မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းမယ့် မိတ္ထီလာက သနပ်ခါး လိမ်းပွဲတော်မြင် ကွင်းများ


Ministry of Information/ ​နေပြည်တော် / April 16, 2019
image_latest


မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် မဟာသင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်က မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့နယ် နန်းတော်ကုန်းရပ်ကွက်ရှိ ဗိုလ်ချုပ်ပန်းခြံ တွင် မြန်မာ့ရိုးရာသနပ်ခါးလိမ်း ပွဲတော်ကို ဒုတိယအကြိမ်မြောက် ကျင်းပခဲ့သည်။
၂၀၀၀ ပြည့်နှစ် နောက်ပိုင်းကာလတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကာလ၌ သရုပ်ပျက် ယဉ်ကျေးမှုများ ပိုမိုများပြားလာသည်ကို တွေ့မြင်ရခြင်းကြောင့် ရုပ်ပျက်ယဉ်ကျေးမှုလည်း လျော့နည်းစေ၊ မြန်မာ့ရိုးရာ သနပ်ခါးကိုလည်း လူတိုင်း ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ သနပ်ခါးလိမ်း ပွဲတော်အား ကျင်းပရခြင်းဖြစ်ကြောင်း ကမ်းလက်များပရဟိတ မိသားစုအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမြတ်မင်းက ပြောသည်။ မိတ္ထီလာ၌ ဒုတိယအကြိမ်မြောက်ကျင်းပသည့် သနပ်ခါးလိမ်းပွဲတော်တွင် သနပ်ခါးလိမ်းပြိုင်ပွဲ၊ သနပ်ခါးပြပွဲ၊ စတုဒိသာကျွေးမွေး လှူဒါန်းပွဲ၊ ဓာတ်ပုံပြပွဲနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးရန် နေရာများ ဖန်တီးပေးခြင်းများကို ဆောင်ရွက်ခဲ့ရာ ဒေသခံများနှင့် ရပ်ဝေးဒေသမှ လာရောက်သူများဖြင့် သနပ်ခါးလိမ်း ပွဲတော်မှာ အလွန်စည်ကား သိုက်မြိုက်အောင်မြင်ခဲ့သည်။ ယခင်နှစ်နှင့် ယခုနှစ်တွင် မဟာသင်္ကြန်အကြိုနေ့ တစ်ရက်တည်းသာ သနပ်ခါးလိမ်းပွဲတော်ကို ကျင်းပခဲ့သော်လည်း လာမည့်နှစ်များ တွင် ရက်တိုးမြှင့်ကျင်း ပနိုင်ရေး ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ခေတ်ကာလနှင့် ယှဉ်၍ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ရေး ရည်ရွယ်ချက်များဖြင့် ကျင်းပသည့် မိတ္ထီလာက သနပ်ခါးလိမ်း ပွဲတော်မြင်ကွင်းများကို မှတ်တမ်းဓာတ်ပုံ ရိုက်ကူးထားသည်များထဲမှ ကောင်းနိုးရာရာ လက်ရာများကို တင်ပြလိုက်ပါသည်။

ချမ်းသာ (မိတ္ထီလာ)