မွေးရပ်မြေနှင့် မြန်မာနိုင်ငံ အနှံ့အပြား အနားယူအပန်းဖြေလည်ပတ်ကြမည့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ၏ ရင်တွင်းစကားသံများ


Ministry of Information/ ​နေပြည်တော် / April 13, 2019
image_latest


မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း နေပြည်တော်ရှိ အထင်ကရနေ ရာများသို့ သွားရောက် လည်ပတ်သူများရှိသကဲ့သို့ မိမိတို့၏သက်ဆိုင်ရာ မွေးရပ်ဒေသများနှင့် မြန်မာနိုင်ငံ အနှံ့အပြား သွားရောက်အနားယူ လည်ပတ်ကြမည့် အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများလည်းရှိရာ ထိုသို့ အနယ်နယ်အရပ်ရပ်မှ အနားယူ အပန်းဖြေ လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည့် ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းသို့သွားရောက်၍ ၎င်းတို့၏ ရင်တွင်း ခံစားချက်များကို မျှဝေရေးသားတင်ပြလိုက်ရပါသည်။

ဒေါ်ဝင့်သူသူထွန်း (ရန်ကုန်မြို့)

သင်္ကြန်ပိတ်ရက်မှာ ပြင်ဦးလွင်မြို့ကိုသွားပြီး အနားယူအပန်းဖြေမှာ ဖြစ်ပါတယ်။ သင်္ကြန် အကြတ်နေ့ ကျရင် ပြင်ဦးလွင်ကနေ မန္တလေးကို ဆက်သွားမှာပါ။ ပြင်ဦးလွင်မှာတော့ ဘုရားတွေ အနံ့လျှောက်ဖူးပါမယ်။ နှစ်ဆန်း တစ်ရက်နေ့မှာ ဘုရားတွေဖူးပြီး ရန်ကုန်ပြန်လာမှာ ဖြစ်ပါတယ်။ သင်္ကြန်ရောက်တိုင်း ခရီးမသွားဖြစ်ပါဘူး။ ဒီနှစ်ကတော့ ပြင်ဦးလွင်ကို သွားချင်တဲ့စိတ်ရယ်၊ မန္တလေးက ကျောက်စိမ်းဘုရား ဖူးချင်တဲ့အတွက် ရောက်အောင်လာဖြစ်တာပါ။ နှစ်သစ်မှာ အားလုံး ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း နိုင်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။

ဒေါ်အိရွှေဇင်(ကျောင်းဆရာမ)

ဒီနှစ်သင်္ကြန်ကတော့ အမေတို့ရှိတဲ့ နေပြည်တော်ကို သွားမှာပါ။ သင်္ကြန်မှာတော့ တောင်ကြီးနဲ့ ကယားပြည်နယ်ဘက်တွေ အမြဲတမ်းခရီး ထွက်ဖြစ်တယ်။ ဒီတစ်ခေါက်ကတော့ လမ်းတွေကလည်း ကျပ်နေတော့ နေပြည်တော်ရောက်မှ ထပ်စီစဉ်ဖြစ်မှာပါ။ နေပြည်တော်ရောက်ရင်တော့ လတ်တလော စီစဉ်ထားတာ Skynet မဏ္ဍပ်တော့ ခဏသွားဖြစ်မယ်။ အမေတို့က နေပြည်တော်မှာနေပြီး ကျွန်မက ရန်ကုန်မှာနေတဲ့အတွက် ကျောင်းပိတ်ရက်ပဲ မိသားစုနဲ့ လည်ပတ်ခွင့်ရတာပါ။ နေပြည်တော်မှာလည်း ဘုရားတွေစုံတဲ့အတွက် မနှစ်ကတော့ ဘုရားတွေသွားပြီး ဘုန်းကြီးကျောင်းတွေမှာ ဖိနပ်တွေလှူဖြစ်ပါတယ်။ ဒီနှစ်ကတော့ ဘုန်းကြီးကျောင်းတွေကို ဆွမ်းပို့ဖို့ စီစဉ်ထားပါတယ်။ အဓိကတော့ မိသားစုနဲ့ ကုသိုလ်ကောင်းမှု လုပ်ဖြစ်မှာပါ။ ရေပက်ခံထွက်ဖို့တော့ အစီအစဉ်မရှိပါဘူး။ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ မိသားစုတွေ အားလုံး စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ၊ လိုအင်ဆန္ဒနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်။

ကိုဆက်ညီဆက်(ကျောင်းသား)

