(၄၉)ကြိမ်မြောက် ကရင်စာပေနှင့်ယဉ်ကျေးမှု ဆရာဖြစ်(နည်းပြ)သင်တန်းဆင်း
(၄၉)ကြိမ်မြောက် ကရင်စာပေနှင့်ယဉ်ကျေးမှု ဆရာဖြစ်(နည်းပြ)သင်တန်းဆင်း
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / April 12, 2019

ဘားအံ ဧပြီ ၁၁
ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းမှ ကြီးမှူးကျင်းပသော (၄၉)ကြိမ်မြောက် ကရင်စာပေနှင့်ယဉ်ကျေးမှုဆရာဖြစ် (နည်းပြ)သင်တန်းဆင်းပွဲကို ဧပြီလ ၁၁ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့ ကရင်ကျောင်းသားများရိပ်သာတွင် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ဆရာဖြစ်သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ῝မည်သည့်လူမျိုးမဆို ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း စတာတွေက မရှိမဖြစ်လိုအပ်တယ်၊ ရှိခဲ့တဲ့ဟာကိုလည်း ထိန်းသိမ်းဖို့လိုတယ်၊ အနာဂတ်လူငယ်တွေရဲ့ ဦးနှောက်ထဲမှာ အမျိုးသားရေး၊ တိုင်းပြည်အရေး၊ ဒေသအရေးတွေကို စွမ်းစွမ်းတမံနဲ့ထိန်းသိမ်းနိုင်အောင်လို့ ရည်ရွယ်ပြီးတော့ ဒီဆရာဖြစ်သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်တယ်῍ ဟု ပြည်နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းဥက္ကဋ္ဌ ဦးစောအေးမြက ပြောသည်။
ဆရာဖြစ်သင်တန်းဆင်းပွဲတွင် ယဉ်ကျေးမှုထူးချွန်ဆုများ၊ စာပေထူးချွန်ဆုများ၊ အိပ်ဆောင်စည်ကမ်းအကောင်းဆုံးဆုများ၊ စစ်ရေးပြဆုများ၊ သင်တန်းသား/သူစံပြဆုများကို ပေးအပ်ခဲ့ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်ပြည်နယ်စာရင်းစစ်ချုပ်တို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆရာဖြစ်(နည်းပြ)သင်တန်းတွင် စကောကရင် (၂)ဘာသာနှင့် ပိုးကရင်(၁)ဘာသာတို့ကို မတ်လ ၂၉ ရက်နေ့မှ ဧပြီလ ၁၁ ရက်နေ့ထိ ၁၃ ရက်ကြာသင်ကြားပို့ချပေးခဲ့ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ထိုင်းနိုင်ငံ မဲဆောက်ဒေသတို့မှ သင်တန်းသား/သူ ၄၉၉ ဦးတက်ရောက်ခဲ့ကြကာ ၄င်းတို့နှင့်သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် ကရင်စာပေနှင့် ယဉ်ကျေးမှု(ဆင့်ပွား)သင်တန်းများ ထပ်မံပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ကရင်စာပေနှင့်ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲကို ဆင့်ပွားသင်တန်းများ ပို့ချပြီးစီးသည့် မေလအတွင်း မြဝတီခရိုင်၌ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ဆရာဖြစ်(နည်းပြ)သင်တန်းဆင်းပွဲကို အှ်ဃှူ့အှ်ဃှင် (စည်းလုံးခြင်း၏အင်အား)တေးသီချင်းဖြင့် စုပေါင်းသီဆိုရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။