ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ ပြည်မြို့သို့ ဒေသစာရီကြွချီ အပူဇော်ခံ
ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ ပြည်မြို့သို့ ဒေသစာရီကြွချီ အပူဇော်ခံ
Ministry of Information/ ပြည် / April 27, 2019

ပြည် ဧပြီ ၂၇
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ စုပေါင်းအင်အားဖြင့် တည်ထား ကိုးကွယ် လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင် ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ရတနာစိန်ဖူး တော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့် ဆင့်တို့သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှ ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ ဒေသစာရီ ကြွချီအပူဇော်ခံသည်။
ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့် တို့အား ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့ ဆယ်ထပ်ကြီးဘုရားဝန်းအတွင်းရှိ ယာယီစံကျောင်းတွင် ဆရာတော် သံဃာတော်များက ဘုရားအနေကဇာ တင်ကြပြီး ဆရာတော်သံဃာတော် များအား ဟင်္သာတ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဟင်္သာတမြို့မှ ပြည်မြို့သို့ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာများ၊ ဘာသာရေး အသင်းအဖွဲ့ များ၊ ဝတ်အသင်း အဖွဲ့များက ပင့်ဆောင်ပူဇော်ကြရာ ပင့်ဆောင်အပူဇော်ခံရာ လမ်းတလျောက်တွင် ရဟန်းရှင်လူများ၊ လွှတ်တော်ကိုယ် စားလှယ်များ၊ မြို့မိမြို့ဖများ၊ ဘာသာရေး အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများက စည်ကားလှိုက်လှဲစွာ ကြိုဆိုဖူးမြော်ကြပြီး စေတီတော်ကြီး တည်ထားကိုးကွယ်ရေး အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။
ထိုမှတဆင့် ပဲခူးတိုင်းဒေသကြီးသို့ရောက်ရှိရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီး ဦးညွှန့်ရွှေ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ ဝတ်အသင်း အဖွဲ့များ က လည်းကောင်း၊ ပြည်မြို့အဝင် န၀ဒေး တံတားတွင် ဌာနဆိုင်ရာများ၊ ပြည်ရွှေဆံတော် ဘုရားဂေါပက အဖွဲ့ဝင်များ၊ ဝတ်အသင်းအဖွဲ့များ၊ နိဗ္ဗာန်ဆော်များ၊ မြို့မိမြို့ဖများက မင်္ဂလာစည်တော်ကြီးများဖြင့် လည်းကောင်း ဖူးမြော်ကြိုဆိုပင့်ဆောင်သည်။
ယင်းနောက် ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် ဘုံအဆင့် ဆင့် တို့အား ပြည်ရွှေဆံတော်ဘုရားကြီးရင်ငွေ့လှုံကာ ပြည်မြို့ အ.ထ.က (၁)၊ လွတ်လပ်ရေး ကျောက်တိုင်ကွင်း ယာယီစံကျောင်းတွင် ဒေသခံပြည်သူများ ဖူးမြော်ကြည်ညို နိုင်ရန် ပူဇော်ခံ ထားရှိသည်။
ည ၈ နာရီတွင် ပြည်မြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ရွှေပါရမီတောရဆရာတော် အရှင် ဆန္ဒာဓိက က ပြည်ထောင် စုကြီး ထာဝရငြိမ်းချမ်းရေးရရှိစေရန် ငြိမ်းချမ်းရေးတရားတော်ကို ဟောကြား ချီးမြှင့်ရာ ရဟန်းရှင်လူ ပြည်သူများက တရားတော်ကို ရိုသေစွာ နာယူကြည်ညို ကြသည်။
ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွား တော်များ၊ ရွှေထီးတော်၊ ငှက်မြတ် နားတော်နှင့် ရတနာစိန်ဖူးတော်များအား တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဒေသစာရီကြွချီအပူဇော်ခံလျက်ရှိရာ ဧပြီ ၂၈ ရက်တွင် မကွေး၊ ၂၉ ရက်တွင် ပုဂံ၊ ဧပြီ ၃၀ ရက်မှ မေ ၁ ရက်အထိ မုံရွာ၊ မေ ၂ ရက်မှ ၆ ရက်အထိ မန္တလေး၊ မေ ၇ ရက်တွင် ကျောက်ဆည်၊ မေ ၈ ရက်တွင် သဲတော(ဝမ်းတွင်း)၊ မေ ၉ ရက်မှ ၁၁ ရက်အထိ တောင်ကြီး၊ မေ ၁၂ ရက်တွင် လွိုင်ကော်၊ မေ ၁၃ ရက်တွင် တောင်ငူ၊ မေ ၁၄ ရက်မှ ၁၈ ရက်အထိ နေပြည်တော်တို့တွင် ဒေသစာရီကြွချီ ပူဇော်ခံသွားမည် ဖြစ်ပြီး ဒေသစာရီလှည့်လည်အပူဇော်ခံရာ ခရီးစဉ်တစ်လျှောက်တွင် ရွှေပါရမီ တောရဆရာတော် အရှင်ဆန္ဒာဓိက က ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းသာယာမှုရရှိစေရန် ငြိမ်းချမ်းရေး တရားတော်များ ဟောကြားချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
(ဟန်လင်းနိုင်)