ချင်းပြည်နယ်အတွင်း ရှေးဦးအရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးဆိုင်ရာ အရေးကြီးပုံ နှင့် လူငယ်ရေးရာ မူဝါဒ ကိစ္စရပ်များ ဆွေးနွေးပြောကြား


Ministry of Information/ chin / April 21, 2019
image_latest


ဟားခါး ဧပြီ ၂၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ပြည်ထောင်စု ဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးသည် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မူလတန်းကြိုကျောင်း၊ ကိုယ့်အား ကိုယ်ကိုး မူကြိုကျောင်းများ၊ ပုဂ္ဂလိက မူကြိုကျောင်းများရှိ ဆရာ၊ဆရာမများ၊ မိဘများ၊ မိသားစုဝင်များနှင့် ယမန်နေ့မွန်းလွဲပိုင်း ကမြို့တော်ခန်းမ၌ တွေ့ဆုံပြီး ရှေးဦးအရွယ်ကလေးသူငယ်ပြုစု စောင့်ရှောက်ရေးဆိုင် ရာ အရေးကြီးပုံကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးကရှေးဦးအရွယ်ကလေး သူငယ်များအားပြုစုစောင့်ရှောက်ရေး ကဏ္ဍ တွင်မိခင်များသာ မကဖခင်များ၊ မိသားစုဝင်များသည် အရေးကြီးပါကြောင်း၊ ရှေးဦးအရွယ်ကလေးများ၏ ကိုယ်ခန္ဓာ ပုံမှန်ကြီး ထွားမှုနှင့်ဦးနှောက်ဖွံ့ဖြိုး တိုးတက်မှုများ အသက်အရွယ်အဆင့်ဆင့်အလိုက် ပြောင်းလဲပုံကိုမိဘများ၊ မိသားစုဝင်များက သိရှိပြီးပုံမှန် ဖွံ့ဖြိုးမှုရှိ / မရှိဆန်းစစ်ရမည်ဖြစ်ကြောင်း၊ ပုံမှန်ဖွံ့ဖြိုးမှုမရှိပါက ကျွမ်းကျင်သည့် သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုဝန်ထမ်းတာဝန်ရှိသူများနှင့်ဆောလျင်စွာ တိုင်ပင်ရန်လိုအပ် ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနကလည်းရှေးဦးအရွယ်ကလေးသူ ငယ်များဖွံ့ဖြိုးတိုး တက်မှု တိုင်းတာ စစ်ဆေးခြင်းနှင့်ပြန်လည်ထူထောင်ရေး အစီအစဉ်ကို ပြည်နယ်နှင့်တိုင်း ဒေသကြီးအ ချို့တွင် ရှေ့ပြေး စမ်းသပ်ဆောင်ရွက်နေပြီဖြစ်ပြီး ဆက်လက်တိုးချဲ့လုပ် ဆောင်သွားမည်ဖြစ်ကြောင်း၊ ဤကဲ့သို့ဆောင် ရွက်ခြင်းဖြင့် ဖွံ့ဖြိုးမှု နောက်ကျသော ကလေးများကို စောစီးစွာရှာဖွေတွေ့ရှိပြီး အချိန်မီပြုပြင်ပြုစု စောင့်ရှောက်ခြင်းဖြင့် မသန် စွမ်းမှုများကို လျော့ချနိုင်မည်ဖြစ်ပါကြောင်း။

