ရိုးရာယဉ်ကျေးမှုဓလေ့များဖြင့် တိုင်းရင်းသားများ အတူယှဉ်တွဲနေထိုင်ကာ ပြည်သူများ လူမှုစီးပွားဘဝတိုးတက်ရေး ကြိုးပမ်းနေသည့် ကချင်ပြည်နယ်


Ministry of Information/ ​နေပြည်တော် / May 04, 2019
image_latest


ဆီးနှင်းရေခဲများ ဖုံးလွှမ်းနေသော မြန်မာနိုင်ငံ၏ အမြင့်ဆုံး တောင်ထိပ်များဖြစ်သည့် ခါကာ ဘိုရာဇီနှင့် ဂမ်လန်ရာဇီတို့ တည်ရှိရာ ကချင်ပြည်နယ်သည် သဘာဝအလှအပများနှင့် သယံဇာတ များ ပေါများလှသည်။

ထိုသို့ သဘာဝတရားမှ ပေးအပ်ထားသည့် တောတောင်ရေမြေနှင့်အတူ ပဒန်မနော၊ ဆွတ်မနော၊ ဂျူမနော၊ ဂွမ်ရမ်မနောနှင့် ရှဒပ်မနောစသည့် မနောပွဲများ ကျင်းပလေ့ရှိသည့် ကချင်တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့များက ချစ်စဖွယ်ကောင်းလှသည်။

ထိုကဲ့သို့လှပသည့် တောတောင်များ၊ ချစ်စဖွယ်ရိုးရာ ယဉ်ကျေးမှုဓလေ့များဖြင့် ပြည့်နှက်နေ သည့် ကချင်ပြည်နယ်ကို အစဉ်တိုးတက်မှု ရရှိရန်အတွက် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်ကြိုးပမ်း အကောင်အထည်ဖော်လျက်ရှိသည်။

ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်၍ ငြိမ်းချမ်းသာယာပြီး တိုင်းရင်းသားများ အတူတကွ ယှဉ်တွဲနေထိုင်ကာ မူးယစ်ကင်းစင်သော ပြည်နယ်တစ်ခုဖြစ်လာရန် မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။

မူးယစ်ဆေးဝါးကင်းစင်ရေး

မူးယစ်ဆေးဝါး ကင်းစင်ရေးကို ပြည်နယ်အစိုးရအနေနဲ့ ဦးစားပေး ဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်တဲ့ နေရာမှာ အမှုပေါင်း ၂၃၃၇ မှုဖမ်းဆီးနိုင်ခဲ့ပြီး တရားခံပေါင်း ၄၂၂၅ ဦး၊ မူးယစ်ဆေးဝါးမျိုးစုံ ဂရမ်ပေါင်း ၅၂ သိန်းကျော်၊ ဆေးပြားပေါင်း ၂၉ သိန်းကျော်၊ ဘိန်းအရည် ၂၄၅ လီတာနဲ့အတူ မော်တော်ယာဉ် ၉၂ စီးနဲ့ မော်တော်ဆိုင်ကယ် ၁၀၅၅ စီးကို ဖမ်းဆီး ရရှိခဲ့ပါတယ်။ ဒါတွေရဲ့ စုစုပေါင်းတန်ဖိုးက ငွေကျပ် ၁၆၁ ဘီလီယံတန်ဖိုးရှိပါတယ်။ ဘိန်းခင်း ၁၆၁ ဧကကို ဖျက်ဆီးနိုင်ခဲ့ပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောသည်။

