုင်းဒေသကြီးအတွင်း ပူးပေါင်းဆောင်ရွက်မှု၊ တိုင်းဒေသကြီးအတွင်း ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူများ အကြား၊ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု၊ အဆင့်ဆင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှု များသထက် များလာပါက မိမိတို့၏ တိုးတက်မှုနှုန်းသည် မြန်လာမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံသည် သဘာဝသယံဇာတ အင်မတန်ပေါများကြွယ်ဝသည့်နိုင်ငံဟု မှတ်ချက်ပြုထားသည်များ ရှိပါကြောင်း၊ အရေးအကြီးဆုံးနှင့် တန်ဖိုးအရှိဆုံး အဓိကသယံဇာတမှာ မိမိတို့၏ ပြည်သူများဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အင်အားသည်နိုင်ငံ၏ ပထဝီမြေကျယ်ပြန့်ကြီးမားပုံ၊ သယံဇာတပစ္စည်း ပေါများခြင်း၊ မပေါများခြင်း၊ လူဦးရေအရေအတွက်တို့နှင့် မသက်ဆိုင်ပါကြောင်း၊ ပြည်သူပြည်သားများ၏ အရည်အချင်း နှင့်သာ သက်ဆိုင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ ပြည်သူပြည်သားများ တစ်ဦးချင်းနားလည်ပြီး နှလုံးသွင်းစေလိုပါကြောင်း၊ တစ်ဦးချင်းတွင်ရှိသည့် အရည်အချင်းများ ကို နိုင်ငံအကျိုးအတွက် သုံးစွဲရမည်ကို နိုင်ငံသားများအားလုံး နှလုံးသွင်းစေလိုပါကြောင်း၊ ပြည်သူပြည်သားများကို ဥပဒေအရပေးထားသည့် အခွင့်အရေးများရှိပါကြောင်း၊ အဆိုပါ အခွင့်အရေးများကို မှန်မှန်ကန်ကန်သုံး၍ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်စေလိုပါ ကြောင်း။
မိမိအနေဖြင့် အားလုံးကို တိုက်တွန်းလိုသည်မှာ ပညာရေးကို အလေးထားကြရန် ပြောကြားလိုပါကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာတတ်များလိုပါကြောင်း၊ ပညာတတ်ဟုပြောခြင်းမှာ တက္ကသိုလ်ဘွဲ့ရများကိုပြောခြင်း မဟုတ်ပါကြောင်း၊ မိမိတို့နိုင်ငံအတွက် လိုအပ်နေသည့် ကျွမ်းကျင်မှုများနှင့်ပြည့်စုံသည့် ပြည်သူပြည်သား များကို ပြောခြင်းဖြစ်ပါ ကြောင်း၊ လယ်ယာလုပ်ကိုင်သည့်နေရာတွင်တော်သည့် တောင်သူလယ်သမားများ သည်လည်း ပညာတတ်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးပညာတွင် အင်မတန် လက်တွေ့ကျကျ ကျွမ်းကျင်သည့် သူကိုလည်း ပညာတတ်ဟုလည်း ပြောနိုင်ပါကြောင်း၊ ထို့နည်းတူ အလုပ်သမားတစ်ဦးသည် ၎င်း၏အလုပ်ကို ကျွမ်းကျင်ပြီး ယင်းကျွမ်းကျင်မှုကို မှန်ကန်စွာ အသုံးချပါက ယင်းအလုပ်သမားသည်လည်း ပညာတတ်ဖြစ်ပါ ကြောင်း၊ တစ်ဦးချင်း တစ်ဦးချင်းသည် မိမိတို့၏ အားသာချက်များကို တန်ဖိုးထား ဂုဏ်ယူရမည် ဖြစ်သလို မိမိတို့၏ အားနည်းချက်များကိုလည်း ရင်ဆိုင်နိုင်ရမည် ဖြစ်ပါကြောင်း။
မိမိတို့ ပြည်သူပြည်သားများအားလုံး တစ်ဦးချင်း တစ်ယောက်ချင်းသည် မိမိပတ်ဝန်းကျင် သန့်ရှင်းရေး အတွက် တာဝန်ယူစေလိုပါကြောင်း၊ ထို့အတူ ကလေးများ ကိုလည်း ငယ်စဉ်ကတည်းက မိမိတို့ပတ်ဝန်းကျင် သန့်သန့်ရှင်းရှင်းထားရန် အားပေးစေလိုပါကြောင်း၊ အားလုံးတစ်ဦးချင်းကို မိမိတို့နိုင်ငံအတွက် တာဝန်ယူ လိုသည့်စိတ် ကို သင်ကြားပေးကြရန် မိဘနှင့် ဆရာ ဆရာမများကို တိုက်တွန်းလိုပါကြောင်း။
