နှလုံးသားထဲက ပုဂံ ဓာတ်ပုံပြပွဲ ဧပြီ ၆ ရက်အထိ ကျင်းပမည်
နှလုံးသားထဲက ပုဂံ ဓာတ်ပုံပြပွဲ ဧပြီ ၆ ရက်အထိ ကျင်းပမည်
Ministry of Information/ ရန်ကုန် / April 05, 2019

ရန်ကုန် ဧပြီ ၄
ပုဂံဒေသ၏ ရှုခင်းများ၊ စေတီပုထိုးများနှင့် ရှေးဟောင်း အမွေအနှစ်များကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ကူးထားသည့် "နှလုံးသားထဲက ပုဂံ" အမည်ရှိ ဓာတ်ပုံပြပွဲကို ရန်ကုန်မြို့ရှိ Junction City ၌ ယနေ့နံနက်ပိုင်းမှ စတင်ကာ ဧပြီ ၆ ရက် အထိ သုံးရက်ကြာကျင်းပလျက်ရှိသည်။
ပြပွဲတွင် ဓာတ်ပုံပညာရှင်များရိုက်ကူးထားသော မြန်မာ့ရှေးဟောင်းအမွေအနှစ်ဖြစ်သည့် ပုဂံဒေသ၏ ရှုခင်းအလှအပများ၊ ရှေးဟောင်းစေတီ ပုထိုးများ၊ ရှေးဟောင်းမြန်မာ့ အနုပညာလက်ရာများနှင့် နံရံဆေးရေးပန်းချီများအပါအဝင် ဓာတ်ပုံ ၁၂၀ ကို ခင်းကျင်းပြသထားသည်။
ထို့အပြင် နံရံဆေးရေးပန်းချီများကိုလည်း Light Box များဖြင့် ပြသခြင်း၊ ပုဂံဒေသ အမှတ်တရ ပစ္စည်းဆိုင်များ ဖွင့်လှစ် ရောင်းချခြင်းတို့အပြင် ပြပွဲရက်များတွင် ပုဂံနှင့်ပတ်သက်သည့် မှတ်သား စရာများနှင့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာ များကို နံနက် ၁၀ နာရီ တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီ တစ်ကြိမ် အနုပညာရှင်များက ဟောပြောမှုများ ပြုလုပ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းလွင်က "နှလုံးသားထဲကပုဂံ" လို့ ပြောရလောက်အောင် ပုဂံရဲ့ယဉ်ကျေးမှုတွေ ပေါ်လွင်အောင် ပြည်သူတွေကို ပြသခြင်း ဖြစ်ပါတယ်။ ပုဂံကို ကမ္ဘာ့အမွေအနှစ် တင်သွင်းတဲ့အခါမှာ အထောက်အက ူဖြစ်စေချင်တာလည်းပါတယ်။ ပုဂံဒေသကို တကယ့်ယဉ်ကျေးမှု အမွေအနှစ်ဒေသတစ်ခုအဖြစ် ခံစားသွားနိုင်အောင် ရိုက်ပြထားတာတွေကို တွေ့ရှိရမှာဖြစ်ပါတယ်" ဟု ပြောသည်။
မြန်မာ့အမွေအနှစ်ပုဂံမှ ကမ္ဘာ့အမွေအနှစ် ပုဂံသို့ တက်လှမ်းရန်ကြိုးပမ်းအားထုတ်သော World Heritage Bagan 2019 ကိုကြိုဆိုသော အထိမ်းအမှတ်အနေဖြင့် အဆိုပါပြပွဲကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ Bagancom အဖွဲ့၏ လမ်းညွှန်မှုဖြင့် ပုဂံဒေသကို ချစ်မြတ်နိုးသူများ ပူးပေါင်းကာ အဋ္ဌမအကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။
ပြပွဲကျင်းပမှုနှင့်ပတ်သက်၍ ပြပွဲတာဝန်ခံ ဦးမျိုးဆွေသန်းက "2019 World Heritage Site" အဖြစ် ပုဂံကိုရွေးချယ်ခံရဖို့အတွက် ရည်ရွယ်ပြီး ကျင်းပတာပါ။ လာမယ့် ဇူလိုင်လမှာ အဇာဘိုင်ဂျန် နိုင်ငံမှာကျင်းပမယ့် UNESCO အစည်းအဝေးမှာ အခြားသောနိုင်ငံပေါင်း ၃၆ နိုင်ငံက အမွေအနှစ် တွေနဲ့အတူ ယှဉ်ပြိုင် အရွေးချယ်ခံသွားမှာဖြစ်ပါတယ်။ ဒီပွဲဟာ ပုဂံအတွက် အထောက်အပံ့တစ်ခု ဖြစ်စေမှာပါ”ဟု ပြောသည်။
စမ်းချောင်းမြို့နယ်မှ ဓာတ်ပုံဝါသနာရှင် ကိုဝေလွင်က "ပုဂံမြို့ရဲ့ အလှအပတွေနဲ့ စေတီပုထိုး တွေ၊ နံရံဆေးရေး ပန်းချီတွေကို ရှုထောင့်စုံကနေပြီး ရသမျိုးစုံပေါ်လွင်အောင် ရိုက်ထားတာတွေ့ရတယ်။ ပုဂံမှာနေတဲ့သူတွေတောင် ပြန်ပြီးငေးကြည့် ရလောက်တဲ့ဓာတ်ပုံမျိုးတွေပါ။ ရိုက်ကွင်းရိုက်ကွက် တွေ တော်တော်စုံတယ်" ဟု ပြောသည်။
"နှလုံးသားထဲက ပုဂံ" ဓာတ်ပုံပြပွဲများကို ၂၀၁၈ ခုနှစ် မတ်လမှ စတင်ကျင်းပခဲ့ရာ ပုဂံမင်း နန်သူလေးမျက်နှာ ကျောင်းတိုက်စေတီတော်ဝင်း အတွင်း၌လည်းကောင်း၊ ရန်ကုန်အမျိုးသား ပြတိုက်၌ လည်းကောင်း၊ မန္တလေး မြို့တော်ခန်းမ၌ လည်းကောင်း၊ မုံရွာမြို့တော်ခန်းမ၌ လည်းကောင်း၊ စင်ကာပူနိုင်ငံ စင်ကာပူအမျိုးသား ပန်းချီပြခန်း၌ လည်းကောင်း၊ ပဲခူးမြို့ ကမ္ဘောဇသာဒီနန်းတော်၌ လည်းကောင်း၊ ပုသိမ်မြို့ တော်ခန်းမ၌ လည်းကောင်း ကျင်းပနိုင်ခဲ့ပြီး ယခုအဋ္ဌမအကြိမ်တွင် ရန်ကုန်မြို့၌ ထပ်မံကျင်းပခြင်းဖြစ်သည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်