တရားဥပဒေစိုးမိုးရေး

တရားဥပဒေစိုးမိုးရေး လုပ်ငန်းဆောင်ရွက်မှုမှာဆိုရင် တစ်နှစ်တာအတွင်း အမှုကြီး ၁၀ မျိုးဖြစ်ပွားမှု ၁၃၈ မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီလိုဖြစ်ပွားမှုအနက် ၁၁၉ မှုကို စွဲချက်တင်နိုင်ခဲ့ပြီး အခြားအမှု ၁၅၃၀ ဖြစ်ပွားခဲ့တဲ့အနက် ၁၁၈၅ မှုကို စွဲချက်တင်နိုင်ခဲ့ပါတယ်။ ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ လူကုန်ကူးမှု ၂၄ မှုအနက် ၂၁ မှုကို စွဲချက်တင်နိုင်ခဲ့ပြီး ကြိုတင် ကာကွယ်မှု ၄၄၆၉ မှု ဆောင်ရွက်နိုင်ခဲ့ပါတယ်ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားသည်။

လမ်းနှင့် တံတားကဏ္ဍ

ထိုသို့ အကောင်အထည်ဖော်ရာတွင် ပြည်နယ်အတွင်း ချိတ်ဆက် သွားလာနေသည့် လမ်း၊ တံတား ကွန်ရက်များကောင်းမွန်ရန် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဦးစားပေးဆောင်ရွက် ခဲ့ရာတွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့သည် မြို့ဝင်ဘီးခွန်ကောက်လိုင်စင်ကို ပြည်သူများဝန်ထုပ်ဝန်ပိုး မဖြစ်ရန်အတွက် ၂၀၁၈ ခုနှစ် ဧပြီ၁၈ ရက်မှစ၍ ဖြုတ်သိမ်း ခဲ့သည်။

ပြည်နယ်အစိုးရအဖွဲ့သည် တတိယ (၁)နှစ်တာကာလအတွင်း မြစ်ကြီးနား - ဆွမ်ပရာဘွမ် ပူတာအိုလမ်း၊ မန္တလး - လားရှိုး - ဗန်းမော်မြစ်ကြီးနားလမ်း၊ ရွှေဘို -မြစ်ကြီးနားလမ်း၊ မံဝိန်း-ချီဖွေ - လောခေါင် - ထောဂေါ့ - ဖီမော်လမ်း၊ဂွေထော် - အင်ဂျန်းယန်လမ်း၊ ဟိုပင် - နန့်မွန်း -ညောင်ပင် - ဝှေခါလမ်း၊ ဗန်းမော် - နောင်လိုက် -တာဆိုင်လမ်းနှင့် မချမ်းဘော - ဖရုခ - ရပ်ဘော့နောင်မွန်လမ်း တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်။

တံတားကွန်ရက်များအနေဖြင့် ပေ ၅၀အောက် တံတား ၁၄၁၅ စင်း၊ ပေ ၅၀ နှင့် ၁၀၀ အကြား တံတား ၁၇ စင်း၊ ပေ ၁၀၀ နှင့် ၁၈၀ အကြား တံတားလေးစင်း၊ ပေ ၁၈၀ နှင့် အထက် တံတားခြောက်စင်း စုစုပေါင်းတံတား ၁၄၄၂ စင်းကို အဆင့်မြှင့်တင် တည်ဆောက်ပေးနိုင်ခဲ့သည်။

“ဆောက်လုပ်ပေးပြီးတဲ့ တံတားတွေအနက် ဖွင့်လှစ်နိုင်ခဲ့တဲ့ တံတားတွေက အရှည် မီတာ ၉ဝရှိတဲ့ တီယန်ဇွပ်တံတား၊ မီတာ ၆၀ ရှိတဲ့ ဒရုခတံတားနဲ့ ၉၂မီတာရှိတဲ့ နန့်မြစ်ခတံတား Phase ၁ တို့ ဖြစ်ပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ်ကပြောသည်။

ထို့ပြင် ကျေးလက်လမ်းဖွံ့ ဖြိုးရေးဦးစီးဌာနမှ၂၀၁၈ ခုနှစ်အတွင်း ကျေးလက်လမ်း လုပ်ငန်းပေါင်း ၃၈၃ မိုင်နှင့် တံတားလုပ်ငန်းပေါင်း ၃၆၃ ခုကို ခွင့်ပြုရန်ပုံငွေကျပ် ၃၉ ဘီလီယံဖြင့် တည်ဆောက် ပေးနိုင်ခဲ့သည်။

