ရေရှားပါးသော ဒေသများတွင် စက်ရေတွင်းတူးဖော်၊ သောက်သုံးရေများ လှူဒါန်းပေးဝေ


Ministry of Information/ ​နေပြည်တော် / May 13, 2019
image_latest


 

ရန်ကုန် မေ ၁၂

ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် နိုင်ငံတစ်ဝန်းရှိ ရေရှားပါးမှု ဖြစ်ပေါ်နေသော ဒေသများမှ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် စက်ရေတွင်းများ တူးဖော်လှူဒါန်းပေးခြင်း၊ ရေသယ်ယာဉ်များဖြင့် ရေဖြန့်ဝေပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဖောင်ဒေးရှင်းသည် ၂၀၁၄ ခုနှစ်မှစ၍ ရေရှားပါးသော ဒေသများရှိ ပြည်သူများ သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးလျက်ရှိရာ ယခုနှစ် နွေရာသီကာလများတွင် မြန်မာနိုင်ငံ တစ်ဝန်းရှိ ပရဟိတ အသင်းများသို့ လှူဒါန်းထားသည့် ရေသယ်ယာဉ် ၄၇ စီးဖြင့် ရေလိုအပ်နေသော နေရာဒေသများသို့ ဖြန့်ကြက် လှူဒါန်းပေးလျက်ရှိသည်။

မေ ၁၁ ရက်က ဖောင်ဒေးရှင်းမှ လှူဒါန်းထားသည့် ရေသယ်ယာဉ်သစ်များဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၊ အံ့ကြီးအရှေ့နှင့် စံပြကျေးရွာရှိ အိမ်ခြေ ၂၀၀ ခန့် အတွက် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိ ကျန်းမာရေးရပ်ကွက်နှင့် နန်းရှေ့အတုမရှိ ကျောင်းတိုက်မှ သီရိသစ္စာကျောင်းများ အတွက်လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး ဝက်လက်မြို့နယ် မြင်တော် ကျေးရွာတွင် လည်းကောင်း၊ ရှမ်းပြည်နယ် ပင်းတယမြို့ ရှားပြားကျေးရွာနှင့် တောင်ကြီးမြို့ အောင်သပြေ အမှတ်(၃)၊ (၄)နှင့်(၅) ရပ်ကွက်များတွင် လည်းကောင်း သန့်ရှင်းသော သောက်ရေများ လှူဒါန်းပေးခဲ့သည်။

ထို့အပြင် ရေအလွန်ရှားပါးသည့် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ် ကောင်းကျဲ အီကျေးရွာနှင့် လယ်ဝေး မြို့နယ် ဒက္ခိဏသီရိရှိ ချမ်းမြေ့ကျောင်းတို့တွင် စက်ရေတွင်းများ တူးဖော်လှူဒါန်းပေးလျက်ရှိသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ ရေဂါလန် ၃၀၀၀ ဆံ့ ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးသောကြောင့် ဒေသခံ ပြည်သူများ ဝမ်းမြောက်ပျော်ရွှင်လျက်ရှိသည်။ ရေရှားပါးသောဒေသများတွင် သန့်ရှင်းသောသောက်သုံးရေများ အဆင်ပြေ လုံလောက်စွာ သုံးစွဲနိုင်စေရန် စက်ရေတွင်း ၂၀၃ တွင်း တူးဖော်ပေးခြင်း၊ ရေလှောင်ကန်များ ဆောက်လုပ်ပေးခြင်း၊ အိမ်တိုင်ရာရောက် ရေပိုက်များ သွယ်တန်းပေးခြင်း၊ ရေသယ်ယာဉ် ၄၇ စီးကို နိုင်ငံတစ်ဝန်းရှိ ပရဟိတအသင်းများအား လှူဒါန်းပေးခဲ့သည့်အပြင် ဖောင်ဒေးရှင်း ထူထောင်ချိန်မှစ၍ ကဏ္ဍ အသီးသီးတွင် လူမျိုးမရွေး၊ ဘာသာမရွေး နိုင်ငံတော်နှင့် ပြည်သူအတွက် ငွေကျပ် ၁၅၄ ဘီလီယံကျော် လှူဒါန်းခဲ့ပြီး ဖြစ်သည်။

မြန်မာ့အလင်း