တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်၏ နှစ်ပတ်လည်အစည်းအဝေးကျင်းပ


Ministry of Information/ ​နေပြည်တော် / April 09, 2019
image_latest


နေပြည်တော်၊ ဧပြီ ၉

တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်၏ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက် ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားရာတွင် တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် အောင်မြင်မှုမှတ်တိုင်များ ရရှိခဲ့ခြင်းအပါအဝင် ဝန်ကြီးဌာန၏ လုပ်ငန်းကဏ္ဍ အသီးသီး၌ ထိုက်သင့်သည့် ဆောင်ရွက်အောင်မြင်မှုများ ရရှိခဲ့ခြင်းမှာ အဓိကအားဖြင့် လက်တွေ့ မြေပြင်တွင် ဆောင်ရွက်နေသည့် အခြေခံကျန်းမာရေး ပညာရှင်များ အပါအဝင် ဝန်ထမ်း အားလုံး၏ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်မှုများကြောင့် ဖြစ်ပါကြောင်း၊ တိုးချဲ့ကာကွယ်ဆေးထိုလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံခြင်းသည် အခြေခံပညာရေး တွင် ရင်းနှီး မြုပ်နှံသကဲ့သို့ပင် ကြီးမားစွာသော အကျိုးအမြတ် ကျေးဇူးများ ရရှိနိုင်ပါကြောင်း။

မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းနှင့် မိတ်ဖက်နှီးနွှယ်အဖွဲ့အစည်း များ၏ ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် ကူညီပံ့ပိုးဆောင်ရွက်ပေးစေလိုသည့် လုပ်ငန်းတာဝန်များ ကို တိကျစွာသတ်မှတ်၍ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

ကာကွယ်ဆေးထိုးလုပ်ငန်းများဆိုင်ရာ အထွေထွေကိစ္စရပ်များ၊ အအေးလမ်းကြောင်း၊ ထားသိုဖြန့်ဝေမှု၊ ကာကွယ်ဆေးများ၏ စွမ်းရည်ပြည့်ဝမှု၊ ပြည်သူများ၏ ကာကွယ်ဆေးများ အပေါ်အသိအမြင် စသည်တို့ကို အသုံးချသုတေသနများ ဆောင်ရွက်စေလိုပါကြောင်း၊ ကာကွယ် ဆေးထိုးလုပ်ငန်းများ၏ အောင်မြင်မှုကို ကာကွယ်ဆေးဖြင့်ကာကွယ်နိုင်သော ရောဂါများဖြစ်ပွားမှု ရှိ/မရှိအခြေအနေများနှင့် တိုင်းတာရသည်ဖြစ်သဖြင့် ရောဂါဖြစ်ပွားမှု ဆိုင်ရာ မှန်ကန် တိကျသည့် စာရင်းဇယား သတင်းအချက်များ ရရှိရန်အတွက် ဗဟိုကူးစက်ရောဂါတိုက်ဖျက် ရေးဌာနခွဲနှင့် လုပ်ငန်းတာဝန် မူဘောင်ချမှတ်၍ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ဆေးရုံအခြေပြုကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုအားကောင်းသည်ဖြစ်သဖြင့် ဆက်လက်ဆောင်ရွက် သွားရန်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ နေရာဒေသအချို့တွင် ဝက်သက်ရောဂါအစုလိုက်ဖြစ်ပွားမှုများကို တွေ့ရှိ နေရပြီး ထိုသို့ဖြစ်ပွားရခြင်းသည် ဝက်သက်ရောဂါ ကာကွယ်ဆေးထိုး နှံထားရှိမှု မရှိခြင်းကြောင့် ဖြစ်သည် (သို့) စနစ်တကျထားသိုမှု မရှိခြင်းကြောင့်ဖြစ်သည် စသည်ဖြင့် ဖြစ်ပွားရသည့် အကြောင်း အရင်းကို လေ့လာဖော်ထုတ်ခြင်းဖြင့် ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါ ကြောင်း၊ ဒေသဆိုင်ရာပိုလီယို ပပျောက်ရေးအရာရှိ (Regional surveillance officer) များနှင့်လည်း ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုအောင်မြင်မှု ရရှိစေမည်ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမှု လုပ်ငန်းများ ဆောင်ရွက်ချိန်တွင် အခြားအာဟာရ စောင့်ရှောက်မှု၊ ကလေးကျန်းမာရေးစသည့် လုပ်ငန်းများ ကိုပါ တစ်ပါတည်းပေါင်းစပ် ဆောင်ရွက်နိုင်စေရေးကိုလည်း စီစဉ်ဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း၊

အခြေခံကျန်းမာရေးပညာရှင်များ၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ အခြေခံကျန်းမာရေး တက္ကသိုလ်နှင့် ဆေးတက္ကသိုလ်များရှိ ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာ ဌာနများမှ ကိုယ်စား လှယ်များ ပိုမိုပါဝင်တက်ရောက် ဆွေးနွေးနိုင်ရန် စီစဉ်ဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်း၊ အစည်း အဝေးမှ ဆွေးနွေးအကြံပြုချက်များကိုလည်း တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်အဆင့် အစည်းအဝေးများတွင် ထပ်ဆင့်ဖြန့်ဝေ ဆွေးနွေးသွား ကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ပိုမို အောင်မြင်စေရေးအတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြား သည်။

အဆိုပါ အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေး နှင့် ကုသရေး ဦးစီးဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ကျွမ်းကျင်ပညာရှင် များ၊ National Immunization Technical Advisory Group အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း အဖွဲ့ခေါင်းဆောင်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ UNICEF၊ Access to Health Fund၊ UNOPS၊ HPA၊ CPI၊ IRC၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် INGO/ NGO များမှ ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

(သတင်းစဉ်)