လျှပ်စစ်ကဏ္ဍ

ပြည်နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ပူတာအိုခရိုင်အတွင်းရှိ အထက်နမ့်ထွမ် ရေအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်ပေးနိုင်ခဲ့ပြီး ပူတာအိုမြို့ပေါ် ရပ်ကွက်၁၀ ရပ်ကွက်နှင့် မချမ်းဘောမြို့ပေါ် ရပ်ကွက်လေးရပ်ကွက် အပါအဝင် ပတ်ဝန်းကျင်ရှိ ကျေးရွာ၂၃ ရွာတို့ကို ၂၄ နာရီ လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။

အထက်နမ့်ထွမ်ချောင်း ရေအားလျှပ်စစ် စီမံကိန်းသည် ပူတာအိုမြို့၏ အနောက်ဘက် ခုနစ်မိုင်အကွာတွင် တည်ရှိပြီး စက်တပ်ဆင်အင်အား ၃ ဒသမ ၂ မဂ္ဂါဝပ်ရှိရာ နှစ်စဉ်ပျမ်းမျှ ကီလိုဝပ်နာရီ ၁၄ ဒသမ ၃ သန်း ထုတ်လုပ်နိုင်ကြောင်း သိရသည်။

“မိုးညှင်းခရိုင် ဖားကန့်ဒေသ လျှပ်စစ်မီးလင်းရေး အတွက် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၁၃ ဒသမ ၅၉ ဘီလီယံနဲ့ ၆၆ ကေဗွီ မိုးကောင်း-ဖားကန့် ဓာတ်အားလိုင်း ၅၅ မိုင် တည်ဆောက်ပြီး ဖားကန့်မြို့ပေါ် ရပ်ကွက်တွေကို ၂၄ နာရီ မီးပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ဗန်းမော်ခရိုင် ရွှေကူ - ကျွန်းတော် - မိုးစစ် ဧရာဝတီမြစ်ကျော် ဓာတ်အားလိုင်းကို ပြည်နယ်အစိုးရ ရန်ပုံငွေကျပ် ၇၀၇ သန်းနဲ့ ဓာတ်အားလိုင်း တိုးချဲ့တည်ဆောက်ပေးခဲ့ပြီး ဧရာဝတီမြစ် အနောက်ဘက်ကမ်း ကျေးရွာ ကိုးရွာကို လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားသည်။

ရွှေကူ-ကျွန်းတော်-မိုးစစ်(ဧရာဝတီ) မြစ်ကျော် ဓာတ်အားလိုင်းကို ပြည်နယ်အစိုးရ အဖွဲ့မှ ဆောင်ရွက် ပေးနိုင်ခဲ့သည့်အတွက် ဧရာဝတီမြစ် တစ်ဖက်ကမ်းရှိ ကျွန်းတော်ဘုရား တည်ရှိရာ ကျွန်းတော်ရွာနှင့် ကျွန်းတော်၊ မိုးစစ်၊ ပေါက်ကုန်း၊သင်္ဘောအင်း၊ ရေလယ်၊ ရွှေချောင်းသာ၊ ဆင်တပရွှေပဒေသာနှင့် မဟာနဒီစသော ကျေးရွာကိုးရွာအား လျှပ်စစ်မီးရရှိနေပြီဖြစ်သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ

ပြည်နယ်ဆက်သွယ်ရေးကဏ္ဍ တိုးတက်ရန်အတွက် တာဝါတိုင်ပေါင်း ၂၈၈ တိုင် စိုက်ထူနိုင်ခဲ့ပြီး မိုလ်ဘိုင်းစခန်းပေါင်း ၅၁၄ ခုကို ဖွင့်လှစ်နိုင်ခဲ့သည်။

“ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ တိုးတက်ဖို့အတွက် မိုးညှင်းမြို့ ယာဉ်ရပ်နားစခန်းကို ငွေကျပ် ၉ ဘီလီယံနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ဗန်းမော်မြို့အတွက် ယာဉ်ရပ်နား စခန်းကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် မြန်မာ့မီးရထားက ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်ကစပြီး မြစ်ကြီးနား-မန္တလး အစုန်အဆန် လေအိတ်ရထားသစ်ပြေးဆွဲနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောပြသည်။

