မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ဘုရားသုံးဆူတောင်ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် ထိုင်တော်မူ ဘုရားကြီး၏ ဗုဒ္ဓါဘိသေက အနေကဇာတင် အောင်ပွဲမင်္ဂလာ ကုသိုလ်တော် အခမ်းအနား ကျင်းပ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ဘုရားသုံးဆူတောင်ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် ထိုင်တော်မူ ဘုရားကြီး၏ ဗုဒ္ဓါဘိသေက အနေကဇာတင် အောင်ပွဲမင်္ဂလာ ကုသိုလ်တော် အခမ်းအနား ကျင်းပ
Ministry of Information/ မွန် / April 07, 2019
နေပြည်တော် ဧပြီ ၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ဘုရားသုံးဆူတောင်ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် ထိုင်တော်မူ ဂေါတမ ဗုဒ္ဓမြတ်စွာ ဘုရားကြီး၏ ဗုဒ္ဓါဘိသေက အနေကဇာတင် အောင်ပွဲမင်္ဂလာ ကုသိုလ်တော်အခမ်းအနားကို ယနေ့နံနက် ၄ နာရီခွဲတွင် ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ၊ မန္တလေးမစိုးရိမ်တိုက်သစ် မဟာနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ကေသရာ ဘိဝံသ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇ မဟာရဌဂုရု၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးများ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာအခမ်းအနား အစီအစဉ် ပထမပိုင်းကို ကျင်းပရာ ဆရာတော် သံဃာတော်များက ရုပ်ပွား တော်မြတ်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင်ပြီး ပဋ္ဌာန်းပစ္စယုဒ္ဒေသကို ရွတ်ဖတ်ပူဇော်ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဆရာတော် အရှင်သူမြတ်များအား နဝကမ္မ အလှူတော်ငွေများနှင့် အာရုံဆွမ်းများ ဆက်ကပ်လှူဒါန်းကြ သည်။
အခမ်းအနား အစီအစဉ် ဒုတိယပိုင်းတွင် မန္တလေးမစိုးရိမ်တိုက်သစ် မဟာနာယက ဆရာတော်ကြီးထံမှ ကိုးပါးသီလ ခံယူကြကာ ဆရာတော် သံဃာတော်များထံမှ ပရိတ်တရားတော်များနာယူကြသည်။
ဆက်လက်၍ ကျိုက်ထိုမြို့ ဘုရားသုံးဆူတောင်ဆရာတော် ဘဒ္ဒန္တတေဇဝန္တက ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ရုပ်ပွားတော်ကြီး အောင်မြင်စွာ တည်ထားကိုးကွယ်နိုင်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားသည်။ ထို့နောက် အခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌကိုယ်စား ဦးအောင်စိုးက ကျေးဇူးတင် စကား လျှောက်ထားပြီး ဆရာတော် သံဃာတော်များအား ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် သီတဂူဆရာတော်ကြီးထံမှ ပြည်ထောင်စုဝန်ကြီး၊ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေး ဝေခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
