ငြိမ်းချမ်းခြင်း၊ သာယာလှပခြင်းနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုသို့ ဦးတည်နေသည့် ချင်းပြည်နယ်ဆီသို့
ငြိမ်းချမ်းခြင်း၊ သာယာလှပခြင်းနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုသို့ ဦးတည်နေသည့် ချင်းပြည်နယ်ဆီသို့
Ministry of Information/ နေပြည်တော် / May 03, 2019

ချင်းပြည်နယ်ကို စကားစုနှစ်စုဖြင့် ကိုယ်စားပြုဖော်ပြရမည်ဆိုလျှင် ငြိမ်းချမ်းခြင်းနှင့် သာယာလှပခြင်းဟု ဆိုရမည် ဖြစ်ကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က တင်စားပြောဆိုခဲ့သည်။
ထို့ပြင် ဝန်ကြီးချုပ်က “ချင်းပြည်နယ်မှာ ပဋိပက္ခ ကြီးကြီးမားမားဆိုတာ မရှိပါဘူး။ ငြိမ်းငြိမ်းချမ်းချမ်းရှိပြီး တောတောင်သဘာ၀ ရှုခင်းတွေနဲ့ သာယာလှပပါတယ်။ ထင်ရှားတဲ့ အလှအပတွေနဲ့ ခေါ်နူးစုမ် အာဆီယံ အမွေအနှစ်တောင်၊ ဘုံတလာ ရေတံခွန်နဲ့ ရိဒ်ရေကန်တွေကို ဥပမာပြချင်ပါတယ်။ ရာသီဥတုကလည်း အမြဲအေးမြနေပြီး တောင်ယာ စိုက်ခင်းတွေနဲ့ မျက်စိပသာဒ ရှိလှပါတယ်” ဟု ချင်းပြည်နယ်၏ သာယာလှပမှုကို ပြောသည်။
ချင်းပြည်နယ်သည် မြန်မာနိုင်ငံအနောက် မြောက်ဘက်အစွန်ဆုံးတွင် တည်ရှိပြီး စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ရခိုင် ပြည်နယ်တို့နှင့် ထိစပ်လျက်ရှိသလို အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် နယ်နိမိတ် ထိစပ်လျက် ရှိသည်။ ထို့ကြောင့် ပထဝီအနေအထားအရ ချင်းပြည်နယ်သည် နယ်စပ်ကုန်သွယ်ရေး အတွက် အချက်အချာကျပြီး အလားအလာကောင်းများ ရှိသည့် ပြည်နယ်တစ်ခုလည်း ဖြစ်သည်။
ထို့ကြောင့် ပြည်နယ်အစိုးရအဖွဲ့သည် အလုပ်အကိုင်နှင့် စီးပွားရေးအခွင့်အလမ်းများ တိုးမြှင့်ဖန်တီးပေးခြင်းဖြင့် ၂၀၁၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဒေသဝမ်းစာဖူလုံပြီး ဆင်းရဲနွမ်းပါးမှုကို သိသာစွာလျှော့ချနိုင်ရေးကို ရည်မှန်းဆောင်ရွက်လျက် ရှိသည်။
▲မူဝါဒ▲
ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသနှင့်ကိုက်ညီသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေး၊ အခြေခံ အဆောက်အအုံများ ပိုမိုကောင်းမွန်လာရေး၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးဆိုသည့် မူဝါဒများ ချမှတ် ဆောင်ရွက်လျက် ရှိသည်။
▲ရည်မှန်းချက်▲
ထို့အတူ ချင်းပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်းမြင့်လယ်ယာများ တိုးတက်ဖော်ထုတ်ရန်နှင့် အော်ဂဲလ်နစ်စိုက်ပျိုးရေး အပါအဝင် ဝင်ငွေရရှိ သီးနှံများ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်ရန်၊ ဒေသနှင့် ကိုက်ညီသော မွေးမြူရေးလုပ်ငန်းများ ပိုမိ ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရန်၊ ပြည်နယ်အတွင်းနှင့် အပြင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်နိုင်ရေးဆောင်ရွက်ရန်၊ အိမ်တွင်းတစ်ပိုင်တစ်နိုင်နှင့် အသေးစား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ဆောင်ရွက်ရန်၊ လျှပ်စစ်ဓာတ်အား ပိုမိုရရှိရေး ဆောင်ရွက်ရန်၊ သဘာဝအခြေခံ ပိုမိုရရှိရေးဆောင်ရွက်ရန်၊ မြို့ပြဖွံ့ဖြိုးစည်ပင်သာယာရေး လုပ်ငန်းများ ပိုမိုမြှင့်တင် ဆောင်ရွက်ရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်ရန်၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင် ရွက်ရန်၊ ပြည်သူများ အလုပ်လက်မဲ့ လျော့နည်းပြီး ဆင်းရဲမှု လျော့ကျလာရန် အတွက် အလုပ်အကိုင် အခွင့်အလမ်း တိုးမြှင့်ဖန်တီးပေးရန်၊ ပြည်တွင်းနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်၊ ချင်းပြည်နယ် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ သုတေသန လုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်ရန်၊ နယ်စပ် ကုန်သွယ်မှု ပိုမိုတိုးတက်နိုင်ရေး ဆောင်ရွက်ရန် ဆိုသည့် ရည်မှန်းချက်များလည်း ချမှတ်ထားကြောင်း သိရသည်။
▲မဏ္ဍိုင်(၃)ရပ် အကောင်အထည်ဖော်မှုများ▲
ချင်းပြည်နယ်တွင် ဥပဒေပြုရေးမဏ္ဍိုင်နှင့် ပတ်သက်၍ ဒေသန္တရစီမံကိန်းဥပဒေ (၃/၂၀၁၈)၊ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ (၂/၂၀၁၈)၊ စည်ပင်သာယာရေးဥပေဒေ (၄/၂၁၀၈)၊ အသေးစားချေးငွေလုပ်ငန်း ဥပေဒ (၅/၂၀၁၈)နှင့် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေ(၁/၂၀၁၉) တို့ကို အတည်ပြုပြဋ္ဌာန်း ဆောင်ရွက်ခဲ့သလို အုပ်ချုပ်ရေးမဏ္ဍိုင် အနေဖြင့် ပြည်နယ်အတွင်း ပြည်နယ်/ ခရိုင်/ မြို့နယ်/ မြို့၊ ရပ်ကွက်/ကျေးရွာ အဆင့်ဆင့် တာဝန်ယူဆောင်ရွက်လျက်ရှိကာ တရားစီရင်ရေးနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်လျက် ရှိသည်။
▲ ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများ ▲
ချင်းပြည်နယ်၏ အခြေခံအဆောက်အဦ အားနည်းချက်များကို ပြင်ဆင်ရန် ပြည်နယ် အစိုးရအဖွဲ့က ကြိုးပမ်းဆောင်ရွက်လျက်ရာ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အနေဖြင့် ကျေးလက်လမ်းဖွံ့ ဖြိုးရေးဦးစီးဌာနသည် ဆအက် - သီးကျိရ် - မွှန်လွှ - ကြော့သဲ - လျန်နှာ- ရိခေါဒါရ်လမ်းကို ကျောက်လမ်းအရှည် (၂၁/၆)မိုင်၊ ကွန်ကရစ်တံတားနှစ်စင်း၊ ရေထုတ် ပြွန် ၄၀၊ တံတားချဉ်းကပ် ငါးခု၊ လမ်းကျောက်စီမြေ ကာနံရံနှစ်နေရာ၊ လမ်းချဉ်းကပ်လမ်း ကျောက်စီ မြေကာနံရံ၊ မြေထိန်းနံရံသုံးခု၊ ကျောက်စီရေမြောင်း တစ်ခု၊ အကျိုးပြုကျေးရွာ ရှစ်ရွာတို့ကို စုစုပေါင်း ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၃၀၇၇ ဒသမ ၉၅၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▲ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန▲
၂၀၁၆ - ၂၀၁၇ မှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေး နှစ်အတွင်း ငွေလုံးငွေရင်း၊ မွမ်းမံနှင့် နိုင်ငံတော် ထောက်ပံ့ ရန်ပုံငွေဖြင့် ရေပေးရေးလုပ်ငန်းဖြစ်သည့် စိမ့်စမ်းရေ ၇၆ ခု၊ ရေကန် ၁၃ ခုနှင့် အခြား ၇၆ ခုတို့ကို ကုန်ကျငွေ ကျပ်သန်း ၂၇၂၄ ဒသမ ၁၁၁၁၂ သန်းဖြင့် ဆောင်ရွက်နိုင်ခဲ့သည်။
မီးလင်းရေးလုပ်ငန်းအနေဖြင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် NEP(ICB-III) ဖြင့် ဆောင်ရွက်မည့် ဆိုလာကျေးရွာပေါင်း ၃၁၇ ရွာနှင့် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မီးလင်း ရေးလုပ်ငန်း ၁၀ ခုတို့အား ဆောင်ရွက်နိုင်ခဲ့ပြီး ကျေးလက်အိမ်ရာ ပေါင်း ၃၂၄ ခုကို ကုန်ကျငွေ ကျပ်သန်း ၁၁၃၄ သန်းဖြင့် တည်ဆောက်နိုင်ခဲ့သည်။