ပြည်နယ်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသည့် ကဏ္ဍ တစ်ခုဖြစ်သည့်အတွက် ပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်အတွင်း ပညာရေးကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေးကို ဦးစားပေးကဏ္ဍတစ်ခုအဖြစ် အကောင်အထည်ဖော်လျက်ရှိသည်။

ပညာရေးကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အခြေခံပညာကျောင်းပေါင်း ၁၂၅ ကျောင်းကို အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းပေါင်း ၁၃၄ ကျောင်းနှင့် ဝန်ထမ်းအိမ်ရာ ခုနစ်လုံးတို့ကို ငွေကျပ်ကျပ် ၁၀ ဘီလီယံ ဖြင့် တည်ဆောက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေးကဏ္ဍ

ပြည်နယ်သူ ပြည်နယ်သားများအားလုံးကို လွှမ်းခြုံနိုင်သည့် ကျန်းမာရေး ဝန်ဆောင်မှု ရရှိနိုင်ရန် ပြည်နယ်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြစ်ကြီးနားမြို့ ခုတင် ၅၀၀ ဆံ့ ဆေးရုံကြီး လူနာဆောင် RC လေးထပ်အဆောက်အဦကို ရန်ပုံငွေကျပ် ၃ ဒသမ ၄ဘီလီယံဖြင့် ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်နယ်ကုသရေးဦးစီးဌာနမှူးရုံး RC နှစ်ထပ် ဆောက်လုပ်ခြင်း လုပ်ငန်းကို ရန်ပုံငွေကျပ်၅ ဘီလီယံဖြင့် ဆောင်ရွက်လျက် ရှိသည်။

“ပြည်သူတွေ ကျန်းမာသန်စွမ်းပျော်ရွှင်ဖို့အတွက် အများပြည်သူ အပန်းဖြေအနားယူနိုင်ဖို့ မြစ်ကြီးနားမြို့က စိမ်းမြဧရာပန်းခြံနဲ့ မင်းရပ်အားကစားကွင်း၊ မိုးညှင်းမြို့နယ်မှာ စိမ်းလဲ့သာယာ ပန်းခြံနဲ့ ဝိုင်းမော်မြို့နယ်မှာ ဧရာမော်ပန်းခြံတွေကို ပြုပြင်တည်ဆောက်တာ၊ အားကစားပစ္စည်းတွေ ထပ်မံဖြည့်ဆည်းတာတွေကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ်က ရှင်းပြသည်။

ပြည်သူ့ဝန်ထမ်းများအတွက်အိမ်ရာများဖော်ဆောင်

ပြည်နယ်အတွင်းရှိ ပြည်သူ့ဝန်ထမ်းများအတွက် မြို့ပြနှင့်အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းအိမ်ရာ ၁၆ လုံးကို ခွင့်ပြုရန်ပုံငွေကျပ် ၅ ဘီလီယံဖြင့် ဆောက်လုပ်ပေးနိုင်ခဲ့သည်။ ထို့ပြင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍမှ ဝန်ထမ်းအိမ်ရာ များအပါအဝင် အဆောက် အဦများကို ခွင့်ပြုငွေ ကျပ် ၁၆ ဘီလီယံဖြင့်ဆောင်ရွက်ပေးခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ မှသိရှိရသည်။

လယ်ယာကဏ္ဍ

ပြည်သူများ၏ လူမှုစီးပွားဖွံ့ ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် လယ်ယာကဏ္ဍ အဆင့်မြှင့်တင်နိုင်ရေးနှင့် ဖွံ့ ဖြိုး တိုးတက်မှုရရှိရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် တောင်သူ လယ်သမားများအတွက် စက်မှုလယ်ယာဦးစီးဌာနမှ ပြည်နယ်အတွင်းရှိ လယ်ယာမြေ ၆၁၅ ဧကကို ဖော်ထုတ် ပေးနိုင်ခဲ့ပြီး ဧက ၃၀၀ကျော်ကို ခွင့်ပြုရန်ပုံငွေကျပ် ၃၄၇ သန်းဖြင့် သိပ္ပံနည်းကျ စနစ်တကျ လယ်ယာမြေ ဖော်ထုတ်ပေးနိုင်ခဲ့သည်။

“မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေကျေးရွာ ၃၁၅ ရွာက တောင်သူ ၃၀၀၀၀ ကျော်တို့ရဲ့ လယ်ဧက ၂၂၉၆၈၅ ဧကအတွက် စိုက်ပျိုးစရိတ် ချေးငွေကျပ် ၃၂၂ သန်းကို ထုတ်ချေး ပေးနိုင်ခဲ့ပါတယ်။ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်ပုံစံ ၇ကို ဦးပိုင်ပေါင်း တစ်သိန်းကျော်မှ တောင်သူပေါင်း ၈၉၈၃၅ ဦးအတွက် ဧကပေါင်း ၄၈၀၀၂၂ ဧကကို ဥပဒေနဲ့အညီ ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ နစ်နာသူ တောင်သူတွေအတွက် မြေယာကိစ္စရပ်တွေဖြေရှင်း ဆောင်ရွက်တဲ့အခါ အမှုတွဲပေါင်း ၂၃၀ နဲ့မြေဧရိယာ ၃၉၂၇၇ ဧကကို မူလပိုင်ရှင် တောင်သူ၁၃၃၅ ဦးထံကို နိုင်ငံတော် သမ္မတ လမ်းညွှန်မှာကြားချက်နဲ့အညီ အပြီးအပြတ် လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်” ဟု ပြည်နယ် ဝန်ကြီးချုပ်က ပြောသည်။

သစ်တောနှင့် သတ္တုကဏ္ဍ

ပြည်နယ်အတွင်းမှ သယံဇာတတူးဖော် ထုတ်လုပ်မှုအနေဖြင့် ဓာတ်သတ္တု၊ သစ်၊ ရွှေနှင့် ကျောက်စိမ်းတို့ကို တူးဖော်ထုတ်လုပ်လျက်ရှိသည်။

“၂၀၁၈ ခုနှစ်အတွင်းမှာ ဓာတ်သတ္တုရိုင်း၆၈၂၈၃ မက်ထရစ်တန်၊ ခဲ၊ သွပ် မက်ထရစ် တန်၂၆၀၀၊ မာဘယ်မက်ထရစ်တန် ၁၃၄၀၀၊ ကြေးနီမက်ထရစ်တန် ၃၁၀၊ ခဲ၊ ကြေးနီရောရာ မက်ထရစ်တန် ၃၃၀၀၊ ခဲ၊ သွပ်သတ္တု မက်ထရစ်တန်၁၀၂၀၀၊ ခဲ၊ သွပ် ရောရာမက်ထရစ်တန် ၁၃ဝနဲ့ ခဲသတ္တုမက်ထရစ်တန် ၆၀၀၀ ကို တူးဖော်ခဲ့ပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ်က ဆိုသည်။

အလားတူ သစ်ထုတ်လုပ်မှုတွင် သစ်မာတန် ၁၆၉၁၁ တန်၊ ရွှေတူးဖော်မှုတွင် ရွှေ ၈၀၈ ကျပ် သားနှင့် ကျောက်စိမ်းတူးဖော်မှု ၂၅၃၄၅ တန်ထုတ်လုပ်ခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

“တရားမဝင် ကျွန်းသစ်နဲ့ အခြားသစ်တွေဖမ်းဆီးရရှိမှု အနေနဲ့ ကျွန်းသစ် ၉၅၂ တန်၊ သစ်မာ၄၅ တန်၊ အခြားသား ၃၇၂ တန် စုစုပေါင်း ၁၃၆၉တန် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကျောက်စိမ်း ၂၂၅၃၆ ပိဿာကို ဖမ်းဆီးရရှိခဲ့ပါတယ်” ဟုပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

ပြည်နယ်ရှိ လုံးခင်းနဲ့ ဖားကန့်ရတနာမြေ ကျောက်မျက်ရတနာ တူးဖော်ရာတွင် လုပ်ငန်းခွင် မြေပြိုကျခြင်းနှင့် အခြားဘေးအန္တရာယ်များကင်းရှင်းရန်အတွက် လုပ်ကိုင်ခွင့်ရ လုပ်ကွက်များနှင့် ဆက်စပ်လျက်ရှိသည့် မြေနေရာများကို ခေါင်မိုးမြေစာဖယ်ရှားခွင့်နှင့် တူးဖော်ထွက်ရှိလာသည့် မြေစာများစွန့်ပစ်နိုင်ရန် မြေစာပစ်လမ်းဖောက်လုပ်ခြင်း များအတွက် မြေအသုံးပြုခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီ အမိန့်ကြော်ငြာစာထုတ်ပြန်၍ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့များ ဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဥရုချောင်းနှင့် ချောင်းလက်တက်များရှင်းလင်းရေးကို စီမံချက်များ ရေးဆွဲဆောင်ရွက် လျက်ရှိပြီး လုံးခင်းနှင့် ဖားကန့်ရတနာမြေအတွင်း ကျောက်စိမ်းတူးဖော်ထုတ်လုပ်သည့် ကုမ္ပဏီ၊ သမအသင်းတို့၏ ကျောက်မျက်ကုမ္ပဏီများက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် မိုးရာသီကာလ သစ်ပင်ပေါင်း ၁၄၇၅၀၁ ပင်စိုက်ပျိုးထားရှိကြောင်း သိရသည်။

အကျိုးတူ/ပုဂ္ဂလိက ကျောက်မျက်ကုမ္ပဏီ ၅၇ ခုတို့က တူးဖော်ပြီး မြေပြုပြင်ထားသော ကျောက်ကြော မကျန်ရှိတော့သည့် သက်တမ်းကုန် လစ်လပ်လုပ်ကွက်များနှင့် မြေစာထပ်မံ စွန့်ပစ်ခြင်း မရှိတော့သည့် စုပေါင်းမြေစာပုံနေရာ ၁၆ ခုတို့တွင် အကေးရှားအပါအဝင် သစ်ပင်မျိုးစုံကို ဖားကန့်မြို့နယ် သစ်တောဦးစီးဌာနနှင့် ပူးပေါင်းကာ သစ်ပင်ပေါင်း ၆၁၅၃၂ ပင် ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုကဏ္ဍ

ပြည်နယ်အစိုးရ အနေဖြင့် ပြည်နယ်၏ စီးပွားရေးဖွံ့ ဖြိုးမှုရရှိရန် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိပြီး တတိယ (၁)နှစ်တာကာလအတွင်း နိုင်ငံသား ကုမ္ပဏီ ၁၀၃ ခု၊ နိုင်ငံခြားသားကုမ္ပဏီ လေးခု၊ လုပ်ငန်းရည်ရွယ်ချက် တိုးမြှင့်ခြင်းနှစ်ခုနှင့် ကုမ္ပဏီသက်တမ်း တိုးခြင်း ခုနစ်ခုရှိကြောင်း သိရှိရသည်။

ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ

ပြည်နယ်အတွင်းရှိ မြစ်ချောင်းအနီးတစ်ဝိုက်တွင် နေထိုင်သည့် ပြည်သူများ ရေကြီးရေလျှံ သည့် သဘာ၀ဘေးအန္တရာယ်မှ ကင်းလွတ်ရန်အတွက် ကမ်းပြိုကာကွယ်ရေး လုပ်ငန်း များကို ပြည်နယ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်လျက်ရှိပြီး တတိယ(၁)နှစ်တာ ကာလအတွင်း မြစ်ကြီးနားခရိုင်တွင် ကိုးခု၊ ဗန်းမော်ခရိုင်တွင် ၁၀ ခု၊ မိုးညှင်းခရိုင်တွင် ခြောက်ခုနှင့် ပူတာအိုခရိုင်တွင် ခုနစ်ခု စုစုပေါင်း ၃၂ ခုကို ခွင့်ပြုရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့သည်။

သဘာ၀ဘေးအန္တရာယ်ပြန်လည်ထူထောင်ရေး

မိုးသည်းထန်စွာ ရွာသွန်းမှု၊ ရေကြီးမှုနှင့်ကြွက်ဖျက်ဆီးမှုစသည့် သဘာ၀ဘေးများကြောင့် ပျက်စီးသွားသည့် စိုက်ပျိုးမြေ ၁၅၅၃ ဧကအတွက် ငွေကျပ်ကျပ် ၄၉၆ သန်းကို ထောက်ပံ့ပေးနိုင်ခဲ့သည်။

ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ သဘာ၀ဘေးကြောင့် ခံစားခဲ့ရတဲ့ အိမ်ထောင်စု ၄၆၇၉ စု၊လူဦးရေ ၂၅၅၆၈ ဦး၊ သေဆုံးသူ ၈၃ ဦးနဲ့ ဒဏ်ရာရသူ ၈၂ ဦးတို့အတွက် ထောက်ပံ့ ပစ္စည်းနဲ့ ထောက်ပံ့ငွေ တန်ဖိုးငွေ ကျပ် ၃၁၃ သန်းကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း မီးဘေး၂၃ ကြိမ်၊ ရေဘေးခုနစ်ကြိမ်၊ ကမ်းပြိုဘေး ခြောက်ကြိမ်၊ လေဘေး ၁၄ ကြိမ်၊ မြေစာပြိုဘေး ၁၈ ကြိမ်၊ မိုးကြိုးဘေး တစ်ကြိမ်၊ မိုင်းကွဲ ၁၅ ကြိမ်၊ ဓာတ်လိုက်တစ်ကြိမ်၊ တိုက်ပွဲရှောင် ၁၃ ကြိမ်နှင့်အခြားဘေး တစ်ကြိမ်၊ စုစုပေါင်း ၉၉ ကြိမ်တွင် အိမ်ထောင်စု ၁၇၃၁ စုအတွက် ကယ်ဆယ်ရေး ပစ္စည်း ၁၇၃၁ ခု၊ ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် သဘာ၀ဘေးကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူများအတွက် ထောက်ပံ့ပေးမှု ငွေကျပ် ၁၃၃၅၄၃၇၅၀ ထောက်ပံ့ပေးခဲ့သည်။