မိမိအနေဖြင့် အသက်အရွယ်မရွေး နိုင်ငံသူနိုင်ငံသားအားလုံးကို တန်ဖိုးထားပါကြောင်း၊ အားလုံးတွင် အရည်အချင်း ကိုယ်စီရှိကြသည်ကို အသိအမှတ်ပြုရန်လိုအပ်ပါကြောင်း၊ လူကြီးများနှင့် လူငယ်များ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်တန်ဖိုးထားသည့် လူ့ပတ်ဝန်းကျင်ဖြစ်ရန် ဖန်တီးရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် တိုင်းရင်းသားလူမျိုး ပေါင်းစုံရှိပါကြောင်း၊ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ကိုးကွယ်သည့် ဘာသာပေါင်းစုံ၊ ပြောဆိုသည့် ဘာသာစကားပေါင်းစုံဖြင့် တည်ထောင်ထားသည့် ပြည်ထောင်စုသည် တစ်ဦးနှင့်တစ်ဦး နားလည်မှုအပေါ် အခြေခံထားပြီး တည်ထောင်ထားခြင်းဖြစ်ပါကြောင်း၊ လွတ်လပ်ရေး မရခင် အချိန်ကာလက ပင်လုံညီလာခံတွင် လွတ်လပ်ရေးဖခင်ကြီးများ အားလုံးစုရုံးပြီး လွတ်လပ်ရေးရအောင် အတူတူလုပ်မည်ဆိုသည့် ဆုံးဖြတ်ချက်ချနိုင်ခဲ့ခြင်းသည် ပြည်ထောင်စု၏အခြေခံဖြစ်ပါကြောင်း၊ ပြည်ထောင်စု၏ အခြေခံဟု ပြောခြင်းသည် ပင်လုံစာချုပ်ကိုပြောဆိုခြင်းမဟုတ်ပါကြောင်း၊ ပင်လုံစိတ်ဓာတ် ကို ပြောခြင်းဖြစ်ပါကြောင်း၊ ပင်လုံစိတ်ဓာတ်သည် ပင်လုံစာချုပ်ကို ဖြစ်မြောက်စေသည့် စိတ်ဓာတ်ကို ဆိုလိုခြင်းဖြစ်ပါကြောင်း၊ ပင်လုံစာချုပ်ကိုဖြစ် မြောက်စေသည့် စိတ်ဓာတ်သည် အတူတူပူးပေါင်းပြီး ဆောင်ရွက်ခြင်းအားဖြင့် မိမိလိုချင်သည့်ပန်းတိုင်ကို ပို၍မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ရောက်နိုင်မည် ဆိုသည့် စိတ်ဓာတ်ကို ပြည်ထောင်စုစိတ်ဓာတ်ဟု ပြောခြင်းဖြစ်ပါကြောင်း။
မိမိတို့၏ အုပ်ချုပ်ရေးပိုင်းတွင် အားနည်းချက်ရှိသည်ကို သဘောပေါက်ပါ ကြောင်း၊ ထိုအားနည်းချက်များကို ပြင်ဆင်ရန်လည်း ကြိုးစားနေပါကြောင်း၊ သို့သော် ပြည်သူလူထုအနေဖြင့် ထိုအားနည်းချက်များကို ပြင်ဆင်ရန်ကြိုးစားနေသည်ကို ဝိုင်းဝန်း၍ အားပေးစေလိုပါကြောင်း၊ မိမိတို့နှင့်အတူ ဆောင်ရွက်ပေးစေ လိုပါကြောင်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဝန်ထမ်းများသည်နိုင်ငံ၏ ဝန်ကိုထမ်းပေးမည်ဆိုသည့် အဓိပ္ပါယ် ရောက်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းလုပ်ပြီဆိုပါက နိုင်ငံ့ဝန်ကို ထမ်းနိုင်သည့် အရည်အချင်း၊ ထမ်းရဲ သည့်သတ္တိ၊ အင်အားများစွာလိုအပ်ပါကြောင်း၊ ဝန်ထမ်းများ၏ သိက္ခာနှင့် ကိုက်ညီအောင်၊ နေနိုင်အောင် မိမိတို့ကြိုးစား လုပ်ဆောင်နေပါကြောင်း။
လူတိုင်းလူတိုင်းတွင် တန်းတူညီတူ အခွင့်အရေးရှိအောင် မိမိတို့ ကြိုးစားနေပါကြောင်း၊ ပြည်သူပြည်သား တစ်ဦးချင်း တစ်ဦးချင်းသည် ပညာနှင့်ပြည့်စုံရမည်၊ ကျန်းမာရေးလည်း ပြည့်စုံရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်သူပြည်သားများသည် ပရဟိတ အတ္တဟိတ၊ ကိုယ်ကျိုး၊ အများအကျိုး အကျိုးနှစ်သွယ်ကို ထမ်းဆောင်နိုင် သည့် ပြည်သူပြည်သားများဖြစ်ရန် မိမိအနေဖြင့် မျှော်လင့်ပါကြောင်း၊ မိမိတို့အနေဖြင့် ထိုသို့ဖြစ်နိုင်ရန် ကြိုးစားပေးမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုကလည်း