ကြာအင်းဆိပ်ကြီး-တဂေး-ခုတ်ခွား-ကျိုက်ဒုံသွား ကတ္တရာလမ်းသစ်အား ကရင်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
ကြာအင်းဆိပ်ကြီး-တဂေး-ခုတ်ခွား-ကျိုက်ဒုံသွား ကတ္တရာလမ်းသစ်အား ကရင်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / May 10, 2019
ဘားအံ - မေ(၉)
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီး-တဂေး-ခုတ်ခွား-ကျိုက်ဒုံသွား လမ်းသည် ကော့ကရိတ်မြို့မှတစ်ဆင့် မြဝတီနယ်စပ်မြို့ သို့လည်းကောင်း၊ ဘုရားသုံးဆူနယ်စပ်မြို့သို့လည်းကောင်း၊ မွန်ပြည်နယ်၊ မုဒုံ၊ မော်လမြိုင်မြို့များသို့လည်းကောင်း ဆက်သွယ်သွားလာနိုင်ပြီး အဆိုပါလမ်းအပိုင်း(၂၈)မိုင်၊ အကျယ်(၁၈)ပေရှိ ကတ္တရာလမ်းသစ်အား မေလ(၉)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ဖွင့်လှစ်ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ငြိမ်းချမ်းရေးအဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။
လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က အမှာစကားပြောကြားရာတွင် ဒီနေ့ဖွင့်လှစ်လိုက်တဲ့ ကြာအင်းဆိပ်ကြီး-တဂေး-ခုတ်ခွား-ကျိုက်ဒုံသွား ကတ္တရာလမ်းသစ်ကို ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးမှုနဲ့ဒေသအတွင်းနေထိုင်ကြသည့် တိုင်းရင်သားအားလုံး သွေချင်းညီနောင်များသဖွယ် အလွယ်တကူ ကူးလူးဆက်ဆံနိုင်ရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တည်ဆောက်ရခြင်းဖြစ်ပါကြောင်း၊ ဒီလမ်းကြီးဖြစ်လာသည်မှာလည်း ငြိမ်းချမ်းရေးကြောင့်ဖြစ်ပြီး နိုင်ငံတော်ရဲ့စေတနာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်လမ်းညွှန်မှု၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုများကြောင့် လမ်းပန်းဆက်သွယ်ရေး လွယ်ကူလျှင်မြန်စွာအသုံးပြုနိုင်သည့် လမ်းတစ်ခုဖြစ်တာကို ဒေခံပြည်သူများအနေဖြင့် ပိုမိုသိနိုင်ကြမည် ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကျော်လင်းက လမ်းတည်ဆောက်မှုနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားရာတွင် ကြာအင်းဆိပ်ကြီး-တဂေး-ခုတ်ခွား-ကျိုက်ဒုံသွား ကတ္တရာလမ်းသစ်ဟာဆိုရင် ယခင်စစ်ဆင်ရေးသုံးလမ်းကြောင်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှစတင်ပြီး မြေသားတာဘောင်တင်ခြင်း၊ ချောင်းကျောက်ခင်းခြင်း လုပ်ငန်းများဖြင့် အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်တော့ ယခုလိုကတ္တရာလမ်းသစ်ခင်းခြင်း အပြီးသတ်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနဲ့အညီ ဝန်ကြီးဌာနအနေဖြင့် အခြေခံအဆောက်အဦများဖြစ်တဲ့ လမ်းတံတားများကို လိုအပ်သည့်နေရာများတွင် တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ပေးနေလျှက်ရှိပါကြောင်း ပြောကြားခဲ့ပြီး ဒေသခံတစ်ဦးဖြစ်သူ ဦးစောဒါးဒါးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ကြာအင်းဆိပ်ကြီး-တဂေး-ခုတ်ခွား-ကျိုက်ဒုံသွား ကတ္တရာလမ်းသစ်အား ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ကရင်ပြည်နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊သစ်တော၊သတ္တုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောတင်ဝင်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးယှားဖေါင်အွာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာကြသူများနှင့်အတူ လမ်းသစ်အား ဖြတ်သန်းကြည့်ရှုကြကြောင်း သိရသည်။
ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဆောင်ရွက်သော ပဉ္စမအကြိမ်မြောက်ကုလသမ္မဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် လမ်းဖွင့်ပွဲသို့ တက်ရောက်လာကြသော ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ် ဝန်ကြီးများ၊ ဒေသခံတိုင်းရင်းသားများသည် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးပညာပေးခြင်းအခမ်းအနားသို့ တက်ရောက်ပြီး မော်တော်ဆိုင်ကယ်စီး ဦးထုတ်များကို ဒေသခံတိုင်းရင်းသားများအား ပေးဝေခဲ့ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားကျန်းမာရေးကွန်ယက် နယ်လှည့်ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ အခမဲ့ ဆေးလာရောက်ကုသပေးရာ ဆေးလာရောက်ကုသသည့် တိုင်းရင်သားပြည်သူများအား နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။


