ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဟားခါး - ဟာသာ -တောင်ခင်ရမ်းလမ်းနှင့် ဒေါင်ဗားချောင်းတံတား တည်ဆောက်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေး


Ministry of Information/ chin / April 30, 2019
image_latest


 

နေပြည်တော် ဧပြီ ၃၀

 

 

ဒုတိယသမ္မတသည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ့၊ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးလှမော်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိ သူများနှင့် အတူ ဟားခါးမြို့မှ မော်တော်ယာဉ် များဖြင့် ထွက်ခွာကြရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူ များက ရိုးရာ ဓလေ့အတိုင်း ဂုဏ်ပြုကြိုဆိုကြပြီး ဒေသတွင်း လိုအပ်လျက်ရှိသည့် ပညာရေး၊ ကျန်းမာ ရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများကို တင်ပြကြရာ ဒုတိယ သမ္မတ က ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဟားခါး - ဟာသာ - တောင်ခင်ရမ်း လမ်း ဖောက်လုပ်ထားမှု အခြေ အနေများကို မော်တာ်ယာဉ်များဖြင့် ကြည့်ရှု စစ်ဆေး ကြသည်။

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဟားခါး - ဟာသာ - တောင်ခင်ရမ်းလမ်း (၄၂ - ၄၃) ကီလိုမီတာ အကြား ဒေါင်ဗားချောင်းတံတား တည်ဆောက်ခြင်း စီမံကိန်းသို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုနှင့် တံတားတည်ဆောက်ပြီးစီးမှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ရှင်လင်းဆောင်၌ တံတားဦးစီးဌာန၊ တံတားစီမံကိန်းအဖွဲ့(၁) မှ လက်ထောက် ညွန်ကြားရေး မှူး ဦးသန့်စင် က တံတားစီမံကိန်းဆိုင်ရာ အချက်အလက် များနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက လုပ်ငန်းလိုအပ်ချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေး သည်။       

ဒေါင်ဗားချောင်းတံတားသည် အရှည် ၂၅၀ပေ၊ အကျယ် ၃၀ ပေရှိပြီး  စီမံကိန်း တန်ဖိုး အားဖြင့် ငွေကျပ် သန်း ၁၃၀၀ ခန့်မှန်းထားသည်။ အဆိုပါ စီမံကိန်းကို ၂၀၁၉ခုနှစ် ဧပြီ ၃ရက်တွင် စတင် ဆောင်ရွက်ပြီး ၂၀၂ဝခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် တံတား(၁)စင်းလုံး ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ လမ်းဦးစီးဌာန ညွန်ကြားရေးမှူး ဦးရဲလင်း က ဟားခါး - ဟာသာ - မှန်တော လမ်းဖောက် လုပ်နေမှု အခြေအနေများ နှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းတင်တင်ပြချက်များအပေါ် ဒုတိယသမ္မတ က အဆိုပါ လမ်းပိုင်းသည် မုံရွာ -ယာကြီး - ကလေးဝလမ်း နှင့် ဆက်စပ်နေသည့် အတွက် အိန္ဒိယနိုင်ငံနှင့် ကုန်စည် စီးဆင်းမှု ပိုမိုမြန်ဆန် သွက်လက်လာမည် ဖြစ်ပြီး ဟားခါးမြို့မှ အထက်မြန်မာပြည်သို့ သွားရောက်ရာတွင် အဓိက ကျသည့် လမ်းပိုင်းတစ်ခု ဖြစ်ကြောင်း၊ လမ်းတာချဲ့ရန် လိုအပ်သော အပိုင်းများကို ၃၄ပေအကျယ်အထိ ဆောင်ရွက်သွားရန်၊ အတက်၊အဆင်း မတ်စောက် သည့်နေရာများအား ပြေပြစ်အောင် ဆောင်ရွက်သွားရန်၊ သတ်မှတ်ကာလ အတွင်းပြီးစီး နိုင်ရေး အတွက် လိုအပ်သည့် ဘဏ္ဍာငွေရရှိရေးအား ညှိနှိုင်းဆောင်ရွက် သွားရန်နှင့် လုပ်ငန်းနှောင့်နှေးမှု မရှိစေရေးနှင့် အရည်အသွေးပြည့်မီစေရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်မှုများကို အလေးထား လုပ်ဆောင် သွားရန် မှာကြားသည်။

အဆိုပါ လမ်းလုပ်ငန်းဆောင်ရွက်မှုများအနေဖြင့် (၂၀၁၇ - ၂၀၁၈)ဘဏ္ဍာနှစ် တွင် ပေ၂၀ အကျယ် လမ်းသစ် ဖောက်လုပ်ခြင်း ၉မိုင် ၂ဖာလုံ၊ (၂၀၁၈ - ၂၀၁၉) ဘဏ္ဍာနှစ် (၆လဘတ်ဂျက်) လုပ်ငန်း ဆောင်ရွက်မှု အနေဖြင့် ၃၄ပေအကျယ် လမ်းတာချဲ့ခြင်း ၁၅မိုင် ၂ဖာလုံ၊ ၃၄ ပေအကျယ် လမ်းသစ် ဖောက်ခြင်း ၄မိုင် ဝဖာလုံ၊ ရေထုတ်ပြွန် တည်ဆောက်ခြင်း ၃၃လုံး၊ Gabion Wall တည်ဆောက်ခြင်း ၅၀၅ ကုဗမီတာ၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှု အနေဖြင့် ၃၄ ပေအကျယ် လမ်းတာချဲ့ခြင်း ၅မိုင် ၇ ဒသမ ၅ဖာလုံ၊ ၁၄ပေအကျယ် အမာခံလမ်းခင်းခြင်း ၂မိုင် ၄ဖာလုံနှင့် တစ်ကြောင်း ထိုး ဖောက်လုပ်ခြင်း၊ ၂၀၁၉ -၂၀၂ဝဘဏ္ဍာနှစ် လုပ်ငန်းလျာ ထားချက် အနေဖြင့် ၃၄ ပေအကျယ် လမ်းဖောက် လုပ်ခြင်း ၆မိုင် ၇ဖာလုံ၊ ရေထုတ်ပြွန် တည် ဆောက်ခြင်း ၉လုံး၊ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်း ၂ စင်း၊ ကျောက်စီ မြေထိန်းနံရံ တည်ဆောက်ခြင်း ၁၆၄ ပေနှင့် တစ်ကြောင်း ထိုးဖောက် လုပ်ခြင်းတို့ ဖြစ်ကြောင်းသိရသည်။         

(သတင်းစဉ်)