၂၀၁၆ - ၂၀၁၇ မှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေး နှစ်အတွင်း ရုံးခြောက်ခု၊ ဝန်ထမ်းအိမ်ရာတစ်လုံး၊ ကုန်ထုတ်လမ်း၊ ကုန်ထုတ်လမ်းပေါ်ရှိ ရေပြွန် သုံးခုတို့ကို စုစုပေါင်းကုန်ကျငွေ ကျပ် သန်း ၁၂၂၂ ဒသမ ၀၇၅၅ ဖြင့် ဆောင်ရွက်နိုင်ခဲ့ သည်။
နိုင်ငံတော်အစိုးရ၏ တတိယ (၁)နှစ်တာ ကာလအတွင်း မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးရွာ ၂၂၁ ရွာ၊ ယူနစ် ၁၃၅ ခု အတွက် စုစုပေါင်း ထောက်ပံ့ငွေ ကျပ်သန်း ၄၀၅၀ ဖြင့် ဆောင်ရွက်လျက် ရှိသည်။ ကျေးရွာဖွံ့ ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးရွာ ၁၃၆ ရွာတွင် စုစုပေါင်းထောက်ပံ့ငွေ ကျပ်သန်း ၉၁၈ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
▲ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ▲
၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း လျာထား ရန်ပုံငွေ ကျပ်သန်း ၆၉၄၇ ဒသမ ၄၀၀ ဖြင့် ကတ္တရာလမ်း၊ ကျောက်ချောလမ်း၊ မြေသား လမ်း သစ်ဖောက်၊ မြေသားလမ်းတာချဲ့၊ ကွန်ကရစ်လမ်း၊ ဆိုင်ကယ်လမ်း၊ ရေပြွန်၊ အခြား ၉၅ ခု၊ တံတား၊ အဆောက်အအုံ၊ ရေပေးရေး (မြို့ပြ) တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည်။
▲ ပြည်သူ့ကျန်းမာရေးဦးစီးဌာန▲
ချင်းပြည်နယ်အတွင်း ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟားခါးမြို့ရှိ သားဖွား သင်တန်းကျောင်းကို ပြည်ထောင်စုရန်ပုံငွေ ကျပ် သန်း ၉၇၃ ဒသမ ၂ သန်းဖြင့် တည်ဆောက်မည် ဖြစ်ရာ ၂၀၁၉ ခုနစ် မတ် ၁၁ ရက်တွင် ပန္နက်တင် အခမ်းအနား ကျင်းပပြီး တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိသည်။
▲ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန▲
၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍနှစ်အထိ တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ မင်းတပ်၊ ကန်ပက်လက်နှင့် မတူပီမြို့တို့တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်နယ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။
▲ ပြည်နယ်လမ်းဦးစီးဌာန▲
ပြည်နယ်လမ်းဦးစီးဌာနအနေဖြင့် ပြည်ထောင်စုလမ်းရှစ်လမ်းနှင့် ပြည်နယ် ၂၅ လမ်းတို့အား တာဝန်ယူ ထိန်းသိမ်းရပြီး ကွန်ကရစ်လမ်းခင်း၊ ကျောက်လမ်း/အမာခံလမ်း၊ မြေထိန်းနံရံ/ မြေကာနံရံ၊ ရေထုတ်ပြွန် ၄၂၅၄ စင်းနှင့် မြက်စိုက် ပျိုးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
▲ ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ရေးစီမံကိန်း▲
ချင်းပြည်နယ်၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တွင် ၂၀၁၇ - ၂၀၁၈ ခုနှစ်၌ စပါးစိုက် ဧက ၇၉၁၄၀၊ ပြောင်းစိုက်ဧရိယာ ၄၂၆၈၉ ဧက စိုက်ပျိုးဆောင် ရွက်လျက်ရှိပြီး ဝမ်းစာ ဖူလုံမှုရာခိုင်နှုန်း ၄၈ ဒသမ ၆၁ ရာခိုင်နှုန်း ရှိခဲ့သည်။
ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသော ဝင်ငွေရ နှစ်ရှည်သီးပင်များဖြစ်သော ၀ဥ၊ စပျစ်၊ ထောပတ်၊ ပိုးစာ၊ လိမ္မော်နှင့် ကော်ဖီကဲ့သို့သော သီးပင်များ တိုးချဲ့စိုက်ပျိုးဆောင်ရွက်လိုသော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများကို ဖိတ်ခေါ်၍ အကျိုးတူ ပူးပေါင်းဆောင်ရွက်ကာ ထွက်ရှိလာသော သီးနှံများကို ဈေးကွက်ရှာဖွေပေးခြင်း တို့ကို ဆောင်ရွက်သွားမည်ဟု သိရသည်။