ဝိုင်းဝန်းပြီး မိမိတို့နှင့်ပူးပေါင်း ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲတွင် ဒေသခံပြည်သူများက ကြိုတင်တင်ပြထားသည့် ညောင်တုန်းမြို့နယ်အတွင်း ဆိုင်ကယ်များ ပျောက်ဆုံးနေမှု၊ ရဲတပ်ဖွဲ့ဝင်များအင်အား ပိုမိုများပြားအောင် ဆောင်ရွက်ရေး၊ ညောင်တုန်းမြို့သည် မူလဆိပ်ကမ်းဖြစ်ပြီး နယ်သာလန်နိုင်ငံနှင့်ပူးပေါင်း၍ မြစ်ကမ်းထိန်းကာကွယ်ရေးလုပ်ငန်းများနှင့် မြို့မြစ်ကမ်းကာကွယ်ရေးအပြင် ကုန်းတွင်းဆိပ် ကမ်းမြို့အဖြစ်ဆောင်ရွက်ပေးနိုင်ရေး၊ စံကင်းကျွန်း လမ်းပန်း ဆက်သွယ်ရေးအတွက် တံတားတစ်စင်း တည်ဆောက်ပေးနိုင်ရေးနှင့် ကုန်ထုတ်လမ်းဖောက်လုပ်ပေးနိုင်ရေး၊ အာဇာနည်ပန်းခြံဘေးရှိ ကလေးကစားကွင်းကို ပိုမိုကောင်းမွန်ရန် ဆောင်ရွက်ပေးနိုင်ရေး၊ သင့်လျော်သည့် အတတ်ပညာသင်ကျောင်း ဆောက်လုပ်ပေးနိုင်ရေး၊ ပြည်သူ့ဆေးရုံကြီးကို ဆက်လက်တည်ဆောက်ခြင်းရှိ မရှိသိလိုခြင်း၊ တိုင်းရင်းသားစာပေသင်ကြားသည့် ဆရာ ဆရာမများအား လစာငွေပိုမိုထောက်ပံ့ပေးနိုင်ရေးနှင့် ကျောင်းချိန်အတွင်း တိုင်းရင်းသား ဘာသာသင်ကြားခွင့်ရရှိရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပေါက်တော ကျေးရွာလယ်ယာ မြေသိမ်းဆည်းခံရမှုများ၊ ရတနာစုကုမ္ပဏီမှ အမြတ်ငွေ ၁ ရာခိုင်နှုန်းကို ကျေးရွာဖွံ့ဖြိုးရေး အတွက် မပေးအပ်သည့်ကိစ္စရပ်နှင့် အမှတ်(၃) ဓာတ်ငွေ့စက်ရုံ လည်ပတ်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေး ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြည့်စွက်ရှင်းလင်းသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိလ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ပြည်သူများ ကျေနပ် လောက်အောင် ပြောဆိုနိုင်သည့်အချိန် မပေးနိုင်ခဲ့သည့်အတွက် မိမိတောင်းပန်ပါကြောင်း၊ သို့သော်လည်း ပြည်သူလူထုအနေဖြင့် အချိန်မရွေး မိမိတို့အစိုးရထံ စာဖြင့်ရေးပြီး တင်ပြနိုင်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနကို မသိပါက နိုင်ငံတော် သမ္မတရုံးကို ပို့၍ရပါကြောင်း၊ နိုင်ငံတော်သမ္မတရုံးကို လိပ်မူပြီး မိမိတို့ တိုင်ကြားချင် သည့်ကိစ္စများ၊ သိချင်သည့်ကိစ္စများကို မေးမြန်းနိုင်ပါကြောင်း၊ မိမိတို့အနေဖြင့် အမှုကိစ္စများကို တစ်ခုချင်းစိစစ်ပေးနေပါကြောင်း၊ စိစစ်ပြီးမည်သို့အရေး ယူဆောင်ရွက်ရမည်ကို ဆုံးဖြတ်ရပါကြောင်း၊ တင်ပြလိုက်သည့် ပြည်သူများကို အဖြေပေးရပါကြောင်း၊ ထိုသို့ လုပ်ဆောင် နိုင်ရန်အတွက် အတိုင်းအတာ တစ်ခုအထိ အချိန်လိုပါကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း နားလည်မှုရှိမည်ဟု ယုံကြည်ပါကြောင်းနှင့် အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် အဖွဲ့ဝင်များသည် တပ်မတော်ရဟတ်ယာဉ်များဖြင့် ညောင်တုန်းမြို့မှ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် အထူးလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
(သတင်းစဉ်)