ကလေးငယ်များကိုနည်းစနစ်အမှန်ဖြင့် ပြုစုစောင့်ရှောက်ပေးရန် နေ့ကလေးထိန်း ကျောင်းများ၊ မိခင်ဝိုင်းများ ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ အဆိုပါကျောင်းများ၌ ရှေးဦး အရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေး ဆရာဖြစ် သင်တန်းတက်ရောက်ပြီးသူများကို သာကြီးကြပ်စေပါကြောင်း၊ ဆရာဖြစ် သင်တန်းများလည်း တိုးချဲ့ ဖွင့်လှစ်ရန် စီစဉ်လျက်ရှိ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်မိခင်ဝိုင်း များကိုတိုးချဲ့ဖွင့်လှစ်လျက်ရှိ သော်လည်း ဘဏ္ဍာငွေ ရရှိမှုအပေါ်မူတည်၍ တစ်နိုင်ငံလုံး ပြန့်ပြန့်နှံ့နှံ့ဖွင့်လှစ်နိုင်ရန် အခက်အခဲရှိသည့် အတွက် မိဘများ၊ အုပ်ထိန်းသူများကိုယ်တိုင်ကရှေးဦးအရွယ် ကလေးသူငယ်ပြုစုစောင့် ရှောက် ရေးနည်းလမ်းများကို သိရှိနား လည်ပြီး မိမိတို့ကိုယ်တိုင် ဆောင်ရွက်၍ ရပါ ကြောင်း၊ ကလေးသူငယ် များအားပြုစု စောင့်ရှောက် နည်းစနစ် မမှန်ပါက ဖွံ့ဖြိုးမှုနှောင့်နှေး သွားနိုင်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်များ၏ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ အပြန် အလှန်ဆက်သွယ်ခြင်းနှင့် ဘာသာစကားဖွံ့ဖြိုးမှု၊ လက်နှင့်လက်ချောင်းများဖွံ့ဖြိုးမှုအတွက် စနစ်တကျ လေ့ကျင့်ပေးခြင်း၊ ကလေးသူငယ်အချင်းချင်းထိတွေ့ပေးခြင်းဖြင့် အထောက် အကူများစွာပြုနိုင်ကြောင်းနှင့် ထိုအသိပညာများကို အစိုးရကမိဘများ၊ အုပ်ထိန်းသူများ သိရှိအောင်ဖြန့်ဝေ ပညာပေးခြင်းများ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။ထို့နောက်တက်ရောက်လာကြသော မူလတန်းကြိုကျောင်း၊ ကိုယ့်အား ကိုယ်ကိုး မူကြိုကျောင်းများ၊ ပုဂ္ဂလိကမူကြိုကျောင်းများမှ ဆရာ၊ဆရာမများ၊ မိဘအုပ်ထိန်းသူများက မိမိတို့ ဆောင်ရွက်လျက်ရှိသော ကလေးသူငယ်ပြုစုရေးလုပ်ငန်းများ နှင့်ပတ်သက်၍ လိုအပ်ချက်နှင့် သိရှိလိုသည် များကိုမေး မြန်းကြရာပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ချင်းပြည်နယ်လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များ၊ လူမှုရေး အဖွဲ့အစည်း အသီးသီးမှလူငယ်များနှင့်လူငယ်ရေးရာကိစ္စများကိုတွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးပွဲတွင် တက်ရောက်လာကြသောလူငယ်များက ချင်းပြည်နယ်အတွင်းရှိ လူငယ်များနှင့်အရက်၊ မူးယစ် ဆေးကိစ္စများ၊ လူငယ်များအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ဖော်ဆောင်ပေးရေး၊ လူငယ်စင်တာ တည်ဆောက်ရန်အတွက် မြေနေရာ ရရှိရေး၊ လူငယ်များတွေ့ဆုံဆွေးနွေမှုများပြုလုပ်နိုင်ရန် ပြည်နယ် အစိုးရ အဖွဲ့ရုံး၌ ယာယီ ရုံးခန်းရရှိရေးကိစ္စများကို ဆွေးနွေခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်တို့က တင်ပြဆွေးနွေးမှုများကို ပြန်လည်သုံးသပ် ခဲ့ကြသည်။

ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်ချင်းပြည်နယ်လူမှုရေးဝန်ကြီးတို့သည် ညနေပိုင်းတွင် ဟားခါးမြို့တွင် အမျိုးသား သဘာဝ အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် တည်ဆောက် လျက်ရှိသော ဘက်စုံသုံး ဘေးဒဏ်ခံ အဆောက်အဦ(Multipurpose Cyclone Shelter) ဆောက်လုပ်နေမှု အခြေအနေအား သွားရောက်ကြည့်ရှု သည်။

 (သတင်းစဉ်)