လူရည်ချွန်တစ်ယောက်ဖြစ်ဖို့ ရည်မှန်းချက်လည်းရှိရမယ်၊ ကြိုးစားအားထုတ်မှုလည်း ရှိရပါမယ် (မခိုင်ရွှေရည်သင်း)
လူရည်ချွန်တစ်ယောက်ဖြစ်ဖို့ ရည်မှန်းချက်လည်းရှိရမယ်၊ ကြိုးစားအားထုတ်မှုလည်း ရှိရပါမယ် (မခိုင်ရွှေရည်သင်း)
Ministry of Information/ နေပြည်တော် / May 03, 2019
၂၀၁၉ ခုနှစ် နဝမတန်းဘက်စုံထူးချွန် လူရည်ချွန်များကို ခေါင်တိုင်လူရည်ချွန်အပန်းဖြေစခန်းဖွင့်လှစ်၍ အင်းလေးဒေသတစ်ခွင် ဒေသန္တရဗဟုသုတများ ရရှိစေရန် လေ့လာရေးခရီးစဉ်များ ပို့ဆောင်ပေး လျက်ရှိသည်။
အဆိုပါ အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းရှိ နဝမတန်းလူရည်ချွန်စခန်းမှ တာဝန်ရှိသူတစ်ဦးနှင့် နဝမတန်းလူရည်ချွန်လူငယ်အချို့အား တွေ့ဆုံမေးမြန်းမှုကို ဖော်ပြအပ်ပါသည် -
ဦးဝင်းမောင်(ညွှန်ကြားရေးမှူး)
အင်းလေးခေါင်တိုင်လူရည်ချွန်စခန်းမှူး
ကျွန်တော်တို့ အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်းမှာ ဒီနှစ် လူရည်ချွန် ၁၇၇ ဦးရှိပြီး ကြီးကြပ်သူ ဆရာ ဆရာမ ၁၈ ဦးပါ ပါတယ်။ ဒီလူရည်ချွန် တွေကတော့ မေ ၂ ရက်နေ့ကစပြီး အင်းလေးဒေသရဲ့ အထင်ကရနေရာတွေနဲ့ ညောင်ရွှေမြို့ပေါ်က အထင်ကရနေရာ တွေကို လေ့လာ မှာပါ။ နောက်ရက်တွေ မှာတော့ ပင်းတယ ရွှေဥမင်၊ ဟိုပုံးမြို့ မွေတော်ကက္ကူ၊ ထမ်စမ်းဂူနဲ့ တောင်ကြီး မြို့နယ်မှာရှိတဲ့ အထင်ကရနေရာတွေကို လေ့လာကြမှာပါ။ အခုလို ထူးချွန် ထက်မြက်တဲ့ ကလေး တွေကို လူရည်ချွန် စခန်းတွေဖွင့်လှစ်ပြီး လေ့လာရေး စေလွှတ်ခြင်းအားဖြင့် မတူညီတဲ့ဒေသန္တရ ဗဟု သုတတွေကို သိရှိခွင့်ရရှိသွားမှာ ဖြစ်ပါတယ်။ နောင်တစ်ချိန်သူတို့တွေ ခေါင်းဆောင်ဖြစ်တဲ့အခါ မတူညီတဲ့ ဒေသန္တရ ဗဟုသုတတွေကို သိရှိပြီးဖြစ်တဲ့ အတွက် ပိုပြီးတော့ အထောက်အကူဖြစ် လာနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခုလို ဘက်စုံထူးချွန်ထက်မြက်ပြီး စံပြဖြစ်တဲ့ကလေးတွေကို ချီးမြှောက်ပေး တာဟာ အလွန်ကောင်းတဲ့အစီအစဉ် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီကလေးတွေ ဟာ ကျောင်းခန်းထဲမှာပဲ ကြီးပြင်းလာသူတွေဖြစ်တယ်။ ဒီလိုခရီး တွေထွက်ခြင်းအားဖြင့် နယ်မြေအနေ အထားတွေအားလုံးကို လေ့လာခွင့်ရတဲ့ အတွက် ကောင်းပါတယ်။ အင်းလေး ခေါင်တိုင်စခန်းဟာ ရာသီဥတုလည်း သာယာတဲ့အတွက် သူတို့တွေလည်း ပျော်ရွှင်ကြပါတယ်။
မမြင့်မြတ်မျိုးသူ
အထက(၁)လက်ပံတန်း
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ဒီလူရည်ချွန်ခရီးစဉ်မှာ လှေတစ်ခါမှ မစီးဖူး တော့ အင်းလေးကန်ထဲမှာ လှေစီး ရတာ အလွန်ပဲပျော်ပါတယ်။ အင်းလေး ဒေသမှာရှိတဲ့ တိုင်းရင်း သားတွေရဲ့ ရိုးရာ ယဉ်ကျေးမှုတွေ၊ လက်မှုအနုပညာ လုပ်ငန်းတွေကို လေ့လာခွင့်ရတယ်။ ဒေသခံတွေ ရဲ့ ဖော်ရွေမှုတွေကိုလည်း တွေ့ခွင့်ရတယ်။ ရက်ကန်းစင်တွေ၊ ပိုးထည်ချည်ထည်လုပ်ငန်း တွေ၊ ပန်းထိမ် လုပ်ငန်းတွေကို လေ့လာရတဲ့အတွက် ဗဟုသုတတွေလည်းရပါတယ်။ လူရည် ချွန်တွေက စပ်စပ်စုစုနဲ့ သိချင်တာတွေကို လည်း သေချာရှင်းပြပေးတဲ့အတွက် သိချင်တာတွေကို သေသေချာ ချာသိခွင့် ရခဲ့ပါတယ်။ လူရည်ချွန်ဖြစ်အောင် ကြိုးစားကြပါလို့ မောင်လေးညီမလေး တွေကို တိုက်တွန်း ချင်ပါတယ်။