▲ စိုက်ပျိုးရေရရှိရေးလုပ်ငန်း▲
စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ရေသွယ်ယူရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
“ဖလမ်းမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းကို ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း ၁၉၂၆ ဒသမ ၈၃ သန်းဖြင့် ဆောင်ရွက်ခဲ့ရာမှာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၁၈ - ၂၀၁၉ ခုနှစ်တွင် ကျောင်းသား ၄၀ ကို ဒီပလိုမာဘွဲ့ ပေးအပ်နိုင်ခဲ့ပါတယ်။ စိုက်ပျိုးရေးသိပ္ပံကျောင်းကို ဖွင့်လှစ်နိုင်တဲ့အတွက် ချင်းတိုင်းရင်းသားတွေ အနေနဲ့ စိုက်ပျိုးရေးပညာကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးနိုင်မှာ ဖြစ်တဲ့အတွက် စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ်က သုံးသပ်ပြောကြားသည်။
▲တံတားဦးစီးဌာန▲
အစိုးရ၏ တတိယ (၁)နှစ်တာကာလအတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် လစ်ဗားတံတား၊ သီသားတံတား(၁)၊ ဆရော်တံတားနှင့် မွာလ်ဇမ် (ကွဲ)ချောင်းကူးတံတားတို့ကို တည်ဆောက်နိုင်ခဲ့ သလို ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် သီသား တံတား(၂)၊ ချီချောင်း တံတား၊ ရေဇွာ - လိုင်လင်း ပီလမ်းတွင် သံကူကွန်ကရစ်တံတားတစ်စင်း၊ ဟားခါး - မတူပီ လမ်းတွင် သံကူကွန်ကရစ်တံတား တစ်စင်းနှင့် မတူပီ - ပလက်ဝလမ်းတွင် သံကူ ကွန်ကရစ် တံတားလေးစင်းတို့ကို တည်ဆောက် ပြီးစီးခဲ့သည်။
ချင်းပြည်နယ်သည် သာယာလှပသော်လည်း လမ်းပန်းဆက်သွယ်ရေး အားနည်းချက်ကြောင့် ပြည်တွင်း၊ပြည်ပ ခရီးသွားဧည့်သည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ အရောက်အပေါက် နည်းခဲ့သဖြင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာနသည် ဖလမ်းလေယာဉ်ကွင်းသစ် (ဆူရ်ဘုန်)ကို ၂၀၁၅ ခုနှစ်မှစတင် ဆောင်ရွက်ခဲ့ရာ မြေတိုင်းတာခြင်း၊ မြေတူးဖြတ်ခြင်း၊ မြေဖို့ကြိတ် ခြင်းလုပ်ငန်းများ၊ လေယာဉ်ပြေးလမ်း ကျောက်ကတ္တရာ ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပြီး ၂၀၂၀ ခုနှစ်တွင် လေယာဉ်ကွင်း ဖွင့်လှစ် နိုင်မည်ဖြစ်သည်။
“ချင်းပြည်နယ်ရဲ့ အထူးခြားဆုံး၊ အရေးပါဆုံး စီမံကိန်းကို ပြရမယ်ဆိုရင် ဆူရ်ဘုန် လေဆိပ်တည် ဆောက်ရေး စီမံကိန်းလို့ ပြောရပါလိမ့်မယ်။ ဖလမ်းနဲ့ ၁၀ ဒသမ ၅ မိုင် အကွာမှာရှိတဲ့ တောင်ထိပ်ပေါ်မှာ တည်ဆောက် နေတာ ဖြစ်ပါတယ်။ ဟားခါးမြို့နဲ့ ၄၇ မိုင် အကွာမှာ တည်ရှိပါ တယ်။ ဒီလေဆိပ်ကြီးပြီးစီးသွားရင် ချင်းပြည်နယ် ရဲ့ အဓိက လေကြောင်းဝင်ပေါက် ဖြစ်လာပြီး ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်တွေ အချိန်တို အတွင်း လာရောက်လည်ပတ် နိုင်မယ့်အပြင် ဒေသ ထွက်ကုန်တွေနဲ့ တိုင်းရင်းသားတွေအနေနဲ့ မြန်မာ နိုင်ငံအနှံ့အပြားကို လွယ်ကူလျင်မြန်စွာ သွားလာ နိုင်မှာဖြစ်ပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။
▲ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန▲
အစိုးရ၏ (၃) နှစ်တာကာလအတွင်း ချင်းပြည်နယ်၌ ဝန်ထမ်းအိမ်ရာများကို တိုးတက်ဆောက်လုပ်နိုင်ခဲ့ရာ စုစုပေါင်းတိုက် ၁၉ လုံး၊ အခန်းပေါင်း ၁၃၈ ခန်း တည်ဆောက်နိုင်ခဲ့သည်။
▲ ပြည်နယ်ဖွံ့ ဖြိုးမှုကြီးကြပ်ရေးရုံး▲
ချင်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအနေဖြင့် (၃) နှစ်တာကာလအတွင်း နယ်စပ်ဒေသဖံ့Gဖြိုး ရေး (ပြည်နယ်/ ပြည်ထောင်စု) ရန်ပုံငွေဖြင့် မြေလမ်း၊ ကျောက်လမ်း၊ ကတ္တရာလမ်း၊ ကတ္တရာ ပြုပြင်၊ ကွန်ကရစ်လမ်း၊ လမ်းတာချဲ့၊ လမ်းပြုပြင် ထိန်း၊ ဂျစ်ကားလမ်း၊ ဆိုင်ကယ်လမ်း၊ ကွန်ကရစ် တံတား၊ ကွန်ကရစ်တံတားပြုပြင်၊ လူကူးကြိုး တံတား၊ လူကူးကြိုးတံတားပြုပြင်၊ ကားကူးကြိုး တံတား၊ ကားကူးကြိုးတံတားပြုပြင်၊ လူကူး သစ်သားတံတား၊ ကားကူးသစ်သားတံတား၊ ကွန်ကရစ်ရေပြွန်၊ ကွန်ကရစ်ရေမြောင်းနှင့် မြေထိန်းနံရံ တည်ဆောက်ခြင်း စသည့် ပြည်နယ် အတွင်း ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများကို ဆောင် ရွက်ခဲ့သည်။
ကျန်းမာရေးကဏ္ဍအနေဖြင့် ဆေးရုံတည် ဆောက်ခြင်း၊ ဆေးရုံပြုပြင်ခြင်း၊ ဆေးပေးခန်း၊ ကျန်းမာရေးဌာနများ တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသလို ဝန်ထမ်းအိမ်ရာများ တည်ဆောက်ခြင်း၊ ရေနှင့် လျှပ်စစ်မီးရရှိရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▲ပညာရေးလုပ်ငန်း▲
အခြေခံပညာ အထက်တန်းကျောင်း တစ်ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ကိုးကျောင်း၊ မူလတန်းကျောင်း ၁၂ ကျောင်း၊ ဝန်ထမ်းအိမ်ရာခုနစ်လုံး၊ မူကြိုကျောင်း တစ်ကျောင်း၊ ဘော်ဒါဆောင်တစ်ခုတို့ကို ဆောက်လုပ်ပေးနိုင် ခဲ့သလို အုတ်တံတိုင်းကာရံခြင်း၊ မြေထိန်းနံရံ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင် ခဲ့သည်။
▲ ပြည်နယ်ပညာရေးမှူးရုံး▲
၂၀၁၈ - ၂၀၁၉ ခုနှစ် (အောက်တိုဘာလမှ စက်တင်ဘာလအထိ) ကန်ပက်လက်၊ တီးတိန်၊ တွန်းဇံ၊ ထန်တလန်၊ ပလက်၀၊ ဖလမ်း၊ မင်းတပ်၊ မတူပီနှင့် ဟားခါးမြို့နယ်တို့ရှိ ကျောင်းများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်နယ်အခြေခံပညာ ဦးစီးဌာနမှ လုပ်ငန်း/ ဦးစီးဌာန/ အဖွဲ့အစည်းမှ ငွေကျပ်ကျပ်သန်း ၁၄၀၇၀ ဒသမ ၇၀၃ အကုန်အကျ ခံကာ စီမံကိန်း/ လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
▲ မွေးမြူရေးလုပ်ငန်း▲
အစိုးရ၏ တတိယ (၁)နှစ်တာ ကာလအတွင်း မွေးမြူရေးနှင့် ကုသရေးရုံးတစ်ခုနှင့် ဘက်စုံမွေးမြူ ရေးခြံတစ်ခုတို့ကို တည်ဆောက် အကောင် အထည်ဖော်နိုင်ခဲ့သည်။
▲စွမ်းအင်လုပ်ငန်း▲
ချင်းပြည်နယ်တွင် လျှပ်စစ်မီးရရှိရေးအတွက် ဖြည့်ဆည်းဆောင်ရွက်လျက်ရှိရာ ရေအားလျှပ်စစ် စက်ရုံပစ္စည်း ဝယ်ယူတပ်ဆင်ခြင်း၊ မီးကြိုးတပ်ဆင်ခြင်း၊ မီးစက်ရုံတည်ဆောက်ခြင်း၊ ရေအား လျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင် ထုတ်လုပ်ခြင်း တို့ကို ဒေသဖွံ့ဖြိုးရေးအတွက် အကောင်ထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။
ချင်းပြည်နယ် သမဝါယမဦးစီးဌာနအနေဖြင် အစိုးရသစ်ကာလအတွင်း မြို့နယ် ငါးမြို့နယ်ရှိ သမဝါယမအသင်းသား ၁၀ ဦးသို့ ကိုရီးယားနိုင်ငံ ထုတ် ဒေဒေါင်းလယ်ယာသုံး စက်ကိရိယာများ ဖြစ်သည့် လယ်ထွန်စက် DS3510 တစ်စီးနှင့် လက်တွန်းထွန်စက် DT100N ကိုးစီးကို အရစ်ကျ စနစ်ဖြင့် ရောင်းချပေးနိုင်ခဲ့သည်။
စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများ အဆင့်မြှင့်တင်နိုင်ရေးအတွက် စက်မှုလယ်ယာစနစ် ကူးပြောင်း နိုင်ရေးနှင့် လယ်ယာမြေများ အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ချင်းပြည်နယ် အနေဖြင့် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်အ ထိ မြို့နယ်လေးခုမှ သမဝါယမအသင်း ၁၄ ခုရှိ အသင်းသား ၅၁၁ ဦး၏ လယ်ယာမြေ ၉၃၂ ဧကအတွက် ပံ့ပိုးချေးငွေ ကျပ်သန်း ၂၇၉ ဒသမ ၆၀၀ ထုတ်ချေးကာ လယ်ယာမြေများ ပြုပြင်ဆောင်ရွက်နိုင်ခဲ့သည်။
၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ချင်းပြည်နယ်ရှိ မြို့နယ်များအနက် စံနမူနာပြ မြို့နယ်အဖြစ် ဟားခါးမြို့နယ်ကို ရွေးချယ်၍လုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဟားခါးမြို့နယ်တွင် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် စံနမူနာပြ သမဝါယမအသင်းအဖြစ် ချွန်ကျုံး စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း၊ စိန်ပန်းပြာရောင်းဝယ်ရေး သမဝါယမအသင်းနှင့် ဟားခါးမြို့နယ် သမဝါယမအသင်းစုတို့သို့ စုစုပေါင်းချေး ငွေကျပ်ကျပ်သန်း ၈၀ ကို ထုတ်ချေးပေးခဲ့ပြီး အဆိုပါ အသင်းများ၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် ပြည်နယ်အဆင့် ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ကွင်းဆင်းကြီးကြပ်ရေး အဖွဲ့တို့မှအဆိုပါ အသင်းများသို့ လစဉ်ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။
▲သဘာဝအန္တရာယ်အတွက် ဆောင်ရွက်ပေးခဲ့မှုများ▲
ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် အောက်တိုဘာ လမှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်အထိ သဘာ၀ဘေး စုစုပေါင်း ၂၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ငွေကျပ်သန်း ၁၂ ဒသမ ၈၈၄၄၉၆ သန်း ထောက်ပံ့ ပေးအပ်ခဲ့သလို ပလက်၀မြို့ တိုက်ပွဲရှောင်ပြည်သူ များအတွက် ငွေကျပ်သန်း ၅၆ ဒသမ ၃၆၂၀၀၀ ထောက်ပံ့နိုင်ခဲ့သည်။
ထို့ပြင် သဘာ၀ဘေးအန္တရာယ်ကြိုတင် ကာကွယ်မှုအတွက် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ထားကြောင်း၊ သဘာ၀ ဘေးအန္တရာယ် ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ ရန်ပုံငွေတင်ပြတောင်းခံမှုအပေါ်တွင် ရန်ပုံငွေများ အမြန်ခွဲဝေ ချထားပေးခြင်းကြောင့် သဘာ၀ဘေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ဒေသခံပြည်သူများအတွက် များစွာ အကျိုးသက်ရောက်မှုရှိခဲ့ကြောင်း သိရသည်။
▲လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများ▲
မိတ်ဖက်အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့ အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် nicef ,WFP, UNDP , IOM , OCHA , GRET ,WV, MSL , LWF , IRC , SCI , MRCS, MCWA ,MWAF , Save The Children, 3MDG Fund , KMSS , GREEN , HRC, CARD , CAD , AYO , COLDA , ACRD , CMA နှင့် CSO Network စသည့် အဖွဲ့အစည်းများနှင့် ကျန်းမာရေးလုပ်ငန်းများ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေး လုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် ချေးငွေထုတ်ပေးခြင်းဆိုင်ရာလုပ်ငန်း၊ မွေးကင်းစနှင့် ကလေးကျန်းမာရေး စီမံချက်လုပ်ငန်း၊ စားနပ်ရိက္ခာဖူလုံမှုအစီအစဉ် ဆန်းစစ်လေ့လာခြင်း လုပ်ငန်းတို့ကို ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
ထို့အတူ သဘာ၀ဘေးအန္တရာယ် ကျရောက်ခံစားခဲ့သော အိမ်ထောင်စုများကို မိသားစုသုံး ပစ္စည်းများနှင့် အိမ်ပြုပြင် ဆောက်လုပ်ရေးစရိတ်များ ထောက်ပံ့ပေးခြင်း၊ မျိုးဆက်ပွားကျန်းမာရေး၊ ကာလတို/ကာလရှည် သားဆက်ခြား နည်းလမ်းများ၊ အမျိုးသမီးများ ဖြစ်လေ့ရှိသော မီးယပ်ရောဂါ၊ သားအိမ်ခေါင်းကင်ဆာ ရောဂါအကြောင်း ဆွေးနွေးခြင်း၊ ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်နယ်/ ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအထိ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ ရွှေ့ပြောင်းအလုပ်သမားထောက်ပံ့ ကူညီရေးဗဟို ဌာနရုံး ဖွင့်လှစ်ခြင်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော အကြံဉာဏ်များ ပေးခြင်း၊ နည်းပညာများပေးခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် Recovery Credit အစီအစဉ် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ကလေး - ဖလမ်း - ဟားခါးလမ်း ပြန်လည်ပြုပြင် တည်ဆောက်ခြင်း လုပ်ငန်းစဉ်၌ အရပ်ဘက်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၏ အကြံဉာဏ်များ၊ ပံ့ပိုးမှု များကို ရယူကာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
“ချင်းပြည်နယ်ရဲ့ လမ်းပန်းဆက်သွယ်ရေး ဟာ အခုဆိုရင်များစွာ တိုးတက်လာနေပြီ ဖြစ်ပါ တယ်။ ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ မတူပီနဲ့ ကန်ပက်လက်မြို့တွေကို ပိုမိုကောင်းမွန်တဲ့ကတ္တရာ လမ်းတွေနဲ့ ချိတ်ဆက်ထားပြီး ဖြစ်ပါတယ်။ ဆက်သွယ်ရေးမှာဆိုရင် လူဦးရေစုစုပေါင်းရဲ့ ၄၉ ဒသမ ၇၃၂ ရာခိုင်နှုန်းက မိုဘိုင်းလ်ဖုန်း အသုံးပြု နေကြပါပြီ”ဟု ဖွံ့ ဖြိုးတိုးတက်လာသည် ချင်းပြည်နယ်၏ အခြေအနေကို ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။
ဆက်သွယ်ရေးမိုဘိုင်းလ်ဖုန်းနှင့် အင်တာနက် စနစ်တွင် သိသာထင်ရှားစွာ ပြောင်းလဲတိုးတက် လာခြင်းကြောင့် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်း များအတွက် အသိပညာများကို လေ့လာရှာဖွေနိုင်ခြင်း၊ ကမ္ဘာတစ်ဝန်း ဖြစ်ပျက်နေသော နိုင်ငံရေး၊ လူမှုရေး၊ စစ်ရေး၊ ရာသီဥတုပြောင်းလဲမှု စသည့် ဗဟုသုတများစွာကို ရရှိခဲ့သည်။
ချင်းပြည်နယ်တွင် ရေရှည်စီမံကိန်းများအဖြစ် ကုလားတန်မြစ်စီမံကိန်း၊ ပလက်ဝစက်မှုဇုန်၊ ဘုံဇုံးစက်မှုဇုန်နှင့် ခိုင်ကမ်းစက်မှုဇုန်တို့ကို အကောင် အထည်ဖော်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း၊ လမ်းတံတား စတဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ရေးလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ ချည်မျှင် နဲ့ ရိုးရာရက်ကန်း လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှ နိုင်တဲ့ အခွင့်အလမ်းတွေ များစွာရှိပါတယ်။ ချင်းပြည်နယ်ကို လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ချင်းပြည်နယ်ကို လာလည်ပါ။ လေ့လာကြည့်ပါ။ ရင်းနှီးမြှုပ်နှံကြည့်ပါ။ ရောင်းဝယ် ဖောက်ကားကြည့်ပါ။ အေးအေးချမ်းချမ်း သာသာ ယာယာနဲ့ အလုပ်လုပ်ကိုင်နိုင်ဖို့ ချင်းပြည်နယ် အစိုးရက တာဝန်ယူပါတယ်” ဟု ပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ဆိုသည်။