ကျွန်တော်က ရန်ကုန်မှာ ကျောင်းတက်နေတာပါ။ မွေးရပ်မြေဖြစ်တဲ့ မန္တလေးကို ပြန်မှာဖြစ်ပါတယ်။ သင်္ကြန်ပြီးရင်တော့ ကျောင်းသွားတက်ရတော့မှာဖြစ်လို့ မိဘဆီ ခဏပြန်တာပါ သင်္ကြန်မှာ ရေပက်ခံထွက်ဖို့ အစီအစဉ်တော့ မရှိပါဘူး။ အိမ်မှာပဲ လူကြီးတွေကို ကန်တော့ပြီး နှစ်ဆန်းတစ်ရက် နေ့မှာတော့ မြန်မာ့ဓလေ့ထုံးစံအတိုင်း ကုသိုလ်ကောင်းမှုတွေလုပ်ဖြစ်မှာပါ။ နှစ်သစ်မှာ အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။

ဒေါ်ဌေးဌေး(ရန်ကုန်)

အန်တီက ရန်ကုန်ကနေ မန္တလေးက မိဘတွေဆီ အလည်သွားမှာပါ။ ဒီ ၁၁၅ မိုင်မှာ ခရီးတစ်ထောက် နားတာပါ။ သင်္ကြန်ကာလအတွင်းမှာ မရောက်တာ ကြာပြီဖြစ်တဲ့ မိဘတွေနဲ့အတူ ကောင်းမှုကုသိုလ်လေးတွေပြုပြီး ဖြတ်သန်းသွားမယ်လို့ စိတ်ကူးထားပါတယ်။ ကျန်တဲ့အချိန်က အရောင်းအဝယ် သမားဖြစ်လို့ အလုပ်မအားတာကြောင့် ဒီသင်္ကြန်ပိတ်ရက်မှာပဲ မိဘတွေဆီ သွားဖြစ်တာပါ။ နှစ်သစ်မှာ အားလုံးမင်္ဂလာရှိပါစေလို့ ဆုတောင်းပေးပါတယ်။

မဝါဝါထွန်း (ချောင်းဦး)

အစ်မ ဇာတိကတော့ ချောင်းဦးဘက်ကပါ။ ရန်ကုန်မှာ တာဝန်ကျနေတာပါ။ အခု ဒီသင်္ကြန်တွင်း မိဘတွေဆီကို အလည်ပြန်တာပါ။ သင်္ကြန်တွင်းမှာတော့ မိဘတွေနဲ့အတူ ဥပုသ်သီလ ဆောက်တည်မယ်။ နောက်ပြီး စတုဒိသာအနေနဲ့ အချိုရည် ကုသိုလ်လေးတွေလုပ်ဖို့ စီစဉ်ထားပါတယ်။ ဇာတိက သူငယ်ချင်းတွေလည်း မတွေ့ဖြစ်တာကြာတော့ တွေ့ချင်ပေမယ့်လည်း သင်္ကြန်ရက်ဆိုတော့ တွေ့ဖြစ်မယ်တော့မထင်ပါဘူး။ သင်္ကြန်မှာ ခရီးသွားများတဲ့အတွက် ကားလက်မှတ် ဖြတ်ရတာတော့ အခက်အခဲရှိပါတယ်။

မဇင်လေး(ခရီးသွားတစ်ဦး)

သင်္ကြန်မတိုင်ခင် ဘုရားဖူးထွက်ဖြစ်တာပါ။ ကျိုက်ထီးရိုး အပါအဝင် ဘုရားအစုံ ဖူးဖြစ်ပါတယ်။ အခု ၁၁၅ မိုင်မှာ ခဏနားတာပါ။ ပြီးရင် နေပြည်တော်မှာရှိတဲ့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ဗုဒ္ဓဂယာ၊ ဓာတုဇယ ဓာတ်ပေါင်းစုစေတီတို့ကို ဖူးမြော်မှာဖြစ်ပါတယ်။ ဘုရားအစုံ ဖူးပြီးရင်တော့ ရေပန်းဥယျာဉ်ကို သွားရောက်အပန်းဖြေမှာဖြစ်ပါတယ်။ သင်္ကြန်အကြို အကျ ရက်တွေမှာတော့ သူငယ်ချင်းတွေနဲ့ ရေပက်ခံ လျှောက်လည်ဖို့ စီစဉ်ထားပါတယ်။ ကျန်တဲ့ရက်တွေမှာတော့ ကောင်းမှုကုသိုလ်လေးတွေလုပ်ပြီး ဖြတ်သန်းမယ်လို့ စဉ်းစားထားပါတယ်။ နှစ်ဆန်းတစ်ရက်နေ့ မှာတော့ သက်ကြီးပူဇော်ပွဲ ရှိတဲ့အတွက် သွားရောက်ကူညီပေးဖို့ စဉ်းစားထားပါတယ်။ နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးပါတယ်။

မေး၊ ရေး - အေးအေးသန့်
ဓာတ်ပုံ - အေးသန်း