မခိုင်ရွှေရည်သင်း
အထက - မလွန်မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊
မင်းလှမြို့နယ်
ဒီလူရည်ချွန် ခရီးစဉ်အတွင်းမှာ အင်းလေးဒေသရဲ့ သဘာ၀တွေ၊ အင်းလေးဒေသမှာရှိတဲ့ ဒေသခံ တိုင်းရင်း သားတွေရဲ့ အလုပ်အကိုင်တွေ အများကြီး ကို လေ့လာရပါတယ်။ အရင်ကလည်း မရောက်ဖူး သေးတဲ့အတွက် အလွန်ပဲ ပျော်ဖို့ကောင်းပြီး စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ လူရည်ချွန် တစ်ယောက် ဖြစ်ဖို့ အတွက် ရည်မှန်းချက်လည်းရှိရမယ်၊ ကြိုးစားအားထုတ်မှုလည်းရှိရပါမယ်။ ကံ၊ ဉာဏ်၊ ဝီရိယသုံးခုလုံး ပြည့်စုံရပါမယ်။ နောက်ထပ်လူရည်ချွန်တွေဖြစ်ဖို့အတွက် လည်း မဆုတ်မနစ် ဇွဲလုံ့လနဲ့ ဆက်ပြီး တော့ ကြိုးစားကြပါလို့ တိုက်တွန်းချင် ပါတယ်။
မောင်ခန့်ညားနန္ဒ
ရန်ကုန်အနောက်ပိုင်းခရိုင်၊
ကမာရွတ်မြို့နယ်။
ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး
အထက်တန်းကျောင်း(TTC)
ကျွန်တော်ကတော့ အဋ္ဌမတန်းနဲ့ နဝမတန်း နှစ်ထပ်ကွမ်းလူရည်ချွန် ဖြစ်ပါတယ်။ ကျွန်တော်က ငယ်ငယ် ကတည်းက လူရည်ချွန်ဖြစ်ချင်ခဲ့တာပါ။ အဲဒါကြောင့် အဋ္ဌမတန်းမှာလည်း အများ ကြီးကြိုးစား ခဲ့ပါတယ်။ အဋ္ဌမတန်းလူရည် ချွန်အနေနဲ့ ပုဂံမှာလေ့လာရေးခရီးထွက် ရင်း သူငယ်ချင်းတွေနဲ့ တွေ့ပြီး နောက်ပိုင်း နောက်နှစ်မှာလည်း အင်းလေးကို ဆက်ပြီးသွားနိုင်ဖို့အတွက် ထပ်ပြီး ကြိုးစားရမယ်ဆိုတဲ့ စိတ်အပြည့်ဖြစ် လာပါတယ်။ နောက်ထပ်လည်းငွေဆောင် မှာ သူငယ်ချင်းတွေနဲ့ တွေ့ရအောင် ဆက်ပြီး ကြိုးစားမှာပါ။ ဒီနေ့ မနက်ပိုင်း မှာ ငွေထည်လုပ်ငန်းကို လေ့လာခွင့်ရပါတယ်။ အဲဒီမှာ ငွေထည် လက်မှုလုပ်ငန်း တွေ ထုတ်လုပ်နေတာကို သေချာလေ့လာ ခွင့်ရပါတယ်။ နောက်ပြီးတော့ ရက်ကန်းရုံ မှာ ရက်ကန်းရက်နေတာတွေကိုလည်း သေချာလေ့လာခွင့် ရတာကြောင့် ကျွန်တော်တို့ တစ်ခါမှ မတွေ့ဖူးသေးတာ တွေကို လေ့လာရတာဖြစ်လို့ အလွန်ပဲ စိတ်ဝင်စားဖို့ကောင်းပါတယ်။ နောက်ထပ် ညီလေး၊ ညီမလေးတွေကို ပြောချင်တာ က စိတ်ဓာတ်ရော၊ စည်းကမ်းရော၊ ပညာ ရေး၊ အားကစား မှာပါ ဘက်စုံထူးချွန်တဲ့ လူရည်ချွန်တွေဖြစ်အောင် ကြိုးစားပါ။ လူရည်ချွန်ဖြစ်တာ အလွန်ပဲ ဂုဏ်ယူဖို့ ကောင်းပါတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော့်ကို ဆရာက ပြောဖူးပါတယ်။ လူရည်ချွန်ဆိုတာ တက်ကြွတဲ့ လူငယ်တွေ လို့ ပြောပါတယ်။ အဲဒါကြောင့် ကိုယ်တိုင် လေ့လာထားတာတွေကို သူငယ်ချင်းတွေ သာမက လက်လှမ်းမီရာကို ပြောပြမယ်။ တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့တွေကို ပိုမိုပြီးတော့ ထင်ရှားလာအောင် လုပ်ချင် ပါတယ်။
တွေ့ဆုံမေးမြန်း - ဇင်ဦး(မြန်မာ့အလင်း)
ဓာတ်ပုံ - သီဟစည်သူ