▲ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်မှုဆောင်ရွက်ချက်များ▲
ချင်းပြည်နယ်အတွင်း ဘာသာပေါင်းစု ချစ်ကြည်ညီညွတ်မှု ဆောင်ရွက်ချက်များ အနေဖြင့် ဘာသာရေးရက်ကြီး၊ နေ့ကြီးများတွင် ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းများတွင် အားလုံးရင်းနှီးစွာ ဝတ်ပြုဆုတောင်းခြင်း ချစ်ကြည်ညီညွတ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက် ရှိသည်။
▲ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ▲
ချင်းအမျိုးသားတပ်ဦး (CNF) အဖွဲ့မှ တတိယအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -(၂၁)ရာစု ပင်လုံညီလာခံ၌ ဆွေးနွေးချက်များအား ပြန်လည်ချပြဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ဩဂုတ်လ ၂၁ ရက်မှ ၂၃ ရက်အထိ ဟားခါးခရိုင် ထန်တလန်မြို့ အမှတ်(၂)ရပ်ကွက်ရှိ TBC ချင်းခရစ်ယာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ နိုင်ငံရေး စိတ်ပါဝင်စားသူ ဒေသခံပြည်သူများ စုစုပေါင်း ၁၃၀ ခန့် တက်ရောက်ခဲ့ကြပြီး (၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေး သဘောတူညီချက် ၁၄ ချက်ကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခြင်း၊ တင်ပြချက်များအပေါ် တက်ရောက်လာသူများမှ သိလိုသည့်အချက်များအား မေးမြန်းခြင်းနှင့် ပြန်လည် ဖြေကြားရှင်းလင်းခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။
▲ ပြုပြင်ပြောင်းလဲဆောင်ရွက်နိုင်မှု▲
အစိုးရနှင့်ပြည်သူ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှု ကောင်းမွန်ရန်အတွက် ဌာနဆိုင်ရာ များ ပါဝင်သော ခရိုင်/မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီတို့ ပူးပေါင်း၍ စုပေါင်းဆွေးနွေးအကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထုအတွက် မလိုလားအပ်သော ပြဿနာများလျော့နည်းလာသည့်အပြင် ပြည်သူလူထု၏ စားဝတ် နေရေးနှင့် လူမှုရေး အဆင့်အတန်းများ တိုးတက်လာခဲ့သည်။
တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ လူမှုရေးကိစ္စရပ်များကိ ဘက်ပေါင်းစုံမှ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့၏ ရပ် ရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနအသီးသီးသို့ ပွင့်လင်းမြင်သာစွာ ညှိနှိုင်းတိုင်ပင် ဆွေးနွေးတင်ပြနိုင်သည့် အကျိုး ကျေးဇူးများ ရရှိခဲ့သည်။
ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်မှချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ မူဘောင် သတ်မှတ်ချက်များနှင့် အညီ ပြည်ထောင်စုအစိုးရအဖွဲ့၏ လမ်းညွှန်မှု ကိုခံယူလျက် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
သတင်းဆောင်းပါး - နန္ဒာဝင်း၊ ဓာတ်ပုံ - အေးသန်း