ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ လွိုင်ကော်မြို့သို့ ဒေသစာရီ ကြွချီအပူဇော်ခံ
ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ လွိုင်ကော်မြို့သို့ ဒေသစာရီ ကြွချီအပူဇော်ခံ
Ministry of Information/ နေပြည်တော် / May 12, 2019

လွိုင်ကော် မေ ၁၂
ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တို့သည် ယနေ့ညနေပိုင်းတွင် ကယားပြည်နယ်၏ မြို့တော် လွိုင်ကော်မြို့သို့ ဒေသစာရီ ကြွချီ အပူဇော်ခံသည်။
စကျင်ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တို့အား ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့မှ လွိုင်ကော်မြို့သို့ ပင့်ဆောင်၍ ဒေသစာရီကြွချီ အပူဇော်ခံရာ လမ်းခရီးတလျှောက်တွင် ဌာနဆိုင်ရာများ၊ မြို့သူမြို့သားများ၊ ဘာသာရေးအသင်း အဖွဲ့များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံတိုင်းရင်းသားများက ဖူးမြော်ကြည်ညိုကြပြီး စေတီတော်ကြီး တည်းထားကိုးကွယ်ရေး အတွက် အလှူငွေများ လှူဒါန်းကြသည်။
ယင်းနောက် ကယားပြည်နယ်၏မြို့တော် လွိုင်ကော်မြို့အဝင်သို့ ရောက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျော်လင်းမောင် ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတင်မြင့်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ မြို့နာမ်စေတီတော် ဂေါပက အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားများ၊ မြို့မိမြို့ဖများ၊ ဘာသာရေး အသင်းအဖွဲ့များ၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူများက မင်္ဂလာစည်တော်၊ ဒေဝါဝင်း၊ ရာဇာဝင်းများခြံရံ၍ လွိုင်ကော်မြို့ မြို့နာမ်စေတီတော်သို့ စည်ကားသိုက်မြိုက်စွာ ကြိုဆိုပင့်ဆောင်ကြသည်။
ထို့နောက် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တို့အား ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက မြို့နာမ်စေတီတော်အား လက်ယာရစ်သုံးပတ် လှည့်လည်ပူဇော်၍ ယာယီအပူဇော်ခံမည့် မင်္ဂလာမဏ္ဍပ်သို့ ပင့်ဆောင်ကြသည်။
ည ၇ နာရီခွဲတွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက က စကျင်ဗုဒ္ဓရုပ်ပွား တော်များ၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်များ ပင့်ဆောင်ပူဇော်ခြင်း အထိမ်းအမှတ် ငြိမ်းချမ်းရေးတရားတော်များကို လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီး၌ ဟောကြားချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့က တရားတော်ကို နာယူကြည်ညိုကြသည်။ တရားပွဲအပြီးတွင် ထာဝရငြိမ်းချမ်းရေး စေတီတော် တည်ထားကိုးကွယ်ရေး အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
(ဟန်လင်းနိုင်)