ကျောက်ဖြူ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် လျှပ်စစ်ဓာတ်အား ဝယ်ယူရေး စာချုပ်ချုပ်ဆိုရန် ညှိနှိုင်းဆွေးနွေးမှုများပြီးမြောက်ကြောင်း အသိအမှတ်ပြုစာချွန်လွှာ လက်မှတ်ရေးထိုး
ကျောက်ဖြူ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် လျှပ်စစ်ဓာတ်အား ဝယ်ယူရေး စာချုပ်ချုပ်ဆိုရန် ညှိနှိုင်းဆွေးနွေးမှုများပြီးမြောက်ကြောင်း အသိအမှတ်ပြုစာချွန်လွှာ လက်မှတ်ရေးထိုး
Ministry of Information/ နေပြည်တော် / May 03, 2019
နေပြည်တော် မေ ၂
ဒုတိယအကြိမ်ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲများသို့ တက်ရောက်ရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံပေကျင်းမြို့၌ ရောက်ရှိနေ သော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဧပြီ ၂၈ ရက် မွန်းလွဲပိုင်းတွင် ပေကျင်းမြို့ Shangrila Hotel တွင် ကျင်းပသော ကျောက်ဖြူ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် လျှပ်စစ်ဓာတ် အား ဝယ်ယူရေးစာချုပ် ချုပ်ဆိုရန် ညှိုနှိုင်းဆွေးနွေးမှုများ ပြီးမြောက်ကြောင်း အသိ အမှတ်ပြု စာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်း အနားသို့ တက်ရောက်သည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မိမိခိုင်နှင့် မြန်မာသံရုံးမှ တာဝန်ရှိသူများ ၊ Power Construction Corporation of China ၏ ဥက္ကဋ္ဌ Mr. Sun Hongshui နှင့် သက်ဆိုင်ရာကုမ္ပဏီ များမှ တာဝန်ရှိသူများတက်ရောက်ကြပြီး အသိအမှတ်ပြုစာချွန်လွှာအား Power China Resources Ltd (SINOHYDRO) ၏ ဥက္ကဋ္ဌ Mr. Sheng Yuming နှင့် မြန်မာတိုင်းရင်းသားပိုင် Supreme Trading Company Limited ၏ ဥက္ကဋ္ဌ ဒေါက်တာ စိန်မြင့်တို့က တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် တို့၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးကြသည်။
အဆိုပါ ကျောက်ဖြူ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းအား ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် တည်ဆောက်မည်ဖြစ်ပြီး ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်ဖြစ်သည်။ အဆိုပါစီမံကိန်းအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် Notice to Proceed ထုတ်ပေးခဲ့ပြီး မြန်မာ-တရုတ် စီးပွားရေး စင်္ကြန်အတွက် အရေးပါသောစီမံကိန်းတစ်ခုဖြစ်ကာ တည် ဆောက်ပြီးစီးပါက လျှပ်စစ်ဓာတ်အား ၁၃၅ မဂ္ဂါဝပ်အား ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ အထောက်အကူပြု ဖြည့် ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
