ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ရုပ်ရှင်ဖန်တီးရိုက်ကူးခြင်း သင်တန်းဆင်းပွဲတက်ရောက်ပြီး ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများကို လှည့်လည်ကြည့်ရှု


Ministry of Information/ ရန်ကုန် / April 20, 2019
image_latest


ရန်ကုန်၊ ဧပြီ ၂၀

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ နံနက်ပိုင်းတွင် ရုပ်ရှင် ဖန်တီးရိုက်ကူးမှု သင်တန်းအမှတ်စဉ်(၁)ဆင်းပွဲကို တက်ရောက် အမှာစကား ပြောကြားပြီး မွန်းလွဲပိုင်း တွင် ရုပ်ရှင်ရုံများကို ကြည့်ရှုစစ်ဆေး သည်။
ရှေးဦးစွာ ရုပ်ရှင်ဖန်တီးရိုက်ကူးမှု သင်တန်းအမှတ်စဉ် (၁) (JCGV Toto’s Film Making Class Closing Ceremony) သင်တန်းဆင်းပွဲကို ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ JCGV Junction City (Starium Theater)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာ စကားပြောကြားသည်။
ထို့နောက် JCGV Toto’s Film Making Class Batch-1 အောင်မြင်စွာ ပြီးမြောက်ခြင်းအတွက် JCGV မှ CEO ဒေါ်မိမိခိုင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး နာယက ဒါရိုက်တာ ပန်းချီ ဦးစိုးမိုးက ဝမ်းမြောက် စကားပြောကြားသည်။
ဆက်လက်၍ JCGV Toto’s Film Making Class Batch-1 မှ သင်တန်းသားများ၏ မှတ်တမ်းတင် ဗီဒီယိုနှင့် သင်တန်းသား များရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကားများကို ပြသသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က JCGV Toto’s Film Making Class Batch-1 အောင်မြင်ပြီး မြောက်ခြင်း အတွက် ဂုဏ်ပြုမှတ်တမ်းလွှာကို JCGV မှ CEO ဒေါ်မိမိခိုင်အား ပေးအပ်သည်။
အဆိုပါ သင်တန်းတွင် ရုပ်ရှင်ဖန်တီးမှုကို စိတ်ဝင်စားသော မျိုးဆက်သစ် လူငယ်များအတွက် ရုပ်ရှင် တစ်ကားဖန်တီး ရိုက်ကူးခြင်း ပညာရပ်ဖြစ်သော ဇာတ်ညွှန်း ရေးသားခြင်း၊ သရုပ်ဆောင်ခြင်း၊ ရုပ်ရှင် ရိုက်ကူးမှုနှင့် တည်းဖြတ်ခြင်း၊ ဈေးကွက် ဖော်ဆောင်ခြင်း၊ ဇာတ်ကားပြသခြင်း အပါအဝင် ရုပ်ရှင် ရိုက်ကူးထုတ်လုပ်မှုဆိုင်ရာ အခြေခံအချက်အလက်များ မှအစ ဇာတ်ကားပြသသည်အထိ လိုအပ်သည့် ပညာရပ်များကို ပြည်တွင်းရုပ်ရှင် အတတ်ပညာရှင်များ၊ ဝါရင့် ဒါရိုက် တာများနှင့် လူငယ် ဒါရိုက်တာများက ပို့ချသင်ကြားပေးခဲ့သည်။
ယင်းသင်တန်းမှာ ရုပ်ရှင်ဖန်တီးထုတ်လုပ်မှု ပညာရပ်ကို စိတ်ပါဝင်စားသည့် အသက် ၁၂ နှစ်မှ ၁၆ နှစ် အတွင်းရှိ မျိုးဆက်သစ်လူငယ် (၃၀) အား ရွေးချယ်၍ ဧပြီ (၁) ရက်မှ (၈)ရက်အထိ ဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများနှင့်အတူ JCGV Junction Square ၊ သမ္မတ ရုပ်ရှင်ရုံ၊ ရှေ့ဆောင်အဆင့်မြင့်ရုပ်ရှင်ရုံ၊ နေပြည်တော်အဆင့်မြင့်ရုပ်ရှင်ရုံကို လှည့်လည်ကြည့် ရှုရာ မင်္ဂလာကုမ္ပဏီ လီမိတက် ဥက္ကဋ္ဌ ဦးဇော်မင်း နှင့် တာဝန်ရှိသူများက စီစဉ်ဆောင် ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရုပ်ရှင်ရုံအတွင်း လေဝင်လေထွက် ကောင်းမွန်မှု၊ Foot Lighting အတွက် လုံလောက်သော အလင်းပေးစနစ်၊ ခေတ်ကာလနှင့် လျော်ညီပြီး နေရာဒေသနှင့် ကိုက်ညီသော ပွဲကြည့်ထိုင်ခုံများ၊ အရန်လျှပ်စစ်ဓာတ်အားပေးစနစ်များ တပ်ဆင်ထားမှု စသည်တို့ကို လှည့်လည်ကြည့်ရှုသည်။
မြန်မာတစ်နိုင်ငံလုံး၌ ရုပ်ရှင်ရုံ(၁၃၀)၊ ပိတ်ကား(၁၅၀) ရှိပြီး ရန်ကုန်မြို့တွင် ရုပ်ရှင်ရုံ (၅၆) ရုံ၊ ပိတ်ကား (၆၉) ခု ဖွင့်လှစ်လာနိုင်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)