“၀”အထူးဒေသ (၂) ၏ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် (၃၀) ပြည့် အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ဦးဆောင်သော အစိုးရကိုယ်စားလှယ် အဖွဲ့ တက်ရောက်


Ministry of Information/ Shan / April 18, 2019
image_latest


ပန်ဆန်း ဧပြီ ၁၇

 

“၀” အထူးဒေသ(၂)၏ ငြိမ်းချမ်းရေး တည်ဆောက်မှုနှစ် (၃၀)ပြည့် အခမ်းအနားကို ယနေ့နံနက် ၇ နာရီက ပန်ဆန်းမြို့၌ ကျင်းပရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ပြည်ထောင်စုငြိမ်း ချမ်းရေး ကော်မရှင်အကြံပေး ဦးမိုးဇော်ဦး တို့ပါဝင်သည့် အစိုးရကိုယ်စား လှယ်အဖွဲ့ တက်ရောက်ကြသည်။

 

မီးရှူးမီးပန်းများ ပစ်ဖောက်

 

ရှေးဦးစွာ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် (၃၀) ပြည့် အခမ်းအနားတွင် မီးရှူး မီးပန်းများ ပစ်ဖောက်ပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံတော်နှင့် “၀”အထူးဒေသ(၂)၏ အလံကို အခမ်းအနားဖြင့် လွှင့်ထူ၍ နိုင်ငံတော်သီချင်းကို တီးမှုတ်ဂုဏ်ပြုသည်။

 

ကပြဖျော်ဖြေ

 

ထို့နောက် “၀” အထူးဒေသ(၂) ၏ ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် (၃၀) ပြည့်ကို စစ်ရေးပြ အခမ်းအနားဖြင့် ကြိုဆိုဂုဏ်ပြုခြင်း၊ ”၀” အထူးဒေသ (၂) နယ်မြေအတွင်းရှိ တိုင်းရင်းသားပေါင်းစုံ ကိုယ်စားလှယ်အဖွဲ့နှင့် လုပ်ငန်းနယ်ပယ်အသီးသီးရှိ ကိုယ်စား လှယ်အဖွဲ့များက တိုင်းရင်းသားရိုးရာ အကအလှများဖြင့် သီဆိုတီး မှုတ်ကပြဖျော်ဖြေမှုများပြုလုပ်၍ အခမ်းအနားကျင်းပရာသို့ ဝင်ရောက်နေရာ ယူခြင်းတို့ကို ပြုလုပ်ကြသည်။

 

ယင်းနောက် “၀” ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSA) အထွေထွေ အတွင်းရေးမှူးချုပ်၊ “၀”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) စစ်ဦးစီးချုပ် ဦးပေါက်ယူချန်းကမိန့်ခွန်း ပြောကြားသည်။

 

သဝဏ်လွှာကို ဖတ်ကြား

 

ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ကိုယ်စားလှယ်အဖြစ် တက်ရောက် လာသည့် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နှုတ်ခွန်းဆက် စကားပြောကြားပြီး “၀”အထူးဒေသ(၂)၏ ငြိမ်းချမ်းရေး တည်ဆောက်မှုနှစ်(၃၀)ပြည့် အခမ်းအနားသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။

 

(အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော သဝဏ်လွှာကို သီးခြား ဖော်ပြ ထားပါသည်။)

 

ယင်းနောက် အခမ်းအနားမှူးက “၀”အထူးဒေသ(၂)၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ပါဝင်ခဲ့သည့်ပုဂ္ဂိုလ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၃ ဖွဲ့မှ ပေးပို့လာသည့် သဝဏ်လွှာများကို မှတ်တမ်းတင်ပြီး သဝဏ်လွှာဖတ်ကြားသည်။

 

နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ဦးဆောင်သောအစိုးရ ကိုယ်စားလှယ်အဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးနှင့် ဖိတ်ကြားထားသည့် ကိုယ်စားလှယ်များအား ပန်ဆန်းမြို့ ပြည်သူ့ခန်းမ၌ နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

 

တွေ့ဆုံဆွေးနွေး

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ဦးဆောင်သောအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာအထူး ကိုယ်စားလှယ် မစ္စတာ စွန်းကော်ရှန်း ဦးဆောင်သော အဖွဲ့တို့သည် ပြည်သူ့ခန်းမ၌ သီးသန့်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ နယ်မြေဒေသတည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးရေးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA) လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA လက်မှတ် ရေးထိုးရေးဆိုင်ရာကိစ္စရပ်များနှင့် တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ဦးဆောင်သော အဖွဲ့သည် “၀”အထူးဒေသ(၂) ပန်ဆန်းမြို့မှ တပ်မတော်ရဟတ်ယာဉ်ဖြင့် လားရှိုးမြို့ သို့ရောက်ရှိကြပြီး ထိုမှတစ်ဆင့် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

 

သတင်းစဉ်