(၁၇) ကြိမ်မြောက် ဆရာဝန်တင်ရွှေ စာပေဆုပေးပွဲမှ စာပေအလှူရှင်နှင့် ဆုရရှိသူများ ၏ ဝမ်းသာပီတိ စကားသံများ
(၁၇) ကြိမ်မြောက် ဆရာဝန်တင်ရွှေ စာပေဆုပေးပွဲမှ စာပေအလှူရှင်နှင့် ဆုရရှိသူများ ၏ ဝမ်းသာပီတိ စကားသံများ
Ministry of Information/ ရန်ကုန် / April 21, 2019
(၁၇) ကြိမ်မြောက် ဆရာဝန်တင်ရွှေ စာပေဆုပေးပွဲအခမ်းအနားကို ဧပြီ ၂၀ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပရာ စာပေဆုပေးပွဲ အခမ်းအနားတွင် စာပေဆုအလှူရှင် ဆရာဝန်တင်ရွှေမိသားစုနှင့် ဆုရရှိသူများအား မြန်မာ့သတင်းစဉ်က တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
ဆရာမကြီး
ဒေါက်တာရီရီလှ(ယုဝတီခင်ဦး)
ဆရာဝန်တင်ရွှေ
တစ်သက်တာစာပေဆုရ
ကျွန်မက တစ်သက်တာစာပေဆုရတာ နှစ်ခါရှိပါပြီ။ အခုလို စာပေသမားတွေ ချီးမြှင့်ပေးတဲ့ စေတနာ မေတ္တာတွေကို အသိအမှတ်ပြုပါတယ်။ လေးစားပါတယ်။ ဂုဏ်လည်း ယူပါတယ်။ ကျွန်မခေါင်းထဲမှာ ကျန်းမာ ရေးနဲ့ပတ်သက်ပြီးပေါ်လာတဲ့ အချက်အလက်တွေကို စာဖတ်ပရိသတ် တွေသိဖို့ ဆောင်းပါးတွေ၊ ဝတ္တုတွေ ရေးခဲ့တယ်။ ဆုတွေလည်းရခဲ့ပါတယ်။ ကျန်းမာတဲ့အချိန်အထိ၊ ကလောင် ကိုင်နိုင်တဲ့အထိ ရေးမှာပါပဲ။ ဒီနေ့ တစ်သက်တာဆုရတဲ့အတွက် ဝမ်းသာပါတယ်။ စာရေးဆရာတွေကလည်း စာရေးနိုင်ပြီး ဆရာဝန်တင်ရွှေ စာပေဆုကိုလည်း ဆက်လက်ပေးနိုင်ပါစေ လို့ ဆုတောင်းပါတယ်။
ဆရာကြီး ဒေါက်တာသန်းဦး
အခု ဆောင်းပါးပေါင်းချုပ်က ၁၉၅၃ ခုနှစ်၊ လွန်ခဲ့တဲ့ ၆၆ နှစ်လောက် ကစပြီးတော့ သွေးသောက်မဂ္ဂဇင်းမှာ ပညာရေးနဲ့ပတ်သက်လို့ ပညာရေး ရည်မှန်းချက် ပန်းတိုင်တွေကို အလုပ်ခွင်မရောက်သေးခင် ပညာရေး တက္ကသိုလ် ကျောင်းသားဘဝက စပြီး ရေးသားခဲ့ပါတယ်။ စာဖတ်တဲ့ သင်ကြားမှုကို ဘယ်အရွယ်က အကောင်းဆုံး စတင်သင်ကြား နိုင်သလဲဆိုတာကို သုတေသနပြုထား တဲ့ စာတမ်းတစ်ခုရှိတယ်။ အဲဒီအပေါ်မှာ အခြေခံပြီးရေးခဲ့တယ်။ နောက် စာဖတ်တဲ့အခါမှာ မျက်လုံးရွှေ့တာကို စနစ်တကျ လေ့လာထားတာရှိတယ်။ အဲဒီဆောင်းပါးလည်း ဒီစာအုပ်မှာ ပါတယ်။ ဒီနေ့ အထိ ခေတ်နဲ့အညီရှိနေ သေးတဲ့ ဆောင်းပါးတွေဖြစ်တယ်။
နောက်ပိုင်းဆောင်းပါးတွေက ညွှန်ချုပ်ဘဝနဲ့ အငြိမ်းစားယူပြီးတဲ့ နောက်ပိုင်း ဝိဇ္ဇာ/သိပ္ပံ ပညာရှင်ဘဝမှာ ရေးထားတာတွေများတယ်။ အထူးသဖြင့်တော့ ဆရာ့ဘ၀၊ ဆရာ့အလှ၊ ဆရာ့သိက္ခာ တွေကို ထိန်းဆရာ့အလှ၊ ဆရာ့ သိက္ခာတွေကို ထိန်းဘ၀တွေကို အကုန်စုပေါင်းပြီး ဆောင်းပါး ပေါင်းချုပ်ထဲမှာ ရေးသား ထားတယ်။ မြန်မာ့ပညာရေးအယူ အဆကို အငြိမ်းစားယူပြီးမှ ရေးတော့ ပိုပြီး အချိန်ရတယ်။ ပိုပြီးလေ့လာပြီး ထဲထဲဝင်ဝင် နက်နက်နဲနဲ ရေးသား နိုင်တဲ့အဆင့် ရှိတယ်။ ဒါကို မြန်မာ လိုတင်မက အင်္ဂလိပ်လိုပါ ဘာသာ ပြန်ဖြစ်သွားတယ်။ ဆောင်းပါးပေါင်း ချုပ်မှာ အင်္ဂလိပ်/မြန်မာလို ရေးဖြစ် သွားတယ်။ ဒီအပေါ်မှာ ဆရာဝန် တင်ရွှေ ဆုချီးမြှင့်ခံရတာကို အလွန်ကိုဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ ဒီဆောင်းပါးတွေက နောင်လာ နောက်သားတွေကို ပညာရေးနဲ့ ပတ်သက်ပြီး ပေးနိုင်တဲ့ အမွေပါပဲ။
ဒေါက်တာဇော်ထွန်း
(အင်္ဂလိပ်စာပါမောက္ခ - နိုင်ငံခြားဘာသာတက္ကသိုလ်)
စာရေးဆရာ ညီပုလေးရဲ့ အမျိုး သားစာပေဆုရ ဝတ္တု “ထက်မြက်တဓားသွားပေါ်က ချိုမြမြ ပျားရည်စက်” ကို အမှတ်တရဖြစ်စေချင်လို့ ဘာသာ ပြန်လိုက်တာဖြစ်ပြီး ဆရာဝန်ကြီး နာဂသိန်းလှိုင်အကြောင်းကို ဝတ္တု ပုံစံမျိုး သူ့ရဲ့ကိုယ်တွေ့ အဖြစ် အပျက်ကို ပြန်ပြောတဲ့ပုံစံ ဝတ္တု ဇာတ် အိမ်ဖွဲ့ထားတာပါ။ ဘာသာပြန်ဖို့ ပြောလာလို့ ပြန်ဖြစ်တာပါ။ ဘာသာ ပြန်တဲ့စာအုပ်ပေါင်း ၅၀ ကျော်ရှိပြီ။ ဝတ္တု တိုတွေ ပိုပြန်ဖြစ်တယ်။ နောက် ပြီး မြန်မာကဗျာတွေ ပြန်ဖြစ်တယ်။ အင်အားနည်းတယ်လို့ ယူဆလို့ တစ်ထောင့်တစ်နေရာကနေ အားဖြည့် ကူညီ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အခုလို အသိအမှတ်ပြုခြင်းခံရတာ ကျွန်တော်တို့အတွက် အားတစ်ခုပါပဲ လို့ ယူဆတယ်။ မြန်မာစာပေကို ကမ္ဘာကို ပျံ့ပျံ့နှံ့နှံ့ ရောက်ဖို့အတွက်က ကြားခံတစ်ခုလိုတယ်။ ဟိုးအရင်ကဆရာကြီးတွေက ဘာသာပြန်တာရှိခဲ့ ပေမယ့် အခုနောက်ပိုင်း လူငယ်မျိုးဆက်တွေကြားမှာ ဘာသာပြန် အားနည်းနေတယ်။ အခုလို အားပေး မှုရှိမှလည်း ဘာသာပြန်ဆိုတဲ့အလုပ် မှာ ပိုပြီး အာရုံစိုက်လာမယ်လို့ ယူဆ တယ်။ ဒါက ကြီးမားတဲ့ပံ့ပိုးမှုတစ်ခုလို့ ယူဆပါတယ်။
ဦးဇော်လွင်ဦး(ဇော်လွင်ဦး-ဟင်္သာတ)
အခုဆုရတာက “ယင်းကျား” စာအုပ်နဲ့ပါ။ စာအုပ်ရေးဖြစ်တဲ့အဓိက ရည်ရွယ်ချက် ကတော့ ရှားပါး တိုင်းရင်းသားတွေကို တခြားတိုင်း ရင်းသားတွေသိစေချင်လို့ ရေးဖြစ် တာပါ။ ယင်းကျား တိုင်းရင်းသား ဆိုတာက ပြောလိုက်ရုံနဲ့ မသိနိုင်တဲ့ တိုင်းရင်းသားထဲမှာပါပါတယ်။ သူက ရှမ်းမျိုးနွယ်စုထဲမှာပါတယ်။ ဒါပေမယ့် လူဦးရေက လေးထောင် လောက်ပဲရှိ တော့တယ်။ နေတာက ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့နယ်ထဲမှာ နေတယ်။ ထူးခြားချက်က ရွာကိုးရွာ ခမှာ သူတို့ချည်း သီးသီးသန့်သန့်နေ တယ်။ တခြားတိုင်းရင်းသားတွေနဲ့ ရောမနေဘူး။ ဘာဖြစ်လို့မှတ်တမ်း တင်ဖြစ်လဲဆိုတော့ ဒီဘက်မှာအလွန်ခေတ်မီလာတာနဲ့အမျှ သူတို့ရဲ့ယဉ်ကျေးမှုတွေက တဖြည်းဖြည်းနဲ့ ပြုန်းတီး လျော့ပါးလာတာတွေ့ရ တယ်။ အလွယ်လိုက်လာကြတယ်ပေါ့။ အဲဒါလေးတွေကို နှောင်း လူတွေရော၊ တခြားတိုင်းရင်းသားတွေရော မှတ်မိ သွားအောင်ဆိုပြီး မှတ်တမ်းတင် ချင်တဲ့ သဘောနဲ့ ဒီစာအုပ်ကို ရေး ဖြစ်တာပါ။ ဒီဆုကိုရမယ်လို့ မျှော်လင့်မထားပါဘူး။ စာပေဆုက အလွန်အရှိန် အဝါကြီးတဲ့အတွက် ကျွန်တော့်အနေနဲ့ မျှော်လင့်မထားရိုး အမှန်ပါ။ ဆုရတယ်ဆိုတော့ ကျွန်တော့် အနေနဲ့ အလွန်ဝမ်းသာသလို ပိုပြီး ဝမ်းသာတာက ယင်းကျားတိုင်းရင်း သားတွေပါ။ သူတို့ကို လှမ်းပြီးတော့ ပြောတဲ့အခါ ဝမ်းသာကြတယ်။ သူတို့ ကို မှတ်မှတ်ထင်ထင် ဖြစ်သွားပြီ၊ တကယ် မှတ်တမ်းတင်နိုင်ပြီ ဆိုပြီး တိုင်းရင်းသားတွေက တော်တော် ဝမ်းသာတဲ့အတွက် ဒီစာပေဆုရလိုက်တာဟာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး အတွက် အများကြီး အထောက်အကူပြုတယ်လို့ ယူဆမိ ပါတယ်။
ဒေါ်သက်သက်ရွှေ
စာပေအလှူရှင် ဆရာဝန်တင်ရွှေ၏သမီး
ဆရာဝန်တင်ရွှေ စာပေဆုကို ၂၀၀၁ ခုနှစ်က စပြီး ချီးမြှင့်ခဲ့တာပါ။ တစ်သက်တာ စာပေဂုဏ်ဆောင်ဆု အနေနဲ့ကတော့ သုံးနှစ်လောက်ကြာ မှ စပြီးပေးအပ်ခဲ့ တာပါ။ဘဝတစ်သက် လုံး စာပေလုပ်ငန်းတွေကို တိုးတက် အောင်လုပ်ဆောင်တဲ့ စာရေးဆရာ ဆရာမကြီးတွေထဲကနေ အဓိကက ဆရာဝန်စာရေးဆရာ၊ ဆရာမကြီးတွေ ကို ဦးစားပေးပြီး ရွေးချယ်ပါတယ်။ ပြီးတော့ အင်္ဂလိပ်စာပေဆု ချီးမြှင့်ပါ တယ်။ စာမူဆုကိုလည်း ချီးမြှင့်ဖို့ အစီအစဉ်ရှိပါတယ်။ အခုလောလော ဆယ်တော့ မပေးဖြစ်ပါဘူး။ စာပေဆု က စာရေးဆရာ၊ ဆရာမ၊ ဆရာဝန်ကြီး တွေကို ပိုပြီး အားရှိစေချင်တဲ့သဘော ဖြစ်ပါတယ်။ နောက်ပြီး ဝတ္တု မဟုတ်တဲ့ ဗဟုသုတ စာအုပ်တွေကိုလည်း မြန်မာနိုင်ငံအတွက် အကျိုးပြုမယ့် စာပေတွေအဖြစ် ပေါ်ထွက်လာစေဖို့ ရည်ရွယ်ချီးမြှင့်တာပါ။ ရေရှည်အတွက် ဆုငါးဆုအပြင် တတ်နိုင်သလောက် တိုးချဲ့ချီးမြှင့်သွားဖို့ ရည်ရွယ်ပါတယ်။ ဆရာဝန်တင်ရွှေရဲ့ တစ်သက်တာလုံး က စာပေနဲ့ကုန်ဆုံးခဲ့တယ်လို့ ပြောလို့ ရပါတယ်။ ဆေးပညာ အတွက်တင် မက စာပေလုပ်ငန်းတွေနဲ့ စာရေး ဆရာကြီးတွေရဲ့ဘ၀ တိုးတက်လာစေ ဖို့ အမြဲတမ်းရည်စူးခဲ့ပါတယ်။ ကျွန်မ တို့ မိသားစုအနေနဲ့ မြန်မာစာပေ မြင့်မားတိုးတက်ရေးဆိုတဲ့ အဓိက ရည်ရွယ်ချက်နဲ့ပါ။ အလှူတစ်ခုကို ပြုလုပ်ခြင်း ဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်း - ရီရီစန္ဒီ၊ ဓာတ်ပုံ - လှမိုး