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း မီးဘေး ၁၈ ကြိမ်၊ ရေဘေးသုံးကြိမ်၊ ကမ်းပြိုဘေး ခြောက်ကြိမ်၊ လေဘေး ၁၁ ကြိမ်၊ မြေစာပြိုဘေး ကိုးကြိမ်၊ မိုးကြိုးဘေး သုံးကြိမ်၊ မိုင်းကွဲ ရှစ်ကြိမ်၊ တိုက်ပွဲရှောင် ၂၅ ကြိမ်နှင့် အခြား နှစ်ကြိမ် စုစုပေါင်း ၈၅ ကြိမ်တွင် အိမ်ထောင်စု ၃၈၄၆ စု အတွက် ကယ်ဆယ်ရေးပစ္စည်း ၅၈၀၊ စားနပ်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးနှင့် သဘာ၀ ဘေးကြောင့် သေဆုံးသူများအတွက် ထောက်ပံ့ပေးမှု ငွေကျပ် ၂၂၈၈၂၈၉၇၅ ကျပ် ထောက်ပံ့ ပေးခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှ ဖေဖော်ဝါရီလအတွင်း မီးဘေး ၁၈ ကြိမ်၊ ကမ်းပြိုဘေး လေးကြိမ်၊ မြေစာပြိုဘေး လေးကြိမ်၊ မိုင်းနင်း ကိုးကြိမ်၊ တိုက်ပွဲရှောင် ၁၀ ကြိမ်နှင့်အခြား လေးကြိမ် စုစုပေါင်း ၄၉ ကြိမ်တွင် အိမ်ထောင်စု ၈၃၁ စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၈၁ ခု၊ စားနပ်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်း တန်ဖိုးနှင့် သဘာ၀ဘေးကြောင့် သေဆုံးသူများအတွက် ထောက်ပံ့ပေးမှုငွေကျပ် ၈၄၅၈၀၈၀၀ ထောက်ပံ့ပေးခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ်သိန်း ၃၀၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ လှူဒါန်းငွေများကို စစ်ဘေးရှောင် ပြည်သူများအတွက် စားနပ်ရိက္ခာ ထောက်ပံ့ခြင်း၊ ဝက်မွေးမြူရေး လုပ်ငန်းများအတွက် အရင်းအနှီး ထုတ်ပေးခြင်း၊ စက်ချုပ်၊ ယာဉ်မောင်း၊ မိုလ်ဘိုင်း ဖုန်းပြင်သင်တန်းများနှင့် သုံးဘီးဆိုင်ကယ် ဝယ်ယူပေးခြင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဗန်းမော် IDP Camp မှ ကလေးငယ် နှစ်ဦးကို နားမကြားကျောင်းသို့ ပို့ဆောင်ပေးခြင်းတို့ အတွက် သုံးစွဲခဲ့ကြောင်း ပြည်နယ်အစိုးရ အဖွဲ့မှ သိရှိရသည်။

လွှတ်တော်ကဏ္ဍ

၂၀၁၈ ခုနှစ်အတွင်း ပုံမှန်အစည်းအဝေးကို သုံးကြိမ်ကျင်းပခဲ့ပြီး အဆို ၁ဝခု၊ ကြယ်ပွင့်ပြမေးခွန်း ၂၂၁ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၁၇ ခုမေးမြန်းေ ဆာင်ရွက်ခဲ့သည်။ အထူးအစည်းအဝေး တစ်ကြိမ် ကျင်းပခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်း ၃၇ ခုမေးမြန်းဆောင်ရွက်ခဲ့သည်။

ဒုတိယအကြိမ် ကချင်ပြည်နယ် လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ကချင် ပြည်နယ် မြေယာအခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေနှင့် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် ကချင်ပြည်နယ် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်းဥပဒေ စုစုပေါင်းနှစ်ခုကို အတည်ပြုနိုင်ခဲ့သည်။

“ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက်တွေဟာ ပြီးပြည့်စုံတယ်လို့ မယူဆပါဘူး။ လိုအပ်ချက်တွေ၊ မပြည့်စုံမှုတွေ ရှိနေဦးမယ်လို့ မှတ်ယူထားပါတယ်။ ဒါကြောင့် လာမယ့်နှစ်တွေမှာ ဒေသဖွံ့ ဖြိုးရေး နဲ့ ပြည်သူတွေရဲ့ဘ၀ သာယာ၀ပြောရေးအတွက် ဆတက်တိုးပြီး ကြိုးပမ်းဆောင်ရွက် သွားမယ်” ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားသည်။

ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်သူများအတွက် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လိုအပ်ချက်များ တည်ရှိနေနိုင်သော်လည်း ၎င်းတို့တာဝန်ယူဆောင်ရွက်သည့် သုံးနှစ်တာကာလ ကိုကောင်းစွာ ဖြတ်ကျော်ခဲ့ပြီးဖြစ်သည်။ ထို့အတူ ကျန်ရှိနေသည့် အစိုးရသက်တမ်းကာလအတွင်း ပြည်သူမှရွေးချယ်ထားသည့် ပြည်သူ့အစိုးရဖြစ်သည်နှင့် အားလျော်စွာ ပြည်သူတို့၏ လိုအပ်ချက် များကို ဆတက်တိုး၍ ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။ ။

ဆောင်းပါး - ရှင်မင်း၊ ဓာတ်ပုံစုစည်း - အေးသန်း