အမုန်းစကားနှင့် မမှန်ကန်သော သတင်းအချက်အလက်များကို တိုက်ဖျက်ခြင်း (၂၀၂၀) ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်းများကို အားပေးပံ့ပိုးခြင်း အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / May 08, 2019
image_latest


နေပြည်တော် မေ ၈

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် International Foundation for Electoral Systems (IFES)၊ International Republican Institute (IRI)၊ National Democratic Institute (NDI) တို့ ပူးပေါင်းပြုလုပ်သည့် အမုန်းစကားနှင့် မမှန်ကန်သော သတင်းအချက် အလက်များကို တိုက်ဖျက်ခြင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်းများကို အားပေးပံ့ပိုးခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း တက်ရောက် အမှာစကား ပြောကြားသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားပြု ကိုယ်စားလှယ်များနှင့် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲ အရာရှိများ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို စံ (၅) ချက်နှင့်အညီ ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကာလတွင် နိုင်ငံရေး ပါတီများအနေဖြင့် မဲဆွယ်စည်းရုံးမှု ပြုလုပ်ကြမည်ဖြစ်ရာ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖက်နှင့် တစ်ဖက် အမုန်းစကားများ၊ သတင်းမှားများဖြင့် တိုက်ခိုက်မှုများ မပြုလုပ်ကြရန်လိုကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများတွင် အမုန်းစကား များနှင့် တိုက်ခိုက်မှုများ ရှိခဲ့သော် လည်း ကန့်ကွက်မှုများမပြုခဲ့ကြကြောင်း၊ ၂၀၁၅ ခုနှစ် မေ (၁၅) ရက်တွင် နိုင်ငံရေးပါတီ အားလုံး သဘောတူညီမှုဖြင့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်း များအတွက် ကျင့်ဝတ် (Code of Conduct for Political Parties and Candidates) ကို ရေးဆွဲ အတည်ပြုခဲ့ပါကြောင်း၊ မဲဆွယ်စည်းရုံးရေးကာလအတွင်း အခြားပါတီများအား အသရေဖျက်ခြင်း၊ ပုတ်ခတ်ခြင်းမပြုရန်၊ နိုင်ငံရေးပါတီ (သို့မဟုတ်) ကိုယ်စားလှယ်လောင်း တစ်ဦးကို ဝေဖန်ပြောဆိုမှု များပြုလုပ်ရာတွင် အခြေအမြစ်မရှိဘဲ (သို့မဟုတ်) မဟုတ်မမှန်လုပ်ကြံစွပ်စွဲသော ဝေဖန်ပြောဆိုမှုများ မပြုလုပ်ရန်နှင့် ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ ခွဲခြားဆက်ဆံ မှုပြုသော သုံးနှုန်းပြောဆိုမှုများ မပြုလုပ်ရန် ကတိကဝတ်ပြုထားပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂)တွင် အမျိုးသမီးများ၊ တိုင်းရင်းသားလူမျိုးများနှင့် မသန်စွမ်းသူ များအားလုံး ပါဝင်ဆောင်ရွက်မှု မြှင့်တင်ရန်အတွက် ကဏ္ဍစုံမှ ပါဝင်ပတ်သက် သူများနှင့် ဆက်ဆံခြင်း၊ အားလုံးပါဝင်မှု မြှင့်တင်ခြင်းအခန်းများကို ထည့်သွင်းရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ(၉၁)ပါတီမှ လွှတ်တော် ကိုယ်စားလှယ် လောင်းများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း (၆၀၃၈) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများတွင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း (၇၉၃) ဦး ပါဝင်ခဲ့ပြီး (၁၅၁) ဦး အနိုင်ရရှိခဲ့ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ တာဝန်ပေးအပ်ရာတွင်လည်း အမျိုးသမီးများပါဝင်မှု တိုးတက်လာအောင် ဆောင်ရွက်ပေး ခဲ့ကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသူများက အမုန်းစကားနှင့် မမှန်ကန်သော သတင်းအချက်အလက်များကို တိုက်ဖျက်နိုင်မည့် နည်းလမ်းများ၊ ရွေးကောက်ပွဲများတွင် ကျား/မတန်းတူညီမျှရေး၊ အမျိုးသမီးများကဏ္ဍမြှင့်တင်ရေးနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြသည်။ ဆွေးနွေးပွဲကို (